သူလည်းလေလောကီသားပေမို့
ဝတ္ထုတို
(၁)
ဒေါ်ငြိမ်းခင်လို့ ဆိုလိုက်တာနဲ့ ဇီးဖြူကုန်းတစ်ရွာလုံးမှာ မသိတဲ့လူ
မရှိကြပါဘူး။ ကလေးကအစ ခွေးကအစလို့ မပြောရရုံတမယ် ဒေါ်ငြိမ်းခင်က ရပ်သိရွာသိ ဆိုတဲ့ အထဲကကိုး။
ရပ်သိရွာသိဆိုပေငြား မကောင်းတဲ့ဘက်၊ ဆိုးသွမ်းတဲ့ဘက်က သိကြတာမဟုတ်ပါဘူး။တရားဓမ္မနဲ့
မွေ့လျော်တဲ့ ရွာ့မျက်နှာဖုံး သူတော်ကောင်းမကြီးဆိုပြီး သိကြတာပါ။
တရားသဘောကို တအားပြောပေမယ်လို့ ဒေါ်ငြိမ်းခင်က “ပါးစပ်က ဘုရား ဘုရား၊
လက်က ကားယား ကားယား”ဆိုတဲ့ အစားထဲက မဟုတ်ပါဘူး။ ဇီးဖြူကုန်းတစ်ရွာလုံးရဲ့ တစ်ခုတည်းသော
ကုန်စုံဆိုင်ပိုင်ရှင် ၊ အရက်သမား အစ မုဆိုးမအလယ် သူရင်းငှါးအဆုံး အားလုံးရဲ့ အားထားရာ
အပေါင်ဆိုင်ပိုင်ရှင်ကြီး ဖြစ်လင့်ကစား အားအားရှိ လက်ထဲမှာ ပုတီးကလေး တကိုင်ကိုင်နဲ့
။ အပေါင်ဆိုင်ဖွင့်ထားတယ် ဆိုပေမယ့် ဒေါ်ငြိမ်းခင်က အာကြမ်းလျှာကြမ်းနဲ့ ဘယ်တော့မှ မပြောဘူး။
အမြဲ လေအေးကလေးနဲ့ ချည်းပဲ။ တစ်ခါမှ မကြုံဖူးရင် ၀တ်လာတဲ့ ပုဆိုးတောင် ချွတ်ပေါင်ရမတတ်
အပြောက ကောင်းတယ်။ ပစ္စည်းတန်ကြေးထက် ပေးတာက အဆမတန်နည်းတာကတော့  တစ်ပိုင်းပေါ့လေ။
သူ့ယောက်ျား ဦးအေးမောင်ကတော့ တကယ့် အိမ်ဦးနတ်ပါပဲ။ အိမ်ဦးခန်းက
နောက်မှီကုလားထိုင်လေး ပေါ်မှာ နေကုန်နေခမ်း ဖင်ပူအောင်ထိုင်ပြီး ကွမ်းကလေး တမြုံ့မြုံ့
နဲ့ နေတာ။ အလုပ်ရယ်လို့ ဘာတစ်ခုမှ မယ်မယ်ရရ
လုပ်တယ်မရှိဘူး။ အဲဒီကုလားထိုင်မှာ နေထွက်ကတည်းက ဟိုသင်းကျောက်ချ ထိုင်နေတာ နေ၀င်တဲ့
အထိပဲ ။
ဆိုရရင် ဦးအေးမောင်ဆိုတဲ့ နာမည်နဲ့ လိုက်အောင် အေးအေးဆေးဆေးနေတတ်တယ်လို့
ပြောရလေမလား မသိပါဘူး။ သူ့အလုပ်က အိမ်ကို ဧည့်သည် စောင်သည် လာတဲ့ အခါ ဧည့်ဝတ်ပြု စကားဆိုတာ
တစ်ခုပဲ။ အဲဒါကပဲ သူ့ရဲ့ နိစ္စဓူဝ အလုပ် ။
အိမ်ရဲ့ စီးပွားရေးကို တစ်ချက်ကလေးမှ ၀င်မကူရကောင်းလား ဆိုပြီး
ဒေါ်ငြိမ်းခင်ကလည်း နည်းနည်းကလေးမှ မငြူစူဘူး။
အိမ်ဆူအောင် စောင်းလားချိတ်လား ပြောဆိုတာမျိုးလည်း ဘယ်တော့မှ မလုပ်ဘူး။ ပြောရရင် တစ်နေကုန်
တစ်နေခမ်း တုံဏိဘာဝေနဲ့ သူ့ယောက်ျား ကိုရေအေးကြီး သိပ်ကြိုက်တဲ့ တော အရက် ကို ညနေတိုင်ရင်
