ကျောက်မီးသွေးမှုန့်တွေကို ပြောင်အောင်မသုတ်သူဗန်ဂိုး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
( ၁ )
တက္ကသိုလ်ဝင်တန်း မြန်မာစာပြဋ္ဌာန်းစာအုပ်မှ "မိတဆိုးရှင်ပြု" ကိုယ်တွေ့ဝတ္ထုကို သင်ပေးရသည့်အခါတိုင်း ကျွန်တော်သည် ဦးဖိုးကျားတို့အဖွဲ့နှင့် ဖိုးဝိုင်းအစုရွာသားများ အဖွဲ့ကျနေပုံကို သဘောကျမိပါသည်။ စာဖတ်သူကို ကြည်နူးမှုသန္တရသများ ပေးစွမ်းနိုင်ပါ၏။ အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် လက်ပံတန်းမြို့ အမျိုးသားကျောင်းအုပ်ကြီး ဦးစံရွှေတို့၏ ပေါင်းသင်းဆက်ဆံတတ်မှု၊ ကူညီဖေးမတတ်မှု၊ စာနာသနားတတ်မှုကို ချီးကျူးမိပါသည်။
မြို့အရပ်မှလာသော အင်္ဂလိပ်စာတတ်ပေတတ်၊ အမျိုးသားပညာဝန်၊ ကျောင်းအုပ်ကြီး စသူတို့က ကိုထွန်းကျော်၏ မိတဆိုးရှင်ပြုပွဲကလေးကို ငွေအားသာမက လူအားဖြင့်လည်း ကူညီကြသည်မှာ တောအရပ်ကရွာသားများကို အံ့အားသင့်စေပါသည်။ ဦးဖိုးကျားတို့လူစုသည် အတင်းဝင်၍ ထင်းခွဲခြင်း၊ ရေခပ်ခြင်း၊ ဆေးကြောခြင်း၊ ကြော်လှော်ခြင်း၊ စသည်တို့ကို အားတိုက်လုပ်ကိုင်ကြ၏။
ဦးဖိုးကျားက တံမြက်စည်းကို ဟန်ကျပန်ကျလှည်းပြပြီး ဦးစံရွှေကြီးက ပန်းကန်ခွက်ယောက်များကို စင်စင်ကြယ်ကြယ်ဆေးပြလိုက်သောအခါ ရွာသားများသည် အားရပါးရရယ်မောကြပါလေတော့သည်။ ဦးဖိုးကျားတို့အဖွဲ့နှင့် ရွာသူရွာသားများ ချက်ချင်းပင် တသားတည်းဖြစ်သွား၏။ နွေးထွေးပျော်ဝင်သွား၏။ စာဖတ်သူကိုပင် ကူးစက်ခံစားသွားစေပါသည်။
ဦးဖိုးကျားတို့လူစုကို ရွာသူရွာသားများက သူတို့လူ၊ သူတို့ဘက်တော်သားဟု တခါတည်းယုံမှတ်လိုက်ကြပါသည်။ ဦးဖိုးကျားတို့လူစုသည် မြေနှင့်နီးသောလူများ ဖြစ်ကြ၏။ ရွာသူရွာသားများ၏ နှလုံးသားကတောင်းဆိုသံကို နားလည်တတ်ကြသူများ ဖြစ်ကြပါ၏။
( ၂ )
မိမိကိုယ်ကိုယ် နိမ့်ကျသူဟု၊ အားနည်းသူဟု လက်ခံထားကြသူများသည် သိမ်ငယ်စိတ်နှင့် ညှိုးမှိန်နေတတ်ကြပါသည်။ အငုံ့စိတ်ကိန်းအောင်းကာ အရာရာမဝံ့မရဲဖြစ်နေတတ်ကြ၏။
မိမိတို့ကို နှိမ့်ချ၍ဆက်ဆံတတ်သူ၊ ခွဲခြား၍ဆက်ဆံတတ်သူများကို ရှောင်ရှားလိုကြသည်။ မမြင်တွေ့လို။ မပေါင်းသင်းလို။
ကျွန်တော်သည် ကလေးမြို့နှင့် ကလေးဝမြို့ကြား မြစ်သာမြစ်ဘေးတနေရာရှိ ထုံးဖိုတခုတွင် တလကိုးသီတင်းနေခဲ့ဖူး၏။ ကုမ္ပဏီပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ထုံးဖုတ်အလုပ်သမားများနှင့် အတူတကွနေခဲ့ရ၏။ အလုပ်သမားမိသားစု ခုနစ်စုရှစ်စု ရှိပါသည်။ မိသားတစုလျှင် တတဲနှုန်းဖြင့် တဲကလည်း ခုနစ်တဲရှစ်တဲရှိပါသည်။ ကလေးကလောင်းများကလည်း တိုးလိုးတွဲလောင်းကိုယ်စီဖြစ်ပါ၏။
ညနေညနေ အလုပ်သိမ်းချိန်ရောက်လျှင် ထုံးဖိုကမ္ဘာလေးသည် ဆူညံပွက်လောရိုက်နေတတ်ပါသည်။ အဝတ်မပါ၊ ကိုယ်တုံးလုံး၊ နှပ်ချေးတတွဲတွဲနှင့် အနာဂတ်၏မျိုးဆက်လောင်းကလေးများသည် အချင်းချင်းဆော်ပလော်တီးနေတတ်ကြသည်။ ကလေးချင်း ရန်ဖြစ်လျှင် အမေချင်း ကလော်တုပ်ကြတော့၏။ အမေချင်း ကလော်တုပ်ကြလျှင် ခပ်ထွေထွေဖြစ်နေကြပြီဖြစ်သော အဖေချင်း အော်ဟစ်ဆဲဆိုကြတော့သည်။
ဤသို့ ရန်ပွဲက အရှိန်မြင့်တက်လာပြီဆိုလျှင် ထုံးဖိုကို အုပ်ချုပ်နေသူအဖိုးကြီး ဆင်းချလာတော့၏။ လက်ထဲမှာ ကိုင်လာတာက ဂျင်ကလိ။ အဖိုးကြီးက လှည့်ပတ်ကြိမ်းမောင်းလိုက်လျှင် ထုံးဖိုကမ္ဘာလေးသည် ငြိမ်ကျသွားတော့၏။
အဖိုးကြီးသည် တကယ်လုပ်မည့်သူ ဖြစ်၏။ ကျွန်တော်က အဖိုးကြီးတဲတွင် နေ၏။ ထောင်ထဲမှာတုန်းက သွားတိုက်တံကို ကြမ်းပြင်နှင့်သွေးကာ သူ့ကို ရန်စခဲ့သူ ထောင်သားတဦး၏မျက်လုံးတဖက်ကို ထိုးဖောက်ပစ်ခဲ့သည်ဟု ပြောဖူး၏။ သူကား ရဲဘက်ပြန်တယောက် ဖြစ်ပါ၏။ သူ့အရပ်နှင့် သူ့ဇာတ်သည် ဟပ်၍နေပါတော့သည်။
ထုံးဖိုကမ္ဘာလေးသည် ပူလောင်အိုက်စပ်နေသော ငရဲကမ္ဘာလေးတခုတော့လည်း မဟုတ်ပါ။ ချစ်မေတ္တာရနံ့ ထုံသင်းနေသော "ရေယဉ်စီးတဲ့ တောမြိုင်သာ"ကလေးတခုလည်း ဖြစ်နေပြန်ပါသည်။ မိသားတစု တတဲဖြင့် အကွဲကွဲအပြားပြားဖြစ်နေသော်လည်း ကွဲပြားနေသောတဲများ ပေါင်းလိုက်သောအခါ မိသားတစုပြန်ဖြစ်သွားပါသည်။ ရန်ဖြစ်ကြလျှင်လည်း ခဏသာဖြစ်၏။ ပြီးတော့လည်း သူ့ရှိတာ ကိုယ့်ပေး၊ ကိုယ့်ရှိတာ သူ့ကျွေးကြပါသည်။
ထုံးဖိုနေရာတွင် ကျွန်တော့်ရှေ့က တာဝန်ကျသော ကုမ္ပဏီဝန်ထမ်းတယောက်သည် ထုံးဖိုကမ္ဘာလေးနှင့် အဆင်မပြေပါ။ ထုံးဖိုကမ္ဘာလေး၏ နှလုံးသားကို မြင်အောင်မကြည့်နိုင်ပါ။ အပေါ်ယံကြမ်းရှသော ရုပ်သွင်လက္ခဏာများကို ကြည့်ကာ နှာခေါင်းရှုံ့တတ်သူ ဖြစ်ပါသည်။ ထုံးဖိုကမ္ဘာလေးနှင့် အနေခွာခွာ၊ အစားခွာခွာနေတတ်သော သူ့စရိုက်ကြောင့် သူ့ကို ထိုနေရာမှ ဖယ်ထုတ်လိုက်ရပါတော့သည်။
