Showing posts with label ရဲရင့်လုံ(ဆေး-မန်း). Show all posts
Showing posts with label ရဲရင့်လုံ(ဆေး-မန်း). Show all posts
Tuesday, September 4, 2018
မျက်စိတစ်ဆုံး
(၁)
       သွေးပေါင်ချိန်တိုင်းကိရိယာမှ ဘောလုံးကို ညာလက်ဖြင့် ဖျစ်ညှစ်လိုက်သောအခါ ပြဒါးရည်များ တရိပ်ရိပ်တက်လာကြသည်။ လိုအပ်သည့်အမှတ်အသားရောက်သောအခါ တဖြည်းဖြည်းချင်း ပြန်လျှော့လိုက်သည်။ လူနာ၏လက်မောင်းပေါ်တွင် ဖိကပ်ထားသော နားကြပ်ဆီမှ ထွက်ပေါ်လာမည့် သွေးခုန်နှုန်းကို ဂရုတစိုက် နားထောင်လိုက်သည်။ ဟော....။ သေးသွယ်ရှည်လျားသော နားကြပ်ပြွန်ထဲ တိုးဝင်လာသည့် သွေးခုန်နှုန်းအသံကို ပီသကျယ်လောင်စွာ ကြားလိုက်ရတော့ သူ့နှုတ်ခမ်းများ ညွတ်ကွေးရုံ ပြုံးမိသည်။ လက်မောင်းတွင် ပတ်ထားသော သွေးပေါင်ချိန်တိုင်းကိရိယာကို အသာအယာပြန်ဖြုတ်ပေးရင်း လူနာအဖွားကြီးကို ပြောလိုက်သည်။
        "နူးကျိန်ရေ။ နူးကျိန်မှာ သွေးတိုးရှိနေပြီ"
(၂)
         ဒီဒေသကို ရောက်စမှာတော့ သူ့အတွက် ခက်ခဲလှသည်ဟု ဆိုရမည်။ အဓိကအခက်အခဲက ဘာသာစကား ဖြစ်သည်။ ဒေသခံနေထိုင်သူများက ချင်းတိုင်းရင်းသားတွေမို့ သူတို့ပြောသော ဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည်နိုင်ဖြစ်ရသည်။
        သူက ဂျီပီဆရာဝန်တစ်ဦး ဖြစ်သည်။ ဝန်ထမ်းအလုပ်မဝင်မီ ရသည့်အချိန်ကလေးမှာ ဂျီပီထိုင်ရန် စိတ်ကူးရပြီး ဒီရွာကလေးမှာ ဆေးခန်းဖွင့်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ မြို့ပြနှင့် အနည်းငယ်အလှမ်းကွာသော ကျေးလက်ဒေသမှာ ဆေးခန်းကလေးဖွင့်ပြီး အေးအေးလူလူ စာဖတ်လိုတာလည်း ပါသည်။ ဆေးခန်းမှ ရရှိသော ကိုယ်ပိုင်အတွေ့အကြုံနှင့် ရောယှက်ပေါင်းစပ်လေ့လာပြီး သင်ရိုးညွှန်းတမ်းစာအုပ်များကို ဖတ်ရှုလေ့လာဖို့ သူ စိတ်ကူးရသည်။ သို့မှသာ ဝန်ထမ်းဘဝနှင့် လုပ်သက်ရချိန်တွင် မိမိစိတ်ဝင်စားသော ဘာသာရပ်အလိုက် ဘွဲ့လွန်သင်တန်းများကို ဖြေဆိုအောင်မြင်နိုင်ပေလိမ့်မည်။
       "ဆရာ့နာရီ သေနေတာ ကြာပြီလား"
        ရောက်စက အိမ်ရှင်၏သားငယ် ဟောက်ပူပြောသောစကားကို သူ ရုတ်တရက် နားမလည်မိပေ။ အိမ်ရှင်ဦးလေးကြီးက သူ့အတွက် အဖော်လည်းရစေ၊ ဆေးခန်းအတွက်လည်း ကူဖော်လောင်ဖက်ရစေဟူသော သဘောဖြင့် သူ၏သားငယ်ကို ဆေးခန်းတွင် ညအိပ်ညနေ နေထိုင်စေသည်။ ဟောက်ပူက ငါးတန်းအထိ ကျောင်းနေဖူးပြီး သွက်လက်ချက်ချာသော လူငယ်တစ်ဦး ဖြစ်သည်။ ဆေးခန်းပြသူလူနာများနှင့် စကားပြောဆိုဆက်ဆံရာတွင် စကားပြန်တစ်ဦး လိုအပ်သည်ဖြစ်ရာ သူ့အတွက် အဆင်သင့်လှသည် ဆိုရမည်။
       "ဆရာ့နာရီလေ။ သေနေပြီ။ ဆက်မသွားတော့ဘူး"
        ဆေးခန်းအတွင်းရှိ တိုင်ကပ်နာရီကို လက်ညိုးထိုးပြတော့မှ သူ နားလည်တော့သည်။ တိုင်ကပ်နာရီက ဓာတ်ခဲအားကုန်ပြီး ရပ်တန့်နေခြင်းဖြစ်သည်။ နာရီလက်တံအားလုံး မလှုပ်ရှားတော့ဘဲ ရပ်တန့်နေခြင်းကို "နာရီသေသည်"ဟု သုံးနှုန်းလိုက်သဖြင့် သဘောကျပြီး သူ ရုတ်တရက် ပြုံးရယ်မိသည်။
       "ဆရာ အနံ့မကြားဘူးလား"
        "ဘယ်လို"
        "အနံ့မကြားဘူးလား ပြောတာ။ ကျွန်တော်တော့ တကယ်မခံနိုင်တော့ဘူး။ အနံ့ကြားတာနဲ့ ချက်​ချင်း အန်ချင်လာပြီ"
        အဲဒီလိုပြောမှ သူ သဘောပေါက်သည်။ အကောင်ပုပ်နံ့ကို ဆိုလိုခြင်းဖြစ်ကြောင်း သူ နားလည်ရသည်။ ဒီတော့မှ သူလည်း ချင်းကောင်လေးဟောက်ပူကို ပြန်ရှင်းပြရသည်။ "ကြား" ဆိုသည့် စကားလုံးကို "အသံများ"နှင့် တွဲဖက်၍ သုံးစွဲရကြောင်း၊ "အသံကြားသည်"ဟု သုံးနှုန်းမှ မှန်ကန်ကြောင်း ပြောပြရသည်။ သို့ဖြစ်ရာ "အနံ့ကြားသည်"ဟု မသုံးဘဲ "အနံ့ရသည်"ဟုသာ သုံးနှုန်းပြောဆိုရမည်ဖြစ်ကြောင်း ကျကျနန ပြန်ပြောပြရသည်။
         တစ်နေ့။ ကျေးရွာအတွင်း ကျင်းပသော လူငယ်ဘောလုံးပြိုင်ပွဲမှာ ဟောက်ပူတို့အသင်းလည်း ပါသည်။ ဘောလုံးကန်အပြီး ရေတွင်းမှာ ရေချိုးနေသော ဟောက်ပူကို သူ မေးလိုက်သည်။