မပြတ်တမ်း ၀ယ်ပေးထားတတ်သေးတာ။ သူ့သဘောက “သူဌေးမကြီးကတော်” ဆိုပြီး မယားငယ်ကိစ္စ မပွေမရှုပ်ရင်
ပြီးရောပဲ။ သူ့ယောက်ျားအပေါ်မှာလည်း အင်မတန်သည်းခံရှာတယ်။
ပြောမယ့်သာ ပြောရတာပါ။ ဦးအေးမောင်ကလည်း အဲဒီလို ကိစ္စတွေကို ရှုပ်စရာကိစ္စ
လို့တောင် ထင်မြင်ပုံမရပါဘူး။ သူကြိုက်တာလေးတွေ လုပ်နေရရင် ကျေနပ်နေတဲ့ လူစားမျိုး
ဆိုတော့ကာ ဒေါ်ငြိမ်းခင်နဲ့က ပုလဲနံပကို သင့်လို့။ ဟုတ်တယ်လေ။ ဒီလောက်လိုက်ဖက်တဲ့ လင်မယားဆိုတာ
ရှာမှရှားပဲမဟုတ်လား။
ဆိုရရင် ဒေါ်ငြိမ်းခင်က အိမ်ရဲ့ စီးပွားရေးကိုလည်း ဦးဆောင်လုပ်ကိုင်တယ်
။ လောကုတ္တရာကိစ္စတွေမှာ လည်း မလစ်ဟင်းအောင် နေတတ်ထိုင်တတ်တယ်။ ပြီးတော့ သူက ရွာဦးဘုန်းကြီးကျောင်းရဲ့
ဒါယိကာမ။ ဒီတော့ ၀ါတွင်းသုံးလပတ်လုံး ဥပုလ်နေ့တိုင်း ဥပုလ် ရတယ်။ သွေးတိုးရောဂါသည်မို့
သွေးတက်တဲ့နေ့များ ဥပုလ်မစောင့် မိလိုက်ရင် ကျန်တဲ့ ဥပုလ်သည်တွေက အိမ်ကို တခုတ်တရ လာပြီး
သတင်းမေးယူရတဲ့ အထိ ။ ဥပုလ်သီတင်းဆောက်တည်သူတွေ အလယ်မှာလည်း သူက ဦးဆောင်ပြီး တရားဆွေးနွေးသူ။
ပြောရရင် ဒေါ်ငြိမ်းခင်ဆိုတာက ရပ်သိရွာသိ တရားဓမ္မနဲ့ မွေ့လျော်တဲ့ သူတော်ကောင်းမကြီးပါ။
(၂)
“အောင်မလေး ကောင်းကြသေးရဲ့ အရပ်ကတို့ရေ ။ တစ်သက်လုံးစုထားသမျှ
တစ်ညနဲ့ ကုန်ပါပေါ့လား။ ရက်စက်လိုက်တဲ့ သူခိုး ။ အိုစာမင်းစာ တစ်ကျပ်တစ်ပြားတောင် ချန်မထားခဲ့ဘူး
ဟီး ဟီး ။”
ဟွန်း ပြောလည်းပြောတတ်ပါ့။ သူခိုးပါဆိုမှ သူတော်ကောင်းသူခိုးရယ်လို့
သူခိုးကြီးငတက်ပြားကလွဲရင် ရှိတယ် ကြားဖူးကြလို့လား။ ဒီခေတ်ကြီးထဲမှာ သနားကရုဏာ သက်လှချည်ရဲ့ဆိုပြီး
တစ်ကျပ်တစ်ပြား ချန်ပြီးခိုးတဲ့ သူခိုးရယ်လို့ ရှိကြလို့လား။ ပြောပုံကိုက ။
ရွာလယ်က မုဆိုးမကြီး ဒေါ်လှမိရဲ့အိမ် ညက သူခိုးဝင်မွှေလို့ တက်တက်ကိုပြောင်ရောပဲ။
ခမျာမှာ သားထောက်သမီးခံ ကလည်းမရှိ ။ ခိုကိုးစရာ တူသားနောင်မယ်တွေဆိုတာကလည်း သူတို့မိသားစု
အပူကိုယ်စီနဲ့။ လယ်မရှိ ယာမရှိနဲ့ ကောက်စိုက်ပျိုးနှုတ် ကျဘမ်းအလုပ်ကလေးတွေနဲ့ အသက်ဆက်နေရှာတာ။
အခုတော့ ညက သူခိုးