Showing posts with label ရင်ရိုး. Show all posts
Showing posts with label ရင်ရိုး. Show all posts

Thursday, November 1, 2018

ကျောက်မီးသွေးမှုန့်တွေကို ပြောင်အောင်မသုတ်သူဗန်ဂိုး

ကျောက်မီးသွေးမှုန့်တွေကို ပြောင်အောင်မသုတ်သူဗန်ဂိုး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                     ( ၁ )

       တက္ကသိုလ်ဝင်တန်း မြန်မာစာပြဋ္ဌာန်းစာအုပ်မှ "မိတဆိုးရှင်ပြု" ကိုယ်တွေ့ဝတ္ထုကို သင်ပေးရသည့်အခါတိုင်း ကျွန်တော်သည် ဦးဖိုးကျားတို့အဖွဲ့နှင့် ဖိုးဝိုင်းအစုရွာသားများ အဖွဲ့ကျနေပုံကို သဘောကျမိပါသည်။ စာဖတ်သူကို ကြည်နူးမှုသန္တရသများ ပေးစွမ်းနိုင်ပါ၏။ အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် လက်ပံတန်းမြို့ အမျိုးသားကျောင်းအုပ်ကြီး ဦးစံရွှေတို့၏ ပေါင်းသင်းဆက်ဆံတတ်မှု၊ ကူညီဖေးမတတ်မှု၊ စာနာသနားတတ်မှုကို ချီးကျူးမိပါသည်။
      မြို့အရပ်မှလာသော အင်္ဂလိပ်စာတတ်ပေတတ်၊ အမျိုးသားပညာဝန်၊ ကျောင်းအုပ်ကြီး စသူတို့က ကိုထွန်းကျော်၏ မိတဆိုးရှင်ပြုပွဲကလေးကို ငွေအားသာမက လူအားဖြင့်လည်း ကူညီကြသည်မှာ တောအရပ်ကရွာသားများကို အံ့အားသင့်စေပါသည်။ ဦးဖိုးကျားတို့လူစုသည် အတင်းဝင်၍ ထင်းခွဲခြင်း၊ ရေခပ်ခြင်း၊ ဆေးကြောခြင်း၊ ကြော်လှော်ခြင်း၊ စသည်တို့ကို အားတိုက်လုပ်ကိုင်ကြ၏။
      ဦးဖိုးကျားက တံမြက်စည်းကို ဟန်ကျပန်ကျလှည်းပြပြီး ဦးစံရွှေကြီးက ပန်းကန်ခွက်ယောက်များကို စင်စင်ကြယ်ကြယ်ဆေးပြလိုက်သောအခါ ရွာသားများသည် အားရပါးရရယ်မောကြပါလေတော့သည်။ ဦးဖိုးကျားတို့အဖွဲ့နှင့် ရွာသူရွာသားများ ချက်ချင်းပင် တသားတည်းဖြစ်သွား၏။ နွေးထွေးပျော်ဝင်သွား၏။ စာဖတ်သူကိုပင် ကူးစက်ခံစားသွားစေပါသည်။
      ဦးဖိုးကျားတို့လူစုကို ရွာသူရွာသားများက သူတို့လူ၊ သူတို့ဘက်တော်သားဟု တခါတည်းယုံမှတ်လိုက်ကြပါသည်။ ဦးဖိုးကျားတို့လူစုသည် မြေနှင့်နီးသောလူများ ဖြစ်ကြ၏။ ရွာသူရွာသားများ၏ နှလုံးသားကတောင်းဆိုသံကို နားလည်တတ်ကြသူများ ဖြစ်ကြပါ၏။

                           ( ၂  )

      မိမိကိုယ်ကိုယ် နိမ့်ကျသူဟု၊ အားနည်းသူဟု လက်ခံထားကြသူများသည် သိမ်ငယ်စိတ်နှင့် ညှိုးမှိန်နေတတ်ကြပါသည်။ အငုံ့စိတ်ကိန်းအောင်းကာ အရာရာမဝံ့မရဲဖြစ်နေတတ်ကြ၏။
       မိမိတို့ကို နှိမ့်ချ၍ဆက်ဆံတတ်သူ၊ ခွဲခြား၍ဆက်ဆံတတ်သူများကို ရှောင်ရှားလိုကြသည်။ မမြင်တွေ့လို။ မပေါင်းသင်းလို။
       ကျွန်တော်သည် ကလေးမြို့နှင့် ကလေးဝမြို့ကြား မြစ်သာမြစ်ဘေးတနေရာရှိ ထုံးဖိုတခုတွင် တလကိုးသီတင်းနေခဲ့ဖူး၏။ ကုမ္ပဏီပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ထုံးဖုတ်အလုပ်သမားများနှင့် အတူတကွနေခဲ့ရ၏။ အလုပ်သမားမိသားစု ခုနစ်စုရှစ်စု ရှိပါသည်။ မိသားတစုလျှင် တတဲနှုန်းဖြင့် တဲကလည်း ခုနစ်တဲရှစ်တဲရှိပါသည်။ ကလေးကလောင်းများကလည်း တိုးလိုးတွဲလောင်းကိုယ်စီဖြစ်ပါ၏။
      ညနေညနေ အလုပ်သိမ်းချိန်ရောက်လျှင် ထုံးဖိုကမ္ဘာလေးသည် ဆူညံပွက်လောရိုက်နေတတ်ပါသည်။ အဝတ်မပါ၊ ကိုယ်တုံးလုံး၊ နှပ်ချေးတတွဲတွဲနှင့် အနာဂတ်၏မျိုးဆက်လောင်းကလေးများသည် အချင်းချင်းဆော်ပလော်တီးနေတတ်ကြသည်။ ကလေးချင်း ရန်ဖြစ်လျှင် အမေချင်း ကလော်တုပ်ကြတော့၏။ အမေချင်း ကလော်တုပ်ကြလျှင် ခပ်ထွေထွေဖြစ်နေကြပြီဖြစ်သော အဖေချင်း အော်ဟစ်ဆဲဆိုကြတော့သည်။
       ဤသို့ ရန်ပွဲက အရှိန်မြင့်တက်လာပြီဆိုလျှင် ထုံးဖိုကို အုပ်ချုပ်နေသူအဖိုးကြီး ဆင်းချလာတော့၏။ လက်ထဲမှာ ကိုင်လာတာက ဂျင်ကလိ။ အဖိုးကြီးက လှည့်ပတ်ကြိမ်းမောင်းလိုက်လျှင် ထုံးဖိုကမ္ဘာလေးသည် ငြိမ်ကျသွားတော့၏။
        အဖိုးကြီးသည် တကယ်လုပ်မည့်သူ ဖြစ်၏။ ကျွန်တော်က အဖိုးကြီးတဲတွင် နေ၏။ ထောင်ထဲမှာတုန်းက သွားတိုက်တံကို ကြမ်းပြင်နှင့်သွေးကာ သူ့ကို ရန်စခဲ့သူ ထောင်သားတဦး၏မျက်လုံးတဖက်ကို ထိုးဖောက်ပစ်ခဲ့သည်ဟု ပြောဖူး၏။ သူကား ရဲဘက်ပြန်တယောက် ဖြစ်ပါ၏။ သူ့အရပ်နှင့် သူ့ဇာတ်သည် ဟပ်၍နေပါတော့သည်။
        ထုံးဖိုကမ္ဘာလေးသည် ပူလောင်အိုက်စပ်နေသော ငရဲကမ္ဘာလေးတခုတော့လည်း မဟုတ်ပါ။ ချစ်မေတ္တာရနံ့ ထုံသင်းနေသော "ရေယဉ်စီးတဲ့ တောမြိုင်သာ"ကလေးတခုလည်း ဖြစ်နေပြန်ပါသည်။ မိသားတစု တတဲဖြင့် အကွဲကွဲအပြားပြားဖြစ်နေသော်လည်း ကွဲပြားနေသောတဲများ ပေါင်းလိုက်သောအခါ မိသားတစုပြန်ဖြစ်သွားပါသည်။ ရန်ဖြစ်ကြလျှင်လည်း ခဏသာဖြစ်၏။ ပြီးတော့လည်း သူ့ရှိတာ ကိုယ့်ပေး၊ ကိုယ့်ရှိတာ သူ့ကျွေးကြပါသည်။
        ထုံးဖိုနေရာတွင် ကျွန်တော့်ရှေ့က တာဝန်ကျသော ကုမ္ပဏီဝန်ထမ်းတယောက်သည် ထုံးဖိုကမ္ဘာလေးနှင့် အဆင်မပြေပါ။ ထုံးဖိုကမ္ဘာလေး၏ နှလုံးသားကို မြင်အောင်မကြည့်နိုင်ပါ။ အပေါ်ယံကြမ်းရှသော ရုပ်သွင်လက္ခဏာများကို ကြည့်ကာ နှာခေါင်းရှုံ့တတ်သူ ဖြစ်ပါသည်။ ထုံးဖိုကမ္ဘာလေးနှင့် အနေခွာခွာ၊ အစားခွာခွာနေတတ်သော သူ့စရိုက်ကြောင့် သူ့ကို ထိုနေရာမှ ဖယ်ထုတ်လိုက်ရပါတော့သည်။
       ထုံးဖိုကမ္ဘာလေး၏ နှလုံးသားကို ဖမ်းဆုပ်နိုင်သော ကျွန်တော့်သူငယ်ချင်း အခြားဝန်ထမ်းများမှာ ထုံးဖိုကမ္ဘာလေးနှင့် အဆင်​​ပြေလှပါသည်။ သူတို့လူ သူတို့ဘက်တော်သားဟု ထင်မှတ်သွားလျှင် သူတို့က နေရာအမြင့်အမြတ်ကို ပေးတတ်ကြပါသည်။ ဝပ်တွားခယဖို့ ဝန်မလေးတတ်ကြတော့ပါ။ အစားကောင်း အသောက်ကောင်းကလေးများကို လာပေးတတ်ကြ၏။ ကိုယ့်ကို စောင့်ရှောက်ပေးတတ်ကြ၏။ ကိုယ့်ကို ကာကွယ်ပေးတတ်ကြ၏။
        ကိုယ်က သူတို့လူအဖြစ် သေချာနေဖို့တော့လိုပါသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်ရမည်။ သူတို့နှင့် ထမင်းတဝိုင်းတည်း စားနိုင်ရပါမည်။
        
                             ( ၃ )

        ကျွန်တော်တို့မတ္တရာတွင် အနာကြီးရောဂါကုသသည့် ဆေးရုံတရုံရှိပါသည်။ ဆေးရုံနှင့် မလှမ်းမကမ်းတွင် အနာကြီးရောဂါသည်မိသားစုဝင်များ နေထိုင်သော ရွာတရွာရှိပါသည်။ ရွာကလေး၏အမည်မှာ နံ့သာမြိုင်ဖြစ်၏။ ရွာနာမည်ပေးခဲ့သူကို ကျွန်တော် ချီးကျူးမိပါသည်။ ကြင်နာတတ်သူတယောက် ဖြစ်ပါလိမ့်မည်။
       ကျွန်တော်သည် ထိုရွာကလေးသို့ ၂၀၀၃ခုနှစ်က ရောက်ဖူးခဲ့ပါ၏။ ထိုရွာကလေး၏ ကိစ္စအဝဝမှန်သမျှကို စောင့်ရှောက်ကူညီပေးနေသူမှာ မန္တလေးမြို့မှ ဆရာဦးအုန်းငွေ ဖြစ်ပါသည်။ ၂၀၀၃ခုနှစ်တွင် နံ့သာမြိုင်ကျေးရွာမှ ကလေးငယ်များအတွက် ရှင်ပြုအလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲကျင်းပကြပါသည်။ ရှင်တရာအလှူပွဲဟု ကျော်ကြားပါသည်။ ရုပ်သံရိုက်ကူးမှုများလည်း ပြုလုပ်ကြ၏။
       ထိုအလှူပွဲသို့ ဆရာမောင်သွေးသစ်၊ ဆရာချစ်စံဝင်း၊ ဆရာမောင်သင်းပန်တို့ လာကြ၏။ ဆရာမောင်သွေးသစ်သည် သူ၏ "သာသနာ့တံတိုင်းနှင့် နံ့သာမြိုင်စခန်း လှခဲ့ပြီ" ကဗျာတပုဒ်ကို ဆိုင်းဝိုင်းကြီးနှင့် တွဲဖက်ရွတ်ဆိုခဲ့ပုံကိုလည်း အမှတ်ရနေမိပါသည်။ နားထောင်ရသူအပေါင်းမှာ ကဗျာနှင့်အတူစီးမျောကာ ကရုဏာရသများ တဖွားဖွားဖြစ်ပေါ်ခံစားခဲ့ရပါသည်။ ကဗျာရွတ်ဆိုအပြီးတွင် အင်္ဂလန်မှာနေထိုင်သူ အမျိုးသမီးတဦးက ဆုတော်ငွေ သုံးသောင်းကျပ် ချီးမြှင့်လိုက်ပါသည်။ ဆရာမောင်သွေးသစ်က ရရှိသောဆုတော်ငွေကို အလှူထဲသို့သာ ပြန်လည်လှူဒါန်းခဲ့ပါ၏။
        ကျွန်တော်သည် မတ္တရာက ကျွန်တော့်ဆရာများနှင့် ဆက်စပ်ကာ ထိုအလှူပွဲသို့ ရောက်ခဲ့၏။ အလှူပွဲသို့ ပါဝင်အားဖြည့်ခဲ့၏။ နံ့သာမြိုင်ရွာသို့ လည်ပတ်ခွင့်ရခဲ့၏။
      အလှူပွဲပြီးသည့်နောက်တွင် နံ့သာမြိုင်ရွာရှိ တက္ကသိုလ်ဝင်တန်းကလေးငယ်များကို ခဏတာစာသင်ပေးခဲ့ပါသည်။ ကျွန်တော်တို့ဆရာတသိုက်သည် မတ္တရာမြို့ပေါ်မှ နံ့သာမြိုင်ရွာသို့ အစုအဖွဲ့လိုက် သွားသွားသင်ကြပါသည်။ ရွာလူကြီးများသည် ကျွန်တော်တို့ ဆရာတသိုက်ကို အိမ်အလည်ခေါ်ကြ၍ အကျွေးအမွေးများဖြင့် ဧည့်ခံကြပါသည်။ ကျွန်တော်တို့ဆရာများသည် သူတို့ကျွေးမွေးသော အစားအသောက်များကို စားကြသည့်အခါ သတိကြီးစွာထား၍ စားကြပါသည်။
       သတိကြီးစွာထား၍ စားကြသည်မှာ ရောဂါကူးစက်ခံရမည်စိုးရိမ်သည့်အတွက်ကြောင့် မဟုတ်ပါ။ သူတို့သည် ရောဂါဖြစ်နေသောသူများ မဟုတ်ကြ။ ရောဂါ ပျောက်ကင်းပြီးသူများ ဖြစ်ကြပါသည်။ သို့သော်လည်း တိုနေသောလက်များသည် ပြန်ရှည်မလာကြတော့ပါ။ ပဲ့နေသောနှုတ်ခမ်းသည် အပဲ့အတိုင်းသာဖြစ်နေပါတော့သည်။ ကျွန်တော်တို့စိုးရိမ်သည်မှာ ကျွန်တော်တို့သည် စားနေရင်းသောက်နေရင်း ကျွန်တော်တို့မျက်နှာတွင်  ရွံရှာသည့်အမူအရာများ အမှတ်တမဲ့ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြခြင်းဖြစ်ပါသည်။
      ကျွန်တော်တို့ အမူအရာပျက်ပါက သူတို့တွေ နာကျင်ခံစားသွားကြပါလိမ့်မည်။ လူအများ၏ ပစ်ပယ်ခြင်းခံထားရသော သူတို့နှလုံးသားများကို ကျွန်တော်တို့ ဂရုစိုက်ခဲ့ကြပါသည်။ ကျွန်တော်တို့၏ နွေးထွေးဖေးမမှုကြောင့် သူတို့လည်း ပြုံးပျော်သွားကြပါသည်။ ကျွန်တော်တို့လည်း ကြည်နူးခဲ့ရပါသည်။
       ကျွန်တော်တို့သည် သူတို့ကျွေးသောလက်ဖက်သုပ်ကို အမူအရာမပျက်စားနိုင်ခဲ့ကြပါ၏။

                          ( ၄ )

       "Lust for Life"ဆိုသည့် ဒတ်ခ်ျလူမျိုးပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအကြောင်း အတ္ထုပ္ပတ္တိဝတ္ထုတပုဒ်ကို ဆရာမောင်ထွန်းသူက "ရမ္မက်မီး"ဟု ဘာသာပြန်ဆိုထားပါသည်။ ဗင်းဆင့်ဗန်ဂိုး၏ ပြင်းပြထက်သန်သော ပန်းချီဆရာဘဝကို သူ၏ပေးစာများကိုအခြေခံကာ ခြယ်မှုန်းထားပါသည်။ ဗင်းဆင့်ဗန်ဂိုးသည် ရှင်းပြနေစရာမလိုသော ကမ္ဘာကျော်ပန်းချီဆရာကြီိးဖြစ်ပါသည်။ သူ၏ပန်းချီကားများသည် ဒေါ်လာသန်းချီ၍ တန်ဖိုးကြီးလှပါသည်။
        ဗင်းဆင့်ဗန်ဂိုးသည် ကျောက်မီးသွေးတွင်းတူးအလုပ်သမားများ၊ လယ်သမား၊ယာသမားများ၊ တံငါလုပ်သားများနှင့် ရက်ကန်းသမားများအကြောင်းကို ထဲထဲဝင်ဝင်လေ့လာကာ ပြောင်မြောက်သောပန်းချီကားများကို ရေးဆွဲခဲ့ပါသည်။ ဆင်းရဲသား အခြေခံလူတန်းစားများအကြောင်း ရေးဆွဲထားသော ပန်းချီကားများသည် အသက်ဝင်လှသည်ဟု မှတ်ချက်ပြုကြသည်။ ဗင်းဆင့်ဗန်ဂိုးသည် ဆင်းရဲသားအခြေခံလူတန်းစားမျာ၏ နှလုံးသားများကို ပူးဝင်ခံစားနိုင်သူတစ်ယောက်ဖြစ်ပါ၏။
         ကျွန်တော်သည် "ရမ္မက်မီး"စာအုပ်ကို ဖတ်ပြီး ဗင်းဆင့်ဗန်ဂိုး ပန်းချီကို တစိုက်မတ်မတ်မဆွဲခင် တရားဟောဆရာဘဝက လုပ်ရပ်တခုကို နှစ်သက်သဘောကျမိပါသည်။ ဗန်ဂိုးသည် ဘယ်လ်ဂျီယံနိုင်ငံ ဘိုရင်းနိတ်ခ်ျနယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုသို့ တရားဟောဆရာအဖြစ် ရောက်ရှိခဲ့၏။ အစားအသောက်၊ အနေအထိုင် အရာရာချွတ်ခြုံကျနေသော ကျောက်မီးသွေးတွင်းတူး အလုပ်သမားမိသားစုများကို တရားဟောရသည်။    ရောက်စမှာ ဗန်ဂိုးနှင့် အလုပ်သမားများ ခပ်စိမ်းစိမ်း။ သူ့တရားကို အလုပ်သမားမိသားစုများ ကောင်းကောင်းမနာယူကြ။ ဗန်ဂိုးက ဇွဲမလျှော့။ အလုပ်သမားလူတန်းစားတွေကြားထဲ တိုးဝင်သည်။ ပူးဝင်ခံစားသည်။ သူတို့ဒုက္ခများကို မျှဝေရယူ၏။
        ဗန်ဂိုးက နွေးထွေးလုံခြုံသော သူ့အိပ်ရာမှာ မအိပ်တော့။ အာဟာရပြည့် ကောင်းမွန်သော အစားအစာများကို မစားတော့။ အလုပ်သမားလူတန်းစားများအတိုင်း ဆင်းရဲဒုက္ခကို ခံယူသည်။ အလုပ်သမားမိသားစုများ နွေးထွေးဖို့ ကျောက်မီးသွေးအစအနများကို သူကိုယ်တိုင် လိုက်ကောက်သည်။ ကျောက်မီးသွေးတွင်းထဲ လိုက်ဆင်းသည်။ ထို့နောက် သူ့တရားပွဲများသည်  စိုပြည်လာသည်။ သူ့တရားကို နာယူလာကြသည်။
        ဗန်ဂိုး မျက်နှာသစ်ရင်း မှန်ကြည့်မိတော့ သူ့မျက်နှာပေါ်တွင် ကျောက်မီးသွေးမှုန့်များ ပေကျံနေ၏။ "သူတို့ ငါ့အပေါ်မှာ ယုံကြည်မှုအပြည့်အဝထားပြီး လက်ခံကြတာဟာ ဒါကြောင့်ပဲဖြစ်ရမယ်၊ ငါဟာ သူတို့ထဲက လူတယောက်ဖြစ်နေတာကိုး"ဟု သူတွေးမိ၏။ ထို့နောက် ဗန်ဂိုးသည် မျက်နှာပေါ်တွင် ပေကျံနေသော ကျောက်မီးသွေးမှုန့်များကို ပြောင်အောင်သုတ်မပစ်ဘဲ ထားလိုက်တော့၏။

                          ( ၅ )

        ပြည်သူ့မေတ္တာ ခံယူချင်သောသူများသည် ဗင်းဆင့်ဗန်ဂိုးကဲ့သို့ ပါးပြင်ပေါ်က ကျောက်မီးသွေးမှုန့်များကို ပြောင်အောင်သုတ်မပစ်သင့်ပါ။ ပြည်သူ့ဒုက္ခကို ခံယူ၍ ပြည်သူနှင့်တသားတည်းဖြစ်ကြောင်း ပြသရပါလိမ့်မည်။
       ပြည်သူ့ရှေ့တွင် ရွံ့စက်များ အပေခံပြပြီး ပြည်သူ့နောက်ကွယ်တွင် ရွံ့စက်များကို ပြောင်စင်အောင်ဆေးကြောမပစ်ဖို့ လိုပါသည်။ တနည်းအားဖြင့်ပြောရလျှင် ပြည်သူ့ဒုက္ခကို မေ့မပစ်ဖို့ လိုပါသည်။ ပြည်သူ၏ချွေးနံ့ကို နှာခေါင်းမရှုံ့ဖို့ လိုပါသည်။
       ပြည်သူကလည်း မိမိ၏လူမှာ၊ မိမိ၏ဘက်တော်သားမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာဃနသိထားသင့်ပါသည်ဟု ရေးသားနှိုးဆော်လိုက်ရပါတော့သည်။   ။

ရင်ရိုး

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊
နိုဝင်ဘာလ၊ ၂၀၁၈ခုနှစ်၊

ပုံ-လင်းခ(မော်လမြိုင်) ကျေးဇူးပြု၊

Sunday, October 7, 2018

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်
။။။။။။။။။။။။။။။။။။။။။။။။၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊။
ရင်ရိုး

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်
တို့လက်တွေဟာ အတောင်ပံတွေဖြစ်ပြီး
တို့ခြေထောက်တွေဟာ ယာဉ်ရထားတွေ ဖြစ်ကြတယ်
တို့နှစ်ယောက် မိုးကောင်းကင်ဆီပျံသန်းမယ်။

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်
တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း ညောင်းညာလာတဲ့အခါ
တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ရင်း ချွေးစို့လာတဲ့အခါ
တစ်ယောက်ကိုတစ်ယောက် ရိုးမသွားဘဲ လမ်းဆက်လျှောက်ကြမယ်။

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်
ကိုယ်ချင်းပွတ်တိုက်မိရင် အနွေးဓာတ်ပဲပွင့်ပါစေ
စိတ်ချင်းပွတ်တိုက်မိရင် မေတ္တာတရားပဲပွင့်ပါစေ
ဒေါသချင်းပွတ်တိုက်မိရင်တောင် အချစ်ပဲပွင့်ပါစေ။

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်
တောအုပ်တစ်ခုလို တို့စုစည်းကြရမယ်
တောင်တန်းကြီးလို တို့ခိုင်မြဲကြရမယ်
ပင်လယ်ပြင်လို တို့ပွင့်လင်းလွတ်လပ်ကြရမယ်။

တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်
ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေ
ဒဏ်ရာ၊ မျက်ရည်နဲ့ နာကျင်မှုတွေ
လဲကျခဲ့ရင်တောင် တစ်ယောက်က တစ်ယောက်ရင်ခွင်ထဲမှာဖြစ်ပါစေ။

လူဦးရေ သန်းပေါင်းခြောက်ထောင်ထဲမှာမှ
အံ့သြလောက်အောင် တို့နှစ်ယောက်ဆုံစည်းခဲ့ကြပြီ
ကမ္ဘာကြီးထဲက တို့ကမ္ဘာလေး
ငလျင်၊ မုန်တိုင်း၊ ပင်လယ်လှိုင်းတွေ ကျရောက်လည်း
ဘယ်တော့မှ မအက်ကွဲ၊ လုံးဝန်းနေကြမယ်
တို့နှစ်ယောက် ဘဝတစ်ပြေးတည်းနေကြတယ်။    ။

11-9-2016

Saturday, September 15, 2018

လူအဖြစ်မှလျှောကျခြင်း

#လူအဖြစ်မှလျှောကျခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

       ကျွန်တော် တမူးမြို့သို့ စတင်ရောက်ရှိခဲ့စဉ်က တမူးသားတွေအပေါ် အသားယူပြီး ပြောခဲ့ဖူးသည်။ ငါတို့မြို့မှာ ဆေးသမားမရှိဘူးဟု။ ထိုသို့ပြောခဲ့ချိန်က ၂၀၀၆ခုနှစ်ဖြစ်ပါသည်။ တကယ်ပင် ကျွန်တော့်ဇာတိ မတ္တရာမြို့မှာ ဆေးသမားမရှိခဲ့ပါ။ ဆေးသမားကို မြင်ပင်မမြင်ဖူးခဲ့ပါ။ ခပ်ပိန်ပိန် ဆံပင်စုတ်ဖွားရှိသောလူများကို "မင်းကလည်း ဘိန်းစားကျနေတာပဲ"ဟု ပြောသံဆိုသံကြားဖူးခဲ့သော်လည်း ဘိန်းစားကို မျက်မြင်ကိုယ်တွေ့မမြင်ဖူးခဲ့ပါ။
      အခုတော့ "ငါတို့မြို့မှာ ဆေးသမားမရှိဘူး"ဟု အာမမခံရဲတော့ပေ။ ကျွန်တော့်ဇာတိ မတ္တရာမြို့တွင်လည်း ဆေးသမားများ ရောက်ရှိပေါက်ဖွားကုန်ကြပါပြီ။ မတ္တရာမှ မဟုတ်တော့ပါ၊ တစ်နိုင်ငံလုံးက မြို့တိုင်းလိုလိုတွင် ဆေးသမားများ အမြစ်တွယ်မျိုးပွားနေကြပါပြီ။ ဆေးသမားမရှိသောမြို့သည်ပင် ခေတ်မမီတော့သလိုလို ဆေးသမားဖက်ရှင်လူတန်းစားကြီးတစ်ရပ် ထွန်းကားနေတော့၏။
       မူးယစ်ဆေးဝါး ဖမ်းဆီးရမိသောသတင်းများသည် ရိုးပင်နေပါပြီ။ သတင်းစာတွင် တစ်ရက်မပြတ်ပါရှိ၏။ နယ်စွန်နယ်ဖျားမှသည် ရန်ကုန်လေဆိပ်ကဲ့သို့ နေရာမျိုးအထိ ဒေသစုံလှ၏။ ဖမ်းဆီးရမိသော သတင်းများသည် လျော့ကျသွားသည်မရှိ။ တိုးတိုးပြီးတွေ့နေရ၏။ မူးယစ်ဆေးဝါးများသည် ဘိုးဘိုးအောင်၏ ဝလုံးများကဲ့သို့ မရေတွက်နိုင်အောင် တိုးပွားလျက်ရှိ၏။ ခုတ်၍မပြတ် သတ်၍မသေသည်မှာ မူးယစ်ဆေးဝါးများဖြစ်နေပါသည်။
        တွေးကြည့်လျှင် ကြောက်စရာကောင်းလှပါသည်။ ဝမ်းနည်းစရာလည်း ကောင်း၏။ မူးယစ်သားကောင်များသည် သွေးစုပ်ဖုတ်ကောင်ဇာတ်ကားများထဲက ဇွန်ဘီတွေလို ရုန်းကြွနေကြသည်။ ကိုယ့်အနီးအနားက လူတစ်ယောက်သည် ကိုယ်သတိမထားမိလိုက်ခင် မူးယစ်သားကောင်တစ်ယောက် ဖြစ်သွားနိုင်ပါသည်။ နောက်ထပ်တွေးထားသင့်သည်မှာ ကိုယ်ကိုယ်တိုင်လည်း မူးယစ်သားကောင်တစ်ယောက် ဖြစ်သွားနိုင်ခြင်းပင်။
      ပတ်ဝန်းကျင်တွင် သွေးညှီနံ့များရနေ၏။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
      မူးယစ်​​ဆေးဝါး သုံးစွဲမှုသည် လူငယ်တွေ ဘီယာဝိုင်းဖွဲ့သောက်သကဲ့သို့၊ ထန်းရေဝိုင်းဖွဲ့သောက်သကဲ့သို့ ယဉ်ပါးလာနေ၏။ တစ်ယောက်နှင့်တစ်ယောက် ဆုံမိကြလျှင် မူးယစ်ဆေးဝါးကို ဘယ်လိုသုံးစွဲဖူးကြောင်း ခပ်ပေါ့ပေါ့ပင်ပြောဆိုနေကြပါသည်။ မူးယစ်ယဉ်ပါးမှုသည် အထွတ်အထိပ်ရောက်နေ၏။
      ယဉ်ပါးနေသည်မှာ ပေါများလွန်း၍ဖြစ်ပါသည်။ ယခင်က ရွှေမှော်၊ ကျောက်မှော်၊ ရေနံမှော် စသည့် တရားဥပဒေစိုးမိုးမှုအားနည်းသည့် နေရာများတွင်သာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ မောင်မင်းကြီးသားမူးယစ်ဆေးဝါးများသည် မြို့တိုင်း နယ်တိုင်း အခန့်သားရောက်နေကြပါပြီ။ တွေးကြည့်လျှင် မြို့တိုင်း နယ်တိုင်း တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်သဘောပင်။
       မူးယစ်​​ဆေးဝါးများသည် တန်ခိုးရှိပုံလည်းရပါသည်။ မြေလျှိး၍ မိုးပျံနိုင်သည်သာမက ကိုယ်ပျောက်အတတ်လည်း တတ်ပုံရပါသည်။ မူးယစ်​​ဆေးဝါး ရောင်းချနေသောအိမ်ကို သာမန်အရပ်သူအရပ်သားများက သိမြင်နေသော်လည်း ဖမ်းဆီးရန်တာဝန်ရှိသူများမှာ မမြင်မတွေ့နိုင်ကြပါ။ မူးယစ်ဆေးဝါးများသည် ဤမျှ ဘုန်းတန်ခိုးကြီးပါပေ၏။
      မ​တော်​တဆ ဖမ်းဆီးခံရသည့် မူးယစ်ကုန်သည်အချို့သည်လည်း ထောင်ထဲတွင် ဘဝဆုံးသွားသည်ဟု မကြားမိပေ။ ထောင်သက်မစေ့ခင် ပြန်လွတ်လာသည်သာ များပါသည်။ မူးယစ်မှုကြောင့် ထောင်ကျပြီး ပြန်လွတ်လာလျှင်လည်း ထောင်ထွက်တစ်ယောက်ဟု သိမ်ငယ်နေမည်ဟုများ မထင်လိုက်ပါနှင့်။ သူတို့ကိုယ်သူတို့ လူရည်လည်ထက်မြက်သူများဟု ရင်ကော့နေကြပါသည်။
      အဓိကအကြောင်းရင်းမှာ "မကြောက်"ခြင်းပင် ဖြစ်ပါသည်။ ဥပဒေကို မကြောက်ခြင်းနှင့် ငရဲကို မကြောက်ခြင်းဖြစ်ပါသည်။ နောင်သံသရာတွင် ခံစားရမည့်ငရဲကို မကြောက်သည်မှာ နားလည်ပေးနိုင်ပါသေးသည်။ ဥပဒေကို မကြောက်ခြင်းကတော့ ဥပဒေက ကြောက်အောင် ဖြဲခြောက်မထား၍ ဖြစ်ပါသည်။ တာဝန်ရှိသူအချို့အချို့တို့သည် မူးယစ်ကုန်သည်များကို ဥပဒေနှင့်ဖြဲခြောက်ရမည့်အစား ဥပဒေကို မလေးစားအောင် ကိုင်တွယ်ပုံလျော့ရဲလှပါသည်။
      မီးခြစ်ဆံဘူးပမာဏလောက် ဖမ်းမိလျှင် လူကို မိသော်လည်း ကွန်တိန်နာအစီးလိုက်မိလျှင်တော့ ပိုင်ရှင်ကို နတ်ဝှက်သွားကြပါသည်။ ကျွန်တော့်မိတ်ဆွေတစ်ဦး ပြောသကဲ့သို့ ပြောရလျှင် ဆင်" ချောင်"၍ ကြွက်"ကျပ်"နေပါသည်။ ဆင်ကြီးတစ်ကောင် တိုးဝင်သွားလျှင် ချောင်ချောင်ချိချိရှိသော်လည်း ကြွက်ကလေးတစ်ကောင် တိုးဝင်သွားလျှင်တော့ ကျဉ်းကျပ်၍နေပါတော့သည်။ ဆင်" ချောင်"၍ ကြွက်"ကျပ် "နေသမျှ မူးယစ်ဆေးဝါးများသည် အမြစ်ပြတ်လိမ့်မည် မဟုတ်ပါ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
        မူးယစ်ဆေးဝါးဧရိယာအတွင်း နေထိုင်ကြရသူများသည် သတိဝီရိယနှင့် နေကြရပါသည်။ သူများအမှုသည် ကိုယ့်ကို ပတ်သွားနိုင်ပါသည်။ သတိနှင့်မနေထိုင်ပါက ထောင်နန်းစံသွားရပါလိမ့်မည်။
      ကိုယ်နှင့်မဆိုင်ဘဲ၊ ကိုယ် မကျူးလွန်ပါဘဲ ထောင်နန်းစံသွားရသူများ ကြုံတွေ့နေရပါသည်။ ဆိုင်ကယ်လူကြုံ တင်မိ၍ အမှုတွဲခံရသူများ၊ မူးယစ်​​ဆေးဝါးများ ထည့်ထားသည့်ဆိုင်ကယ်ကို ကိုယ့်အား မလိမ့်​တပတ်​စီးခိုင်းသဖြင့် အချောင်ခံကြရသူများ ဖြစ်ကြပါသည်။ အန္တရာယ်သည် လက်တစ်ကမ်းမှာပင် ရှိနေပါ၏။
      မူးယစ်​​ဆေးဝါး သုံးစွဲပြီး စိတ်ကြွရူးသွပ်နေသူများ၏ အန္တရာယ်ပြုမှုကိုလည်း ရင်ဆိုင်နေကြရပါသည်။ ခိုးဖို့ လုဖို ဝန်မလေးသည်သာမက သတ်ဖို့ ဖြတ်ဖို့အထိပါ လက်မနှေးဖြစ်နေကြပါသည်။ လူ့အဖွဲ့အစည်းသည် မူးယစ်ဆေးဝါး၏ ခြိမ်းခြောက်ခြင်းကို ခံနေကြရပါသည်။ တစ်မျိုးသားလုံး၏အနာဂတ်သည် စုံးစုံးမြုပ်တော့မည်။ မူးယစ်အန္တရာယ်ကို အချိန်မီတိုက်ဖျက်သင့်သည်ကို မတိုက်ဖျက်ဘဲ ရူးတူးပေါတောလုပ်နေပါက မကြာမီ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပါလိမ့်မည်။
       မူးယစ်ရန်သူသည် အဖြူ  အမည်း သဲကွဲလှသည်မဟုတ်ပါ။ လူ လူချင်း စစ်တိုက်ကြသကဲ့သို့ သူသည် ငါ့ရန်သူဖြစ်သည်ဟူ၍ လက်ညှိုးထိုးညွှန်ပြမရနိုင်ပါ။ ကိုယ်ကိုယ်တိုင်ပင် ကိုယ့်ရန်သူဖြစ်သွားနိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် လောဘနောက် လိုက်သွားနိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် စွဲလမ်းမှုနောက် လိုက်သွားနိုင်ပါသည်။ ကိုယ်တိုင် ရောင်းချသူ သို့မဟုတ် သုံးစွဲသူ ဖြစ်သွားနိုင်ကြောင်း တွေးထားနိုင်မှသာ မူးယစ်အန္တရာယ်ကို တကယ်သိမြင်ပါလိမ့်မည်။
     တာဝန်ရှိသူများနှင့် တာဝန်မရှိသည့် ပြည်သူများပါ မူးယစ်အန္တရာယ်ကို ကာကွယ်သည်မှာ အများအတွက်သာမက ကိုယ့်အတွက်ပါ ကာကွယ်ရာရောက်ကြောင်း သိထားသင့်ပါ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
      ကျွန်တော်သည် မူးယစ်နွံထဲ ကျွံနေသူများကို နေ့စဉ်မြင်တွေ့နေရပါသည်။ ကျွန်တော်မှ မဟုတ်ပါ၊ ကျွန်တော် နေထိုင်သည့် တမူးမြို့သူမြို့သားအပေါင်းလည်း မြင်တွေ့နေရပါသည်။ လမ်းပေါ်တွင် လေလွင့်လျှောက်သွားနေသော မူးယစ်ဆေးစွဲသူများသည် တမူးမြို့၏ မြင်ကွင်းတစိတ်တပိုင်းပင် ဖြစ်နေပါတော့သည်။ ထာဝရမပျောက်ပျက်တော့မည့်မြင်ကွင်းများ ဖြစ်နေမည်လား မပြောတတ်တော့ပါ။ နှစ်အပိုင်းအခြားအလိုက် မူးယစ်ဆေးစွဲသူများသာ လူပြောင်းသွားသော်လည်း မြင်ကွင်းကတော့ တည်တံ့လျက်ပင်။
       တမူးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်ပါ၏။ နယ်စပ်မြို့ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးကို ထိန်ချုပ်ရန်မှာ ခက်ခဲလှပါသည်။ တဘက်နိုင်ငံ မိုးရေး(Moreh)မြို့တွင် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းချလျက်ရှိပါသည်။ အိန္ဒိယအစိုးရကလည်း မသိကျိုးကျွံပြုထား၏။ သုံးစွဲသူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများကလည်း ဧရာမအခွင့်အရေးကြီးတစ်ခုအလား လွတ်လွတ်လပ်လပ်ပွဲတော်တည်နေလိုက်ကြ၏။
       အသည်းနုသော ကျွန်တော်တို့မြန်မာနိုင်ငံသားများသည် အမေဆူလျှင်လည်း မိုးရေးပြေးသည်။ ချစ်သူက စိတ်ကောက်လျှင်လည်း မိုးရေးပြေးသည်။ မိန်းမနှင့်ရန်ဖြစ်လျှင်လည်း မိုးရေးပြေးသည်။ ပျော်ရွှင်လျှင်လည်း မိုးရေးပြေးသည်။ ဝမ်းနည်းလျှင်လည်း မိုးရေးပြေးသည်။ မိုးရေးရာသီဥတုသည် ကျွန်တော်တို့မြန်မာနိုင်ငံသားများနှင့် အခါရာသီမရွေး လိုက်ဖက်လှပါသည်။
      စိတ်ထွက်ပေါက်တစ်ခုအတွက် ပြေးရင်း၊ စမ်းသပ်လိုမှုတစ်ခုအတွက် ပြေးရင်း မရပ်မနားပြေးနေရပါတော့သည်။ တမူးမြို့၏ အာရှလမ်းပေါ်တွင် နေပူမရှောင်၊ မိုးရွာမငြင်း ယင်းထနေသော ဆေးသမားများသည် ပြေးလွှားနေကြသည်။ အချို့က ဦးထုပ်ကို ငိုက်နေအောင်ဆောင်းလျက်၊ အချို့က တေးသီချင်းများ ညည်းဆိုလျက်၊ အချို့က အော်ရယ်လျက်၊ အချို့က ဘူးခွံပုလင်းခွံအိတ်ကြီးကို ထမ်းလျက်၊ အချို့က စက္ကူချပ်​ဖာ​များကို မနိုင်မနင်းသယ်ပိုးလျက် မူးယစ်​​ဆေးဝါး၏ ကြိုးဆွဲရာနောက် ဒရွတ်ဆွဲလိုက်နေကြပါသည်။
       နန်းဖာလုံနယ်စပ်ဈေးထဲတွင်လည်း မူးယစ်ဆေးစွဲသူများ ကျက်စားလျက်ရှိ၏။ အစက လူကောင်းသူကောင်း ဖြစ်ခဲ့သူများသည် မူးယစ်ဆေးစွဲပြီးနောက် ပြောင်းလဲကုန်ကြ၏။ အနေအထိုင် သန့်ပြန့်ဝင်းမွတ်ခဲ့သူများလည်း ညစ်ပေမှောင်မိုက်ကုန်ကြသည်။ အိမ်သာဘေးတွင် စွန့်ပစ်ထားသောသစ်သီးပုပ်ကို မရွံမရှာစားသုံးနေပါသည်။ တဘက်နိုင်ငံက ဈေးဝယ်လာသူကသည်းတွေဆီကနေ မရှက်မကြောက်တောင်းရမ်းနေပါသည်။ လူကောင်းသူကောင်းဘဝကနေ သူခိုးဂျပိုးဘဝ၊ သူတောင်းစားဘဝသို့ ပြောင်းလဲသွားကြရပါ၏။
       အချို့သည် ကျွန်တော်တို့်နှင့် ပြောဆိုဆက်ဆံပေါင်းသင်းခဲ့ကြဖူးသူများ ဖြစ်၏။ ဘယ်အချိန်ကစပြီး မူးယစ်ဆေး စွဲသွားသလဲဆိုသည်ကိုတော့ မသိလိုက်တော့ပါ။ မူးယစ်ဆေးစွဲသွားပြီးနောက် အခြားသောလူတယောက် ဖြစ်သွားပါတော့သည်။ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့၍မရနိုင်တော့ပါ။ လူ့အဖွဲ့အစည်း၏ အပြင်ဘက်သို့ ပဲ့ထွက်ကုန်ကြသည်။ သူတို့၏အာရုံသည် မူးယစ်ဆေးသုံးစွဲဖို့လောက်သာ သိတော့၏။ အရှက်အကြောက် မာန်မာနများ အငွေ့ပျံပျောက်ကွယ်သွားပါတော့သည်။
      မူးယစ်ဆေးစွဲခြင်းသည် စာရိတ္တပျက်စီးခြင်း မဟုတ်ပါ။ သို့သော်လည်း စာရိတ္တပျက်စီးဖို့ လမ်းစဖြစ်ပါသည်။ အချို့လည်း တကယ်ပျက်စီးကုန်ပါပြီ။ လူ့အသိုင်းအဝိုင်းကလည်း မယုံကြည်ချင်ကြတော့ပါ။ ကိုယ့်အိမ်နား၊ ကိုယ့်ဆိုင်နား ဆေးသမားတယောက်ကပ်လာလျှင် အလစ်သုတ်မလား၊ လုယက်မလား စိုးရိမ်စိတ်နှင့် စောင့်ကြည့်ကုန်ပါတော့သည်။ ဆေးကျွံနေသူတယောက်ကို ဘယ်သူကမှ အလုပ်မခန့်တော့ပါ။   
       မူးယစ်ဆေးစွဲသော်လည်း မိမိစာရိတ္တကို အခိုင်အမာထိန်းသိမ်းထားသူများလည်း ရှိပါ၏။ သူတပါးပစ္စည်းကို မခိုးမဝှက်ဘဲ ချပ်ဖာကောက်၍ ဘူးခွံပုလင်းခွံကောက်၍ အညစ်အကြေးများကို သန့်ရှင်းရေးလုပ်၍ ရပ်တည်နေကြသူများလည်း ရှိပါသည်။ သို့သော်လည်း ဘယ်သူကမှ တွဲသွားတွဲလာဖက်လှဲတကင်းမလုပ်ကြတော့ပါ။
       ကျွန်တော် ရင်အနာရဆုံး၊ စိတ်အထိခိုက်ရဆုံးမြင်ကွင်းမှာ ကျောင်းဆင်းချိန်တွင် မိမိ၏သားနှင့်သမီးကို ဖခင်ဆေးသမားတယောက်က ကျောင်းပေါက်ဝ၌ လာရောက်ကြိုဆိုနေသောမြင်ကွင်းဖြစ်ပါသည်။ မအပ်စပ်လှသော၊ ယှဉ်တွဲ၍မမြင်သင့်သော မြင်ကွင်းဖြစ်ပါသည်။
      ထိုသူကိုယ်တိုင်လည်း သားနှင့်သမီးအတွက် စိတ်ကောင်းလိမ့် မည်မဟုတ်ပါ။ မူးယစ်ဆေးဝါး၏ ပြုစားခံရပြီးနောက် မိမိကိုယ်ကိုယ် မတော်လှန်နိုင်သောဘဝသို့ ရောက်ခဲ့ရခြင်းဖြစ်ပါလိမ့်မည်။ အိမ်တအိမ်တွင် မူးယစ်ဆေးစွဲသူတယောက် ဝင်ရောက်လာပါက မိသားစုဘဝ ပျော်ရွှင်ကြည်နူးမှုအလုံးစုံသည် ပျက်သုဉ်းသွားရပါတော့သည်။
        မူးယစ်ဆေးဝါး စွဲသွားလျှင် လူညွန့်တုံးပြီဟု တထစ်ချမပြောလိုသော်လည်း လူသားဖြစ်မှုစံတန်ဖိုးများ လျော့ကျသွားသည်ကတော့ သေချာလှပါသည်။

ရင်ရိုး

စောင့်ကြည့် ဂျာနယ်၊
အတွဲ ၁၃၊ အမှတ် ၂၅၊
15-9-2018
စနေ၊