         "ဟောက်ပူ မင်းတို့ဘောလုံးအသင်း အခြေအနေ ဘယ်လိုလဲ"
         "ဆရာ တကယ်မကြားဘူးလား။ ကျွန်တော်တို့အသင်း ဒီနေ့ညနေက သေသွားပြီ ဆရာ"
         ဟောက်ပူတို့ဘောလုံးအသင်း ဒီညနေပြိုင်ပွဲမှာ တစ်ဖက်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်ကြောင်း သူ သဘောပေါက်နားလည်ကာ ပြုံးမိရလေသည်။
(၃)
       နူးကျိန်၏ နာမည်အရင်းက ဒေါ်မန်ဆွမ်းကျိန် ဖြစ်သည်။ "နူး"ဆိုသည်က ဗမာလို "အမေ"ဟု အဓိပ္ပါယ်​ရပြီး အားလုံးက "အမေကျိန်"ဟူသော အဓိပ္ပါယ်​ဖြင့် တလေးတစား ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။
         နူးကျိန်တို့အိမ်က သူ့ဆေးခန်း၏ အနောက်ဖက် နှစ်အိမ်ကျော်တွင် ရှိသည်။ နူးကျိန်ရော သူ့ခင်ပွန်း ပူမုန်(ပူပေါင်ရှင့်မုန်)တို့မှာ အသက်ခြောက်ဆယ်ကျော် ဇနီးမောင်နှံနှစ်ဦး ဖြစ်သည်။ မှတ်မှတ်ရရ သူ ဆေးခန်းစဖွင့်ပြီး သုံးရက်မြောက်မှာ အဖွားအိုတစ်ဦး မူးလဲသည်ဟုဆိုကာ ဆေးခန်းလာပြကြသည်။
           "ကလုံဗိုင် ဆာမေး"
         အဖွားအို မျက်ရည်စက်လက်နှင့် တတွတ်​တွတ်​ရွတ်နေသော စကား၏ အဓိပ္ပါယ်​ကို ဟောက်ပူအား မေးမြန်းကြည့်ရာ "ခေါင်းတအားမူးတယ်" ဟု သိရလေသည်။ သွေးပေါင်ချိန်ကြည့်လိုက်တော့ အပေါ်သွေး တစ်ရာ့ရှစ်ဆယ်၊ အောက်သွေး တစ်ရာ့သုံးဆယ်။ လေမဖြတ်တာ တော်သေးသည်ဟု ဆိုရမည်။
      "နူးကျိန်ရေ ။ နူးကျိန်မှာ သွေးတိုးရှိနေပြီ"
      လိုအပ်သော သွေးကျဆေးများနှင့် အခြားသောက်ဆေးများကို တွဲစပ်ပေးပြီး ဆေးသောက်ပုံသောက်နည်းကို ဟောက်ပူမှတဆင့် သေသေချာချာ ရှင်းပြရသည်။ သောက်ဆေးကုန်လျှင် ပုံမှန်လာရောက်ပြသဖို့ကိုလည်း မှာကြားရသည်။
          ရက်ချိန်းပြည့်ပြီး မကြာခဏ လာရောက်ပြသသော နူးကျိန်နှင့် မကြာမီ ခင်မင်ရင်းနှီးသွားလေသည်။ နူးကျိန်တွင်သာမက သူ့အမျိုးသား ပူမုန်မှာပါ သွေးတိုးရောဂါ ရှိသည်။ ပူမုန်က ရွာထဲလှည့်ကာ နှိပ်နယ်သည့် အကြောပြင်ဆရာတစ်ဦးဟု နူးကျိန်က ပြောပြသဖြင့် သိရသည်။ "ရောဂါတောင် တစ်ခုထဲ အတူဖြစ်တဲ့ လိုက်ဖက်တဲ့ ဇနီးမောင်နှံ"ဟု သူက စနောက်တော့ နူးကျိန်က သဘောတွေကျပြီး ရယ်သည်။ တွီးပူဆေးရည်အငုံများသဖြင့် အရောင်ရင့်နေသော နူးကျိန်၏ သွားများကို ကျိုးတိုးကျဲတဲ မြင်ရသည်။
        နူးကျိန်က ပိန်ပိန်ပါးပါး ၊ အသားက အညိုလုသည်။ စကားအလွန်ပြောချင်သူဖြစ်ပြီး သဘောကောင်းသည်။ "နူးကျိန်မှာ သားသမီးတွေ မရှိဘူးလား"ဟု သူမေးတော့ သား(၅)ယောက်နှင့် သမီး (၄)ယောက်ရှိကြောင်း၊ အများစုက အိမ်ထောင်ကျပြီး သူတို့မိသားစုတွေနှင့် ရွာထဲတွင် နေထိုင်ကြကြောင်း ၊ အဖိုးကြီး နှိပ်၍ရသည့်ပိုက်ဆံနှင့် မလေးရှားတွင် အလုပ်လုပ်နေသော သားနှစ်ယောက် ပို့ပေးသည့် ပိုက်ဆံတို့ဖြင့် ရပ်တည်နေရကြောင်း ပြောပြသည်။ သားသမီးများအကြောင်း ပြောပြနေခိုက်မှာ နူးကျိန်၏ မျက်ဝန်းအစုံတွင် မျက်ရည်စတချို့ တွဲခိုနေသည်ကို သူ မြင်ရသည်။ နူးကျိန်က အဲ့ဒီလို ထိရှခံစားလွယ်သူလည်း ဖြစ်သည်။
     နူးကျိန်တို့က လင်ကိုယ်မယားကိုယ် နှစ်ဦးထဲ နေထိုင်ကြသည်။ ထမင်း၊ ဟင်းကို နူးကျိန်ကိုယ်တိုင် ချက်ပြုတ်သည်ဟု သိရတော့ သူ အံ့သြမိသည်။ သူ ရွာထဲ လမ်းလျှောက်ထွက်တိုင်း မီးဖိုချောင်ထဲ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေတတ်သော နူးကျိန်ကို အမြဲလိုလို လှမ်းမြင်ရတတ်သည်။ အိုကြီးအိုမအရွယ်မို့ ထမင်းချက်ရင်း ထမင်းရည်ပူလောင်မှာကို တွေးပူမိသည်။ တကယ်ဆို နူးကျိန်က မျက်လုံးကောင်းကောင်း မြင်ရသူမဟုတ်။ နူးကျိန်၏ မျက်လုံးနှစ်ဖက်လုံးတွင် ရေတိမ်စွဲနေပြီး ညာဖက်မျက်လုံးက တော်တော်အခြေအနေဆိုးသည်။ အချိန်မီ ခွဲစိတ်မှုမပြုလုပ်လျှင် မျက်လုံးကန်းသွားနိုင်သည်မို့ ကလေးမြို့တက်ပြီး မျက်လုံးခွဲစိတ်ဖို့ နူးကျိန်ကို မကြာခဏ တိုက်တွန်းမိသည်။ သူ ပြောလိုက်တိုင်း နူးကျိန်က မပြောင်းလဲသော အဖြေတစ်ခုကိုသာ ပေးသည်။ "ပိုက်ဆံမရှိသေးပါဘူး ဆရာပါးရယ်" တဲ့။
     "ကျွန်တော်လည်း ပိုက်ဆံစိုက်မယ်လေ။ နူးကျိန်မျက်လုံးက မခွဲစိတ်ရင် ပိုဆိုးတော့မှာ"
     "ဒါနဲ့များ နူးကျိန်ရယ်။ ခွဲလိုက်ပါတော့လား"
      သူက အဲဒီလို ပြောလိုက်တော့ နူးကျိန် သက်ပြင်းချသည်။
     "မဖြစ်သေးဘူး ဆရာပါး။ မလေးရှားက   သားတွေလည်း ငွေမပို့နိုင်တာကြာပြီ။ ပြီးတော့"
     နူးကျိန်၏စကားက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ ဝမ်းနည်းလွယ်သော နူးကျိန်၏ မျက်ဝန်းအစုံမှာ မျက်ရည်စတချို့ ဝေ့သီလာပြန်သည်။ သူ စကားစမိတာ မှားသွားပြီဟု တွေးမိကာ စိတ်မကောင်းဖြစ်ရသည်။ ထိုအခိုက်မှာ နူးကျိန်က စကားဆက်သည်။
     "အိမ်က ကပူးမျက်လုံးတွေမှာလည်း တိမ်ရှိတယ်။ အနူးကမှ နည်းနည်းမြင်ရသေးတယ်။ ကပူးမျက်လုံးတွေက အနူးမျက်လုံးတွေထက် ပိုဆိုးတယ်"
     "ဟောဗျာ"
(၄)
      အသက်​အရွယ်​ကြီးသူမို့ ထင်သည်။ တခါတရံ သူ့ဆေးခန်းသို့ နူးကျိန်၏ သားဖြစ်စေ၊ သမီးဖြစ်စေ ပါလာချိန်တွင် နူးကျိန်က ကလေးတစ်ယောက်လို ဖြစ်သွားတတ်သည်။ သားသမီးများ၏  ဂရုစိုက်ယုယမှုကို ခံယူလို၍လည်း ဖြစ်မည်ထင်သည်။
       "ဆရာပါး  ကဟာနာ(သွားနာတယ်)"
       "အော် နူးကျိန်ရယ်။ သုံးချောင်းထဲ ကျန်နေတဲ့ သွားတွေက နာသေးသလား"
       အရေအတွက်နည်းပါးလှသော သွားများကို ရည်ရွယ်ပြီး စနောက်ပြောဆိုလိုက်တော့ နူးကျိန်က သွားအကျဲသားနှင့် ရယ်သည်။ ဟုတ်သည်။ နူးကျိန်က အံကပ်ပါမှ အသားစားနိုင်သူ ဖြစ်သည်။ သူမ၏ အံကပ်ကို သားကြီးမန်ပူက ပြီးခဲ့သည့်ခရစ္စမတ်ပွဲတော်အချိန်တွင် ပြုလုပ်ပေးခဲ့ကြောင်း မကြာခဏ ကြွားလေ့ရှိသဖြင့် သူ မှတ်မိနေလေသည်။ တခါတလေလည်း ဆေးခန်းပြရင်း နူးကျိန်က သူမ၏ခံစားချက်များကို ရင်ဖွင့်တတ်သေးသည်။
       "အနူးသားသမီးတွေနဲ့ အရင်တုန်းကလို ပြန်နေချင်တယ်။ ဟိုတုန်းက သားသမီးတွေအများကြီးနဲ့ တကယ်ပျော်ဖို့ကောင်းတယ်။ ပွဲတော်ရက်တွေဆိုလည်း လူတွေအများကြီးပဲ။ အခုတော့ အနူးနဲ့ အဇီပါး(ယောင်္ကျား)ပဲရှိတော့ ပျင်းဖို့သိပ်ကောင်းတယ်။ ကပူးက ရွာထဲအနှိပ်သွားရင် အိမ်မှာ အနူးတစ်ယောက်ပဲ ကျန်တယ်။ တခါတလေ တိတ်ဆိတ်လွန်းလို့ ကြောက်တောင် ကြောက်မိတယ်"
     ဆွေးဆွေးမြေ့မြေ့ ပြောနေသော နူးကျိန်ကိုကြည့်ပြီး စိတ်သက်သာရာရစေလိုသောစိတ်ဖြင့် သူက ပြန်ပြောလိုက်သည်။
      "ဒါနဲ့များ နူးကျိန်ရယ်။ ဘာခက်လို့လဲ။ သားသမီးတွေ ထပ်မွေးလိုက်ပေါ့"
     နူးကျိန်က မျက်လုံးပိတ်အောင် ရယ်သည်။ ပြီးမှ "မွေးချင်တာပေါ့ ဆရာပါးရယ်။ ဖြစ်မှမဖြစ်နိုင်တာ" ဟု ဆိုသည်။
     တခါတလေ နူးကျိန်က သားသမီးများ၏ အရေးတယူဂရုစိုက်မှုကို ခံယူလိုသောစိတ်ဖြင့် ဟန်ဆောင်တတ်သေးသည်။ နောက်ဖေးစိုက်ခင်းထဲ ပေါင်းနုတ်ရင်း ရုတ်တရက်ခါးနာသည်ဟုဆိုကာ သမီးငယ်နှင့်အတူ ဆေးခန်းလာပြသည်။ နူးကျိန်က လူနာစမ်းသပ်ကုတင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေသည်။ တင်ပါးကို အကိုက်အခဲပျောက်ဆေး တစ်ချက်ထိုးပေးသော်လည်း အော်နေမြဲပင်။ သူကတော့ နူးကျိန်အကြောင်း ကောင်းကောင်းသိသူ ဖြစ်သည်။ နူးကျိန်နှင့်အတူ လိုက်ပါနေကျ သမီးငယ်ကတော့ အော်ဟစ်ညည်းညူနေသော နူးကျိန်ကိုကြည့်ကာ စိတ်ပူနေဟန်တူသည်။ သူလည်း နူးကျိန်အနားကပ်ပြီး နှစ်ကိုယ်ကြားလေသံဖြင့်-
     "နူးကျိန်နော်။ အခုထိုးဆေးနဲ့ မသက်သာရင် တင်ပါးမှာ ဒီထက်နာတဲ့ဆေးထိုးမှ ပျောက်မှာ။ သောက်ဆေးစားကြည့်ပြီး မသက်သာမှ ပြန်လာခဲ့"
      အဲ့ဒီလိုပြောလိုက်မှ နူးကျိန်က အငိုတိတ်ပြီး "ခါးနာပျောက်သွားပြီ"ဟု ဆိုသည်။ နူးကျိန်က အဲဒီလိုဖြစ်သည်။
(၅)
     ဆေးခန်းလာပြရင်း နူးကျိန်က သတင်းကောင်းကို ပြောပြသည်။ နိုင်ငံခြားမှ သားနှစ်ဦးက ငွေပို့ပေးသဖြင့် သူတို့ လင်မယားနှစ်ဦး မျက်စိခွဲကြတော့မည်ဟု ပြောသည်။ ဆွေလိုမျိုးလို ခင်မင်နေကြသည်မို့ သူလည်း ဝမ်းသာရသည်။
     မကြာမီ နူးကျိန်တို့ဇနီးမောင်နှံနှစ်ဦး သမီးငယ်လင်မယားနှင့်အတူ ကလေးမြို့သို့ မျက်လုံးခွဲစိတ်ရန် ထွက်ခွာသွားကြောင်း ကြားသိရသည်။ အစစအရာရာ အဆင်ပြေကြပါစေဟု သူ ဆုတောင်းမိသည်။ တစ်ပတ်လောက်ကြာတော့ နူးကျိန်တို့ ပြန်ရောက်လာပြီဟု ကြားရသည်။ ပူမုန်၏ မျက်လုံးများကို ခွဲစိတ်ပြီး နူးကျိန်ကတော့ မခွဲဖြစ်ဟု ကြားသိရသည်။ ဘယ်လိုကြောင့် မခွဲဖြစ်မှန်း သူ မတွေးတတ်ပေ။
     တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်ရက်မှာ နူးကျိန် ဆေးခန်းလာပြသည်။ ဆေးခန်းလိုက်ပို့နေကျ သမီးငယ်က နို့စို့ကလေးငယ်ကို ခါးထစ်ချီပွေ့ရင်း လိုက်ပို့သည်။ နူးကျိန်မျက်နှာ သိပ်မကောင်းလှတာ သူ သတိထားမိသည်။ အရင်တုန်းကလို စကားများစွာမပြောဘဲ နှုတ်ဆိတ်နေသည်ကပင် ထူးခြားနေသည်။
     "သွေးပေါင်ချိန်ကတော့ ပုံမှန်ပါပဲ နူးကျိန်။ သွေးကျဆေးလည်း ကုန်နေပြီဆိုတော့ ကျွန်တော် ဆယ်ရက်စာ ထပ်ပေးလိုက်ပါမယ်။ ဆေးကုန်တဲ့အခါ ပြန်လာပြပါဦး"
      နူးကျိန်က ခေါင်းညိတ်ပြသည်။
      "ဒါနဲ့ နူးကျိန်က ဘာလို့ မခွဲဖြစ်တာလဲဗျ"
     နူးကျိန်က နှုတ်ဆိတ်နေချိန်မှာ သူ့သမီးငယ်က ဝင်ဖြေသည်။
     "အနူးက ခွဲစိတ်ဖို့ စစ်ဆေးနေတုန်း မူးလဲတယ်လေ။ အဲ့ဒါနဲ့ ဆရာဝန်က ခွဲလို့မဖြစ်ဘူး ပြောတယ်"
     သူ့တပည့်ကျော်ဟောက်ပူက နူးကျိန်အတွက် ဆေးဘီရိုထဲမှ ဆေးများကို ရှာဖွေထုတ်ယူနေသည်။ ထိုစဉ် နူးကျိန်သမီးငယ်က "ဆရာပါးရေ။ ဆေးတွေကို အနူးကိုပဲ ပေးလိုက်ပါ။ အိမ်မှာ ထမင်းအိုးကြီး မေ့ပြီး ပစ်ထားခဲ့မိတယ်။ အမြန်ပြေးလိုက်အုံးမယ်။ ပိုက်ဆံကို ကျွန်မ ပြန်လာပေးပါမယ်"ဟု ပြောကာ ဆေးခန်းအတွင်းမှ ခပ်သုတ်သုတ် ထွက်သွားလေသည်။
     ကုတင်​​ပေါ် အိပ်နေဆဲ နူးကျိန်ကို သူ အမှတ်​မထင်​ကြည့်လိုက်မိသည်။ နူးကျိန်၏ မျက်လုံးတွေထဲမှာ တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူ ကောင်းကောင်းသိနေသည်။
     "နူးကျိန် တကယ်မူးလဲတာရော ဟုတ်ရဲ့လား"
     နူးကျိန်က ပြုံးသည်။ အဓိပ္ပါယ်​များစွာ ပါဝင်နေသော အပြုံးဖြစ်သည်။
     "ဆရာပါးကတော့ သိမှာပါ။ ဟိုမှာကလည်း အစစအရာရာ ဝယ်စားရတယ်။ ပြီးတော့ သွေးတွေစစ်ရတာလည်း အများကြီးပဲ။ အဲဒါနဲ့ ခွဲစိတ်ဖို့ကျတော့ တစ်ယောက်စာပဲ လောက်တော့တယ်"
     "အဲဒါနဲ့ မူးလဲလိုက်ရောလား"
     နူးကျိန်က ပြုံးပြန်သည်။
     "ဆရာပါးရယ်။ အဖိုးကြီးမျက်လုံးတွေ ကောင်းကောင်းပြန်မြင်ရရင် ပြီးတာပဲ။ သူက ရွာထဲလှည့်ပြီး နှိပ်ရတာဆိုတော့ မမြင်လို့ မဖြစ်ဘူး။ အနူးမျက်လုံးတွေ ကောင်းကောင်းမြင်ရလို့ ဘာထူးမှာလဲ။ အဖိုးကြီးမျက်လုံးတွေ ပြန်မြင်ရတာဟာ အနူးမျက်လုံးတွေ ပြန်မြင်ရတာနဲ့ အတူတူပဲလေ"
     နူးကျိန်၏စကားကို ကြားလိုက်ရတော့ သူ အံ့သြမင်သက်မိသည်။ ခဏနေတော့ နူးကျိန်၏ သမီးငယ် ပြန်ရောက်လာပြီး ကျသင့်ငွေကိုရှင်းကာ နှစ်ဦးသားပြန်သွားကြသည်။
ရဲရင့်လုံ (ဆေး-မန်း)
FACES မုခ မဂ္ဂဇင်း
ဒီဇင်​ဘာ  ၂၀၁၆
Wednesday, March 22, 2017
လူငိုပင်
Zawgyi version
--------------------------------
၁။
၂။
၃။
၎။
၅။
" ဘယ်လောက် ယူမှာလဲ "
၆။
၇။
ကဲ  အေးရော မဟုတ်လား။
--------------------------
ရဲရင့်လုံ ( ဆေး / မန်း )
Unicode version
လူငိုပင် ( ရဲရင့်လုံ ဆေး/မန်း )
--------------------------------
၁။
တစ်ကယ်ဆို သူတို့အနေနဲ့ ဒီလိုမျိုးတော့ လုံးဝ မလုပ်သင့်ဘူးလို့ သူတွေးနေမိတယ်။ တကယ်တမ်း ပြောကြကြေးဆို ဒီအပင်ကလေး မြေချစိုက်ပျိုးကတည်းက ရေလောင်းတာလည်း သူတို့မပါ ပေါင်းသင်မြေဆွတော့လည်း သူတို့မကူညီ။ ကိုယ်တိုင် အိုကြီးအိုမနဲ့ ရေလောင်းပေါင်းသင်ပြီး ဒီအပင်လေးကို ပြုစုပျိုးထောင်ခဲ့ရတယ်။ အခုလို အသီးပွင့်တွေ ဝေဆာလာတော့မှ ဘီလူး သရဲသဘက်စီးသလို အာသာငမ်းငမ်း ဖြစ်နေကြတာကတော့ တကယ့်ကို တရားလွန်လွန်းပါတယ်။ ဟုတ်တယ်။ သူ့အနေနဲ့ တစ်ခုခုလုပ်တော့မှ ဖြစ်တော့မယ်မှန်းလည်း သူ သိလိုက်တယ်။