ထုံးဖိုကမ္ဘာလေး၏ နှလုံးသားကို ဖမ်းဆုပ်နိုင်သော ကျွန်တော့်သူငယ်ချင်း အခြားဝန်ထမ်းများမှာ ထုံးဖိုကမ္ဘာလေးနှင့် အဆင်ပြေလှပါသည်။ သူတို့လူ သူတို့ဘက်တော်သားဟု ထင်မှတ်သွားလျှင် သူတို့က နေရာအမြင့်အမြတ်ကို ပေးတတ်ကြပါသည်။ ဝပ်တွားခယဖို့ ဝန်မလေးတတ်ကြတော့ပါ။ အစားကောင်း အသောက်ကောင်းကလေးများကို လာပေးတတ်ကြ၏။ ကိုယ့်ကို စောင့်ရှောက်ပေးတတ်ကြ၏။ ကိုယ့်ကို ကာကွယ်ပေးတတ်ကြ၏။
ကိုယ်က သူတို့လူအဖြစ် သေချာနေဖို့တော့လိုပါသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်ရမည်။ သူတို့နှင့် ထမင်းတဝိုင်းတည်း စားနိုင်ရပါမည်။
( ၃ )
ကျွန်တော်တို့မတ္တရာတွင် အနာကြီးရောဂါကုသသည့် ဆေးရုံတရုံရှိပါသည်။ ဆေးရုံနှင့် မလှမ်းမကမ်းတွင် အနာကြီးရောဂါသည်မိသားစုဝင်များ နေထိုင်သော ရွာတရွာရှိပါသည်။ ရွာကလေး၏အမည်မှာ နံ့သာမြိုင်ဖြစ်၏။ ရွာနာမည်ပေးခဲ့သူကို ကျွန်တော် ချီးကျူးမိပါသည်။ ကြင်နာတတ်သူတယောက် ဖြစ်ပါလိမ့်မည်။
ကျွန်တော်သည် ထိုရွာကလေးသို့ ၂၀၀၃ခုနှစ်က ရောက်ဖူးခဲ့ပါ၏။ ထိုရွာကလေး၏ ကိစ္စအဝဝမှန်သမျှကို စောင့်ရှောက်ကူညီပေးနေသူမှာ မန္တလေးမြို့မှ ဆရာဦးအုန်းငွေ ဖြစ်ပါသည်။ ၂၀၀၃ခုနှစ်တွင် နံ့သာမြိုင်ကျေးရွာမှ ကလေးငယ်များအတွက် ရှင်ပြုအလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲကျင်းပကြပါသည်။ ရှင်တရာအလှူပွဲဟု ကျော်ကြားပါသည်။ ရုပ်သံရိုက်ကူးမှုများလည်း ပြုလုပ်ကြ၏။
ထိုအလှူပွဲသို့ ဆရာမောင်သွေးသစ်၊ ဆရာချစ်စံဝင်း၊ ဆရာမောင်သင်းပန်တို့ လာကြ၏။ ဆရာမောင်သွေးသစ်သည် သူ၏ "သာသနာ့တံတိုင်းနှင့် နံ့သာမြိုင်စခန်း လှခဲ့ပြီ" ကဗျာတပုဒ်ကို ဆိုင်းဝိုင်းကြီးနှင့် တွဲဖက်ရွတ်ဆိုခဲ့ပုံကိုလည်း အမှတ်ရနေမိပါသည်။ နားထောင်ရသူအပေါင်းမှာ ကဗျာနှင့်အတူစီးမျောကာ ကရုဏာရသများ တဖွားဖွားဖြစ်ပေါ်ခံစားခဲ့ရပါသည်။ ကဗျာရွတ်ဆိုအပြီးတွင် အင်္ဂလန်မှာနေထိုင်သူ အမျိုးသမီးတဦးက ဆုတော်ငွေ သုံးသောင်းကျပ် ချီးမြှင့်လိုက်ပါသည်။ ဆရာမောင်သွေးသစ်က ရရှိသောဆုတော်ငွေကို အလှူထဲသို့သာ ပြန်လည်လှူဒါန်းခဲ့ပါ၏။
ကျွန်တော်သည် မတ္တရာက ကျွန်တော့်ဆရာများနှင့် ဆက်စပ်ကာ ထိုအလှူပွဲသို့ ရောက်ခဲ့၏။ အလှူပွဲသို့ ပါဝင်အားဖြည့်ခဲ့၏။ နံ့သာမြိုင်ရွာသို့ လည်ပတ်ခွင့်ရခဲ့၏။
အလှူပွဲပြီးသည့်နောက်တွင် နံ့သာမြိုင်ရွာရှိ တက္ကသိုလ်ဝင်တန်းကလေးငယ်များကို ခဏတာစာသင်ပေးခဲ့ပါသည်။ ကျွန်တော်တို့ဆရာတသိုက်သည် မတ္တရာမြို့ပေါ်မှ နံ့သာမြိုင်ရွာသို့ အစုအဖွဲ့လိုက် သွားသွားသင်ကြပါသည်။ ရွာလူကြီးများသည် ကျွန်တော်တို့ ဆရာတသိုက်ကို အိမ်အလည်ခေါ်ကြ၍ အကျွေးအမွေးများဖြင့် ဧည့်ခံကြပါသည်။ ကျွန်တော်တို့ဆရာများသည် သူတို့ကျွေးမွေးသော အစားအသောက်များကို စားကြသည့်အခါ သတိကြီးစွာထား၍ စားကြပါသည်။