၂။
မျောက်ငိုပင်။ သူတို့ဒေသမှာတော့ အလွန်အဖိုးတန်တဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ အဖိုးတန်ဆိုအပင်က အချိန်တန်ရင်အသီးတင်ဖို့သာ လိုတယ်။ရောင်းဖို့ချဖို့
အတွက်က ကြောင့်ကြနေစရာမလိုဘူး။ ဝယ်လက်က နှစ်စဉ်မိုးရေးဘက်မှာ ရှိပြီးသား။ ဈေးလည်း ကောင်းကောင်းရသည်။မျောက်က အပင်ထိပ်ဖျားက အသီးကို တက်မဆွတ်နိုင်တဲ့အတွက် ထိုင်ငိုရလို့ မျောက်ငိုပင်လို့ ခေါ်ဆိုကြောင်း ရှေးလူကြီးများက ပြောဆိုကြတာ သူကြားဖူးသည်။မျောက်ငိုသီးကို ဈေးထဲမှာခင်းပြီး ထိုင်ရောင်းနေစရာမလိုဘူး။အပင်ပေါ်မှာတင်နေတဲ့ အသီးအခြေအနေကိုကြည့်ပြီး ပွဲစားတွေက အိမ်တိုင်ရာရောက် ဈေးလာဖြတ်ကြတာ။ ပွဲစားဖြတ်တဲ့ဈေးက နည်းနေတယ်ထင်ရင် ကိုယ်တိုင်ဈေးကိုင်လို့ရတယ်။ အဲ့ဒီလောက် မျောက်ငိုသီးက အဖိုးတန်တယ် အပင်စစိုက်ပြီး ငါးနှစ်သားဆို အသီးစသီးတယ်။ဆယ်နှစ်သားအရွယ်ဆို သီးအား အကောင်းဆုံးပဲ။ ဒီနယ်တစ်ဝိုက်မှာတော့ မျောက်ငိုပင်ကို အလေးထား စိုက်ပျိုးကြတယ်။
" သားသမီးတွေက စိတ်မချရဘူး။မျောက်ငိုပင်ကမှ တကယ်လုပ်ကျွေးတာ "
သူတို့ချင်းလူမျိုးတွေက မျောက်ငိုပင်နဲ့ပတ်သက်ပြီး အဲ့လိုတောင်ပြောကြဆိုကြတယ်။ ဟုတ်တော့လဲ ဟုတ်တယ် သားသမီးဆိုတာမျိုးက ကိုယ့်အပေါ် ကောင်းမယ် ဆိုးမယ်ဆိုတာ ကံသေကံမ ပြောလို့ရတာ မဟုတ်ဘူး မျောက်ငိုသီးက အချိန်တန်ရင် ဈေးကောင်းရတော့ အဲ့လိုမျိုး ပြောကြတာလေ။ သားသမီးတွေအကြောင်း ရုတ်တရက် တွေးမိတော့ သူ ပက်လက်ကုလားထိုင်ပေါ်မှာ ပွတ်ချွန်းဆေးလိပ်ကို မီးခိုးတထောင်းထောင်း ထအောင် ဖွာရှိုက်ရင်းက သက်ပြင်းမောကို တွင်တွင်ချမိသွားတယ်။
၃။
သားကြီး သြရသ "ဆေးလင်ကပ်" က တကယ်ဇူဟိုက်ပါး ( အရက်သမား )။ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ဘူး။ အလုပ်သာ လက်ကြောမတင်းတာ။ မဟုတ်တဲ့အကြောက တင်းလွန်းလို့ ယူလိုက်တဲ့ မိန်းမဆိုတာများ ခုယူခုကွဲနဲ့ ဘယ်နှစ်ယောက်မှန်းတောင် သူကောင်းကောင်း မမှတ်မိတော့ပါဘူး။ အင်းလေ မိုးလင်းကမိုးချုပ် သောက်စားမူးယစ်နေတဲ့ ကောင်ကို ဘယ်မိန်းမကများ ရေရှည်ပေါင်းသင်းနိုင်ပါ့မလဲ ဒါကြောင့် သင်း(ဒင်း)မိန်းမတွေ များနေတာ။
သူယူခဲ့တဲ့မိန်းမတွေကနေ ပေါက်ပွားခဲ့တဲ့ ဖအေတူမအေကွဲ မောင်နှမငါးယောက်က သူတို့အဖေ အရက်သမားနဲ့ တူတူနေကြတယ်။ ထုံးစံအတိုင်း လက်ရှိပေါင်းသင်းနေတဲ့ မိထွေးကိုတော့ ဟယ်နူး(အမေ)လို့ ခေါ်ကြတယ်။ အဲဒီမိထွေးမှာလည်း ငါးလအရွယ် နို့စို့ကလေးတစ်ယောက်န့ဲ။
" ဆေးကပ်ရာ သားကြီးရာ နင့်ကလေးတွေကို ဂရုစိုက်ပြီး စာသင်ကျောင်းအပ်ပါအုန်း ရပ်ထဲရွာထဲ နင့်ကလေးတွေ ဘယ်လောက်မျက်နှာငယ်ရလဲ နင်သိရဲ့လား။အဲ့ဒီ သေရည်ကိုပဲ တစ်နေကုန် သောက်နေရလား "
အချိန်ရရင် ရသလို သူ့သားကြီးဆေးကပ်ကို စိတ်လိုလက်ရ ဆုံးမတယ်။ ဆေးကပ်ကလည်း တကယ့်လူလည်ပါး။ အိမ်လာတိုင်း ဟုတ်ကဲ့ပါ အပါး စိတ်ချပါ အပါး ဆိုပီးအမြဲ အာမခံတယ်။ နောက်ကွယ်ကျမှ သူလုပ်ချင်တာ လုပ်တယ်။ ညနေဆိုရင် ဆေးကပ်အိမ်ကို သွားကြည့်ကြည့်ရင် အိမ်တိုင်မှီပြီး ဇက်ကျိုးနေတဲ့ ဆေးကပ်ကို တွေ့ရမှာ သေချာတယ်။
" ဆေးကပ်ရာ နင့်သားသမီးတွေ ဝတ်တဲ့အင်္ကျ ီဆို လူတကာသုံးတဲ့ လက်နှီးစုတ်လောက်တောင် မကောင်းတော့ဘူး။ ကလေးတွေကို အဝတ်စားသစ်လေး ဆင်ပါအုန်း "
" ဟုတ်ကဲ့ပါ အပါးရာ ကျွန်တော်လဲ အလုပ်ကိုင် အဆင်မပြေသေးလို့ပါ အပါးလဲသိရဲ့သား ဒီရက်ပိုင်းအလုပ်က ရှားလွန်းတယ် "
" ရှားမှာပေါ့ အားအားရှိ အရက်ပဲသောက်နေတာ မင်းကို ဘယ်သူကအလုပ်ပေးချင်မှာလဲ "
ဆေးကပ်က လက်သမားလုပ်တယ် ဒါပေမဲ့ အမြဲမူးနေတတ်တော့ ဘယ်သူမှ သိပ်မခိုင်းချင်ကြဘူး ပြောမယ့်သာပြောရတာ သူ လက်သမားလုပ်လို့ရတဲ့ ပိုက်ဆံက သူသောက်နေတဲ့ အရက်ဖိုးတောင် လောက်ပါ့မလားလို့ တစ်ခါတစ်လေ တွေးမိသေးတယ်။လက်ရှိမိန်းမက ကနန်ဈေးထဲမှာ ကုန်စိမ်း ရောင်းနေလို့သာ သူ့သားသမီးတွေ ငတ်မသေတာ။ နို့မို့ဆို မလွယ်ဘူး။
" အပါးကလဲဗျာ ကျွန်တော့ကိုပဲ အပြစ် ပြောနေတော့တာပဲ။ ကျွန်တော်က အဖေ့သား အကြီးဆုံးပါဗျ "
" ဟ အကြီးဆုံးမို့ ပြောနေတာပေါ့ကွ။ ကိုယ်က အငယ်တွေအတွက် စံပြဖြစ်အောင်နေပြရမှာ။ ခုတော့တစ်ရွာလုံးက နင့်ကို အသုံးမကျတဲ့ ဇူးဟိုက်ပါး (အရက်သမား)လို့ပြောတာ ငါတကယ် ရင်နာတယ် "
" အင်းပါ အပါးရာ တဖြည်းဖြည်းနဲ့ ပြင်ပါ့မယ်။ အခုတော့ ထုံးစံအတိုင်း ဟဲဟဲ "
ဆေးကပ်က အဆီပြန်နေတဲ့စပ်ဖြဲဖြဲမျက်နှာနဲ့ သူ့ရှေ့မှာ လက်ဝါးဖြန့်တယ်။ အရက်နံ့တွေကလည်း တထောင်းထောင်းထလို့ စိတ်ပျက်တာအဲ့ဒါပဲ။ ဆေးကပ်လုပ်စာဆိုတာ သူ့ဘဝတစ်သက်တာမှာ သူကောင်းကောင်း မစားခဲ့ဖူးတာ အမှန်ပဲ။ ညနေဆို မူးမူးရူးရူးနဲ့ အိမ်ကိုလာ ပြောဆိုသမျှကို ကြမ်းပြင်ပေါ်မှာ ထိုင်နားထောင် အချိန်တန်ပြီဆို သူ့ရှေ့လက်ဝါးဖြန့် ပိုက်ဆံတောင်းတယ်။ သင်းမို့ အရှက်အကြောက်မရှိ အိုကြီးအိုမ အဖေဆီက ပိုက်ဆံတောင်းဝံ့သေးတယ် ဒါပေမဲ့ အဖေလေ သိတယ်မဟုတ်လား။
" ငါ့ဆီကနေ နေ့တိုင်း ပိုက်ဆံတောင်းတာ နင်မရှက်ဘူးလား။ ငါ့မှာလဲ ဘာဝင်ငွေမှမရှိတာ နင်လည်းသိနေတာပဲ မလေးရှားက နင့်ညီနှစ်ယောက် ပို့တဲ့ ပိုက်ဆံနဲ့ ချွေတာစားသောက်နေရတာ "
" ကျွန်တော်သိပါတယ် အပါးရာ ကျွန်တော် အဆင်ပြေတဲ့အခါ အပါးကို ပစ်မထားပါဘူး အခုလောလောဆယ် ကျတော့်မှာ ပိုက်ဆံပြတ်နေလို့ပါ လုပ်ပါ အပါးရာ "
ဒီအရက်သမားကို ဆက်ပြောနေရင်လည်း ဘာမှ အကြောင်းထူးလာမှာ မဟုတ်မှန်း သူ ကောင်းကောင်း သိတယ် ဒါနဲ့ အကျီအိတ်ထဲ အမြဲဆောင်ထားဖြစ်တဲ့ ငါးရာတန်တစ်ချပ်ကို နားအေးပြီးရော ထုတ်ပေးလိုက်တယ်။
လိုချင်တာလဲရရော ဆေးကပ်က အိမ်ပေါ်ကနေ လေကလေးတချွန်ချွန်နဲ့ ထပြန်သွားတယ်။ ခြံပေါက်ဝရောက်ခါနီးမှာ ခြံထောင့်ကအသီးတွေဝေနေတဲ့ မျောက်ငိုပင်ကို ကြည့်ပြီး " အပါး မျောက်ငိုပင်က ဒီနှစ်အသီးများတယ်နော် " လို့ပြောတယ်။ သူ့ကိုပဲ လှမ်းပြောသလား သူ့ကိုယ်သူပဲ ပြောနေတာလား ဆိုတာ သိပ်မကွဲပြားဘူး။ အဲဒီနောက် ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ဒယိမ်းဒယိုင်ထွက်သွားတဲ့ သူ့သားကြီးရဲ့ကျောပြင်ကို ကြည့်ပီး ထုံးစံအတိုင်း သက်ပြင်းမောကို ချမိပြန်တယ်။
၄။
သူ့သမီး ကင်းဘွိုင်ကျတော့တစ်မျိုး။မိန်းမတန်မဲ့ နှစ်လုံး သုံးလုံးထိုးတာ ဝါသနာကြီးလွန်းတယ်။ဘယ်လောက် ဝါသနာကြီးလဲဆို အိမ်မှာချက်ပြုတ်နေတဲ့ ထမင်းအိုးတောင် ပေါင်ပီးချဲထိုးပစ်တယ် ထုံးစံအတိုင်း အချိန်တန်ရင် ဒီအဖေအိုကြီးကိုပဲ လာဒုက္ခပေးကြတယ်။
" သမီးကို ပိုက်ဆံနှစ်ထောင်လောက် ခဏချေးပါ အပါးရယ် အရေးတကြီးလိုနေလို့ "
သူ့သမီး အိမ်မလာခင်ကတည်းက သတင်းအတိအကျ ရပြီးသား။ ဒါပေမ့ဲ သူက မသိသလို မေးလိုက်တယ်။
" ဘာလုပ်မလို့လဲ ကင်းဘွိုင် "
ကင်းဘွိုင်ပုံစံက ဘာမှမဖြစ်သလိုပုံစံနဲ့ "ထမင်းပေါင်းအိုး ပေါင်ထားတာ ရွေးမလို့ " လို့ အေးအေးဆေးဆေးပြန်ဖြေတယ်။ သူ့သမက်က ကနန်-ကလေး ပြေးနေတဲ့လိုင်းကားမှာ စပါယ်ယာလုပ်ပီး
မိသားစုကို ရှာကျွေးတယ်။ တကယ်တမ်း အသုံးမကျတာက သူ့သမီးအရင်းခေါက်ခေါက်။ ယောကျာ်းရှာသမျှ နှစ်လုံံး သုံးလုံး ဖြုန်းနေတာ။ သူ့ယောကျာ်းဘယ်လောက်ရှာရှာ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတော့ ဘယ်မှာ စီးပွားဖြစ်လိမ့်မလဲ။
ပြောနေရင်လဲအပိုဖြစ်အေုန်းမှာမို့ ဘယ်တော့မှ ပြန်မရတော့မယ့် ပိုက်ဆံနှစ်ထောင်ကို သူ အသာတကြည်ပဲ ထုတ်ချေးလိုက်ပါတယ်။ လူကြီးဆိုတော့လည်း မနေသာဘူး ပြောမိပြန်ရော။
" နင်လည်း မငယ်တော့ဘူး ကင်းဘွိုင် နင့်ကလေးတွေရဲ့ ရှေ့ရေးကလည်းရှိသေး မကောင်းတဲ့အဲဒီဝါသနာကြီးကို စွန့်လွှတ်လိုက်တော့ "
" အပါးကလဲပြောလိုက်ရင် အဲ့ဒါမျိုးချည်းပဲ။ အပါးသားသမီးတွေထဲမှာ မိန်းကလေးက သမီးတစ်ယောက်တည်းပါ။ အပါးအိမ်မလာလိုက်နဲ့ လာတိုင်း အပြစ်ပြောနေတော့တာပဲ အဲ့ဒါကြောင့် အပါးအိမ် သမီး မလာချင်တာ "
ကိုယ့်အဖေအိမ်ကို တစ်နှစ်နေလို့ ဟင်းတစ်ခွက်တောင် မရောက်တဲ့လူက ဒါမျိုးပြောဖို့တော့ တတ်တယ်ဆိုပြီး စိတ်အချဉ်ပေါက်ပေါက်နဲ့ သူတွေးနေမိတယ်။ သူလိုချင်တာရတော့ အဖေအိုကို တစ်ခွန်းမကျန် ပြန်ပတ်တော့တာပဲ။
" နင့်အတွက်ပြောတာပါ ကင်းဘွိုင်ရယ် သေချာတွေးကြည့်ပါဦး "
"တော်ပီအပါးရာ နောက်ဆို အပါးအိမ် မလာတော့ဘူး "
သူ့သမီးကင်းဘွိုင်က သူ့ကို စိတ်ဆိုးလက်ဆိုး ပြန်ပြောပြီး သူ့အိမ်ဝန်းထဲကနေ ပေါက်ဆတ်ပေါက်ဆတ်နဲ့ ထွက်သွားတယ်။ ခြံတံခါးဝနားအောက်မှာ ခြံထောင့်က မျောက်ငိုပင်ကိုကြည့်ပြီး ပြုံးလိုက်တာကို သူ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။
၅။
အားလုံးထဲမှာ အဆိုးဆုံးကတော့ အငယ်ကောင် ထန်သင့်လာလ်။ အိမ်မှာတော့ ဒေးဗစ်လို့ခေါ်တယ်။ အငယ်ဆုံးမို့ ဆိုးတာ မဆန်းဘူးလို့ ပြောလို့ရပေမဲ့ ဒီကောင်ဆိုးပုံကျတော့ တစ်မျိုး။ ဒီကောင်ဆိုးတာက ဖဲကို ထမင်းမေ့ဟင်းမေ့ ရိုက်တယ်။ တစ်ခါတစ်လေများဆို နှစ်လသုံးလကြာအောင် အိုးပစ်အိမ်ပစ်ခရီးထွက်ပြီး ရိုက်သေးတယ်။
အိမ်ထောင်လည်းကျပြီးပြီ။ သူ့သားလေးက အခုမှ အခါလည်တာ။ သူ့မိန်းမက အိမ်ဆိုင်လေး ဖွင့်ထားတယ်။ သူ့မိန်းမရှာသမျှ ဒေးဗစ်က ဖဲရိုက်ပစ်တယ်။ အဲ့တော့ သူတို့အိမ်ဆိုင်က မကြာခဏဆိုသလို အရင်းပြုတ်တယ်။ အရင်းပြုတ်မှ အပါးအပါးဆိုပီး သူ့အိမ်ဆီ ဒေးဗစ် ရောက်လာတတ်တယ်။ အခုလည်း ဒေးဗစ် အိမ်ရောက်လာတော့ မျက်ခုံးက ခပ်လှုပ်လှုပ်ဖြစ်ရတယ်။ ရှည်ရှည်ဝေးဝေး သိပ်မေးမနေတော့ပါဘူး။
" ဘာလဲ ဆိုင်အရင်းပြုတ်ပြန်ပြီလား"
ဒေးဗစ်က ရယ်ကျဲကျဲန့ဲ" ဟုတ်တယ် အပါး " လို့ ပြန်ဖြေတယ်။ အဲဒါဆိုသိလိုက်ပြီ။ဒေးဗစ်က သူ့ဆီလာတာ ပိုက်ဆံချေးဖို့ဆိုတာ။ နင့်အကိုနှစ်ယောက် ချွေးထွက်အောင် အလုပ်လုပ်ပြီး သူများနိုင်ငံမှာ ကျွန်ခံပြီးမှ ရတဲ့ပိုက်ဆံနဲ့ ငါ့မှာ သုံးနေရတာ ဆိုတဲ့ဓါတ်ပြားဟောင်းကြီးကို ဖွင့်မနေတော့ပါဘူး။
" ဘယ်လောက် ယူမှာလဲ "
" နှစ်သောင်းလောက်ရမလား အပါး "
" နှစ်သောင်းတော့မရဘူး တစ်သောင်းပဲရမယ် ငါ့မှာလဲ သိပ်ရှိတာမဟုတ်ဘူး။ နင့်အကိုတွေ ငွေမပို့နိုင်တာ အတော်ကြာပီဆိုတာ နင်လည်း အသိပဲ "
သူတို့ကအချိန်တန် ဒီအဘိုးကြီး ငွေတွင်းကိုပဲ လာလာနှိုက်နေကြတာ မဟုတ်လား။ တကယ်ဆိုသူ့မှာ ဘာအလုပ်အကိုင် ဘာဝင်ငွေမှမရှိတာ သူတို့ မသိတာလဲမဟုတ်။ သူ့သားသမီးတွေက သူ့ဆီက ပိုက်ဆံချေးတယ်သာဆိုတယ် ဘယ်သူမှလည်း ပြန်ဆပ်ကြတာ မဟုတ်ဘူးလေ။
သူ့ဆီက လိုသလောက်မရတော့ ဒေးဗစ်မျက်နှာက အောင့်သက်သက်မျက်နှာထားနဲ့ သူပေးတဲ့ပိုက်ဆံကို မယူချင်ယူချင်နဲ့ လှမ်းယူတယ်။ ပြီးတော့ ဘာမှပြန်မပြောပဲ ခပ်ကုပ်ကုပ်ပြန်ထွက်သွားတယ်။
" ဖဲချည်းရိုက်မနေနဲ့ အိမ်ကိုလည်းဂရုစိုက်အုန်း "လို့ ပြောချိန်တောင်မရလိုက်ဘူး။ခြံဝရောက်ခါနီးမှာတော့
" အပါး မျောက်ငိုပင်က အသီးတွေ အများကြီးပဲ "လို့ လှမ်းအော် ပြောလိုက်သေးတယ်။
၆။
ပြဿနာက မျောက်ငိုသီးကစ,တာပဲ။ သင်းတို့ကပွဲစားတွေကို အိမ်ခေါ်လာကြတယ်။ ပွဲစားမတွေက အသီးတွေ ဝေနေတဲ့ မျောက်ငိုပင်ကိုကြည့်ပီး ဈေးဖြတ်ကြတယ်။ သူဘာမှ ဝင်မပြောဘူး။အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ ထိုင်ပီး အသာပဲကြည့်နေလိုက်တယ်။
ပွဲစားမတွေက အချင်းချင်းရန်ဖြစ်လုမတတ် အော်ကြီးဟစ်ကျယ် ဈေးဖြတ်ကြတယ်။ အဖိုးတန်တဲ့အသီးဆိုတော့ သူတို့လဲအမြတ်များများ လိုချင်ကြတာကိုး။ သူ့သားသမီးသုံးယောက်နဲ့ ပွဲစားမတွေ ဈေးဖြတ်နေလိုက်ကြတာ လက်ပံပင် ဆက်ရက်ကျတဲ့အတိုင်းပဲ။ သူ ဘာမှဝင်မပြောသေးဘူး။
တဖြည်းဖြည်းန့ဲ ပွဲကကြမ်းလာတယ်။ နင်ကဘာမို့လဲ ငါက ဘာမို့လဲန့ဲ ဒေါသသံတွေ စွတ်လာကြပြီ။ အရှက်ကင်းမဲ့စွာ ပြောဆိုနေလိုက်ကြတာများ တစ်မအေတည်းက မွေးလာတာမဟုတ်ကြသလိုပဲ။
" ဟဲ့ ခွေးကောင် ဒေးဗစ် နင်မရိုင်းနဲ့ ငါက နင့်အမဟဲ့ "
" လူပါးဝတာက နင်ဟဲ့ တိရိစ္ဆာန်မရဲ့ "
" ငါကသားအကြီးဆုံး ဒီအပင် ငါနဲ့ပဲဆိုင်တယ် "
သူကတော့ အရှက်မဲ့တဲ့ သူသားသမီးတွေ အဖြစ်ကို ပက်လက်ကုလားထိုင်ပေါ်ကနေ ပွတ်ချွန်းဖွာရင်း ထိုင်ကြည့်နေခ့ဲတယ်။ သူ ဘာတစ်ခုမှ ဝင်မပြောဘူး။
သူ့သမီး ကင်းဘွိုင်က အငယ်ကောင် ဒေးဗစ်ကို ပါးရိုက်ပစ်လိုက်တယ်။ ဒေးဗစ်က သူ့အစ်မမျက်နှာကို လက်သီးနဲ့ထိုးတော့ ပက်လက်လန်လဲကျတယ်။ သူ့ညီမကို အဲဒီလိုထိုးရမလားဆိုပြီး အကြီးကောင် ဆေးကပ်က ဒေးဗစ်ခေါင်းကို ပျဉ်တိုတစ်ချောင်းနဲ့ ကောက်ရိုက်ပစ်လိုက်တာ သွေးတွေမှ ရဲခနဲ ဖြာကျလာတယ်။
ဖြစ်ပျက်နေတာက ကမ္ဘာပျက်နေတ့ဲ အတိုင်းပဲ။ ပွဲစားမသုံးယောက်လဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ အနှစ်ချုပ်လိုက်တော့ ကင်းဘွိုင်နဲ့ ဒေးဗစ် ဆေးရုံတက်လိုက်ရတယ်။ ဆေးကပ်ကတော့ ညတွင်းချင်း အချုပ်ခန်းရောက်သွားတယ်။ ကင်းဘွိုင်က ဘယ်မျက်လုံးမှာ အညိုအမည်းစွဲလို့ ဆေးရုံမှာ တရှုပ်ရှုပ်ငိုနေတယ်လို့ သူကြားတယ်။ အကြီးကောင် ဆေးကပ်မိန်းမလည်း သူ့အိမ်လာငိုတယ်။ဒီပြဿနာ သူနဲ့ မပတ်သက်ကြောင်းပဲ ပြောလွှတ်လိုက်တယ်။ ဖြစ်နိုင်ရင် ဒီအချိန်မှာ သင်းတို့အကြောင်း စိတ်လည်း မဝင်စားဘူး ကြားလည်းမကြားချင်ဘူး။
ဟုတ်တယ်လေ တစ်ကယ်ဆို သူတို့အနေနဲ့ ဒီလိုမျိုးတော့ လုံးဝမလုပ်သင့်ဘူးလို့ သူတွေးနေမိတယ်။ တကယ်တမ်း ပြောကြကြေးဆို ဒီအပင်ကလေး မြေချစိုက်ပျိုးကတည်းက ရေလောင်းတာလည်း သူတို့မပါ ပေါင်းသင်မြေဆွတော့လည်း သူတို့မကူညီ။ သူကိုယ်တိုင် အိုကြီးအိုမနဲ့ ရေလောင်းပေါင်းသင်ပြီး ဒီအပင်လေးကို ပြုစုပျိုးထောင်ခဲ့ရတယ်။ အခုလို အသီးပွင့်တွေ ဝေဆာလာတော့မှ ဘီလူး သရဲသဘက်စီးသလို အာသာငမ်းငမ်း ဖြစ်နေကြတာကတော့ တရားလွန်လွန်းတယ်။ ဟုတ်တယ်။ သူ့အနေနဲ့ တစ်ခုခုလုပ်တော့မှ ဖြစ်တော့မယ်မှန်းလည်း သိလိုက်တယ်။
၇။
မနက်မိုးလင်းတော့ သူ့သားသမီးသုံးယောက် လူစုံတက်စုံနဲ့ သူ့အိမ်ကိုရောက်လာကြတယ်။ သူ့ရှေ့မှာ ရို့ကျိုးတဲ့ပုံစံနဲ့ ကြမ်းပြင်ပေါ် ထိုင်ကြတယ်။ သူကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ပွတ်ချွန်းဖွာမပျက် ထိုင်နေတယ်။ မောင်ရင်းနှမရင်းတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်လဲ ကျေအေးလိုက်ကြပြီလို့ သူ့ကိုပြောတယ်။ မျက်လုံးတစ်ဖက် ပိတ်လုအောင် ညိုမည်းဖူးရောင်နေတဲ့ ကင်းဘွိုင်က ကြာကြာဟန်မဆောင်နိုင်တော့ပဲ ခြံထောင်က အပိုင်းပိုင်း ခုတ်ထစ်ထားတဲ့မျောက်ငိုပင်ကို ကြည့်ပီး အလန့်တကြား ထမေးတယ်။
" အပါး မျောက်ငိုပင်ကြီးကို ဘာလုပ်လိုက်တာလဲ "
" မြင်တဲ့အတိုင်းပဲလေ ညက လူငှားခေါ်ပီး အပင်လှဲခိုင်းလိုက်တာ "
ကင်းဘွိုင်က သူ့စကားကို စိတ်ပျက်သလိုလိုနဲ့ ကျွတ်ခနဲ စုတ်သပ်တယ်။ အငယ်ကောင်ဒေးဗစ်က မနေနိုင် မထိုင်နိုင်ဝင်ပြောတယ်။ နှမျောစရာကြီး အပါးရာတဲ့။ သူက အေးဆေးပဲ ပြန်ဖြေတယ်။
" နင်တို့ပဲစဉ်းစားကြည့် ဒီအပင်ကြောင့် နင်တို့အားလုံး ဆေးရုံရောက် အချုပ်ထဲရောက်တဲ့လူ ရောက်နဲ့ ။ တစ်ကယ်တော့ မျောက်ငိုပင်ဆိုပေမဲ့ မျောက်က မငိုရဘူး နင်တို့ပဲငိုရတာ မဟုတ်လား။ အဲ့ဒါကြောင့် ညတုန်းက ချက်ခြင်း လူငှားပြီး ခုတ်လှဲခိုင်းလိုက်တာ "
တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ သားအကြီးကောင် အရက်သမားက အထစ်ထစ်အငေါ့ငေါ့ ဝင်မေးတယ်။
" အဲ့ အဲ့ဒါဆို မျောက်ငိုသီးတွေကရောဟင် " 
သူလည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်တယ်။
" ငါ မနက်အစောကြီး ဂုန်နီအိတ်ထဲထည့်ပြီး နန်ပေါလာချောင်းထဲ မျှောပစ်လိုက်ပီ "
ကဲ  အေးရော မဟုတ်လား။
--------------------------
ရဲရင့်လုံ ( ဆေး / မန်း )
ရွှေအမြုတေမဂ္ဂဇင်း မေလ ၂၀၁၅
credit -  ရဲရင့်လုံ ဆေး- မန်း FB account