သတိကြီးစွာထား၍ စားကြသည်မှာ ရောဂါကူးစက်ခံရမည်စိုးရိမ်သည့်အတွက်ကြောင့် မဟုတ်ပါ။ သူတို့သည် ရောဂါဖြစ်နေသောသူများ မဟုတ်ကြ။ ရောဂါ ပျောက်ကင်းပြီးသူများ ဖြစ်ကြပါသည်။ သို့သော်လည်း တိုနေသောလက်များသည် ပြန်ရှည်မလာကြတော့ပါ။ ပဲ့နေသောနှုတ်ခမ်းသည် အပဲ့အတိုင်းသာဖြစ်နေပါတော့သည်။ ကျွန်တော်တို့စိုးရိမ်သည်မှာ ကျွန်တော်တို့သည် စားနေရင်းသောက်နေရင်း ကျွန်တော်တို့မျက်နှာတွင် ရွံရှာသည့်အမူအရာများ အမှတ်တမဲ့ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ အမူအရာပျက်ပါက သူတို့တွေ နာကျင်ခံစားသွားကြပါလိမ့်မည်။ လူအများ၏ ပစ်ပယ်ခြင်းခံထားရသော သူတို့နှလုံးသားများကို ကျွန်တော်တို့ ဂရုစိုက်ခဲ့ကြပါသည်။ ကျွန်တော်တို့၏ နွေးထွေးဖေးမမှုကြောင့် သူတို့လည်း ပြုံးပျော်သွားကြပါသည်။ ကျွန်တော်တို့လည်း ကြည်နူးခဲ့ရပါသည်။
ကျွန်တော်တို့သည် သူတို့ကျွေးသောလက်ဖက်သုပ်ကို အမူအရာမပျက်စားနိုင်ခဲ့ကြပါ၏။
( ၄ )
"Lust for Life"ဆိုသည့် ဒတ်ခ်ျလူမျိုးပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအကြောင်း အတ္ထုပ္ပတ္တိဝတ္ထုတပုဒ်ကို ဆရာမောင်ထွန်းသူက "ရမ္မက်မီး"ဟု ဘာသာပြန်ဆိုထားပါသည်။ ဗင်းဆင့်ဗန်ဂိုး၏ ပြင်းပြထက်သန်သော ပန်းချီဆရာဘဝကို သူ၏ပေးစာများကိုအခြေခံကာ ခြယ်မှုန်းထားပါသည်။ ဗင်းဆင့်ဗန်ဂိုးသည် ရှင်းပြနေစရာမလိုသော ကမ္ဘာကျော်ပန်းချီဆရာကြီိးဖြစ်ပါသည်။ သူ၏ပန်းချီကားများသည် ဒေါ်လာသန်းချီ၍ တန်ဖိုးကြီးလှပါသည်။
ဗင်းဆင့်ဗန်ဂိုးသည် ကျောက်မီးသွေးတွင်းတူးအလုပ်သမားများ၊ လယ်သမား၊ယာသမားများ၊ တံငါလုပ်သားများနှင့် ရက်ကန်းသမားများအကြောင်းကို ထဲထဲဝင်ဝင်လေ့လာကာ ပြောင်မြောက်သောပန်းချီကားများကို ရေးဆွဲခဲ့ပါသည်။ ဆင်းရဲသား အခြေခံလူတန်းစားများအကြောင်း ရေးဆွဲထားသော ပန်းချီကားများသည် အသက်ဝင်လှသည်ဟု မှတ်ချက်ပြုကြသည်။ ဗင်းဆင့်ဗန်ဂိုးသည် ဆင်းရဲသားအခြေခံလူတန်းစားမျာ၏ နှလုံးသားများကို ပူးဝင်ခံစားနိုင်သူတစ်ယောက်ဖြစ်ပါ၏။
ကျွန်တော်သည် "ရမ္မက်မီး"စာအုပ်ကို ဖတ်ပြီး ဗင်းဆင့်ဗန်ဂိုး ပန်းချီကို တစိုက်မတ်မတ်မဆွဲခင် တရားဟောဆရာဘဝက လုပ်ရပ်တခုကို နှစ်သက်သဘောကျမိပါသည်။ ဗန်ဂိုးသည် ဘယ်လ်ဂျီယံနိုင်ငံ ဘိုရင်းနိတ်ခ်ျနယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုသို့ တရားဟောဆရာအဖြစ် ရောက်ရှိခဲ့၏။ အစားအသောက်၊ အနေအထိုင် အရာရာချွတ်ခြုံကျနေသော ကျောက်မီးသွေးတွင်းတူး အလုပ်သမားမိသားစုများကို တရားဟောရသည်။ ရောက်စမှာ ဗန်ဂိုးနှင့် အလုပ်သမားများ ခပ်စိမ်းစိမ်း။ သူ့တရားကို အလုပ်သမားမိသားစုများ ကောင်းကောင်းမနာယူကြ။ ဗန်ဂိုးက ဇွဲမလျှော့။ အလုပ်သမားလူတန်းစားတွေကြားထဲ တိုးဝင်သည်။ ပူးဝင်ခံစားသည်။ သူတို့ဒုက္ခများကို မျှဝေရယူ၏။
ဗန်ဂိုးက နွေးထွေးလုံခြုံသော သူ့အိပ်ရာမှာ မအိပ်တော့။ အာဟာရပြည့် ကောင်းမွန်သော အစားအစာများကို မစားတော့။ အလုပ်သမားလူတန်းစားများအတိုင်း ဆင်းရဲဒုက္ခကို ခံယူသည်။ အလုပ်သမားမိသားစုများ နွေးထွေးဖို့ ကျောက်မီးသွေးအစအနများကို သူကိုယ်တိုင် လိုက်ကောက်သည်။ ကျောက်မီးသွေးတွင်းထဲ လိုက်ဆင်းသည်။ ထို့နောက် သူ့တရားပွဲများသည် စိုပြည်လာသည်။ သူ့တရားကို နာယူလာကြသည်။
ဗန်ဂိုး မျက်နှာသစ်ရင်း မှန်ကြည့်မိတော့ သူ့မျက်နှာပေါ်တွင် ကျောက်မီးသွေးမှုန့်များ ပေကျံနေ၏။ "သူတို့ ငါ့အပေါ်မှာ ယုံကြည်မှုအပြည့်အဝထားပြီး လက်ခံကြတာဟာ ဒါကြောင့်ပဲဖြစ်ရမယ်၊ ငါဟာ သူတို့ထဲက လူတယောက်ဖြစ်နေတာကိုး"ဟု သူတွေးမိ၏။ ထို့နောက် ဗန်ဂိုးသည် မျက်နှာပေါ်တွင် ပေကျံနေသော ကျောက်မီးသွေးမှုန့်များကို ပြောင်အောင်သုတ်မပစ်ဘဲ ထားလိုက်တော့၏။
( ၅ )
ပြည်သူ့မေတ္တာ ခံယူချင်သောသူများသည် ဗင်းဆင့်ဗန်ဂိုးကဲ့သို့ ပါးပြင်ပေါ်က ကျောက်မီးသွေးမှုန့်များကို ပြောင်အောင်သုတ်မပစ်သင့်ပါ။ ပြည်သူ့ဒုက္ခကို ခံယူ၍ ပြည်သူနှင့်တသားတည်းဖြစ်ကြောင်း ပြသရပါလိမ့်မည်။
ပြည်သူ့ရှေ့တွင် ရွံ့စက်များ အပေခံပြပြီး ပြည်သူ့နောက်ကွယ်တွင် ရွံ့စက်များကို ပြောင်စင်အောင်ဆေးကြောမပစ်ဖို့ လိုပါသည်။ တနည်းအားဖြင့်ပြောရလျှင် ပြည်သူ့ဒုက္ခကို မေ့မပစ်ဖို့ လိုပါသည်။ ပြည်သူ၏ချွေးနံ့ကို နှာခေါင်းမရှုံ့ဖို့ လိုပါသည်။
ပြည်သူကလည်း မိမိ၏လူမှာ၊ မိမိ၏ဘက်တော်သားမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာဃနသိထားသင့်ပါသည်ဟု ရေးသားနှိုးဆော်လိုက်ရပါတော့သည်။ ။
ရင်ရိုး
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊
နိုဝင်ဘာလ၊ ၂၀၁၈ခုနှစ်၊
ပုံ-လင်းခ(မော်လမြိုင်) ကျေးဇူးပြု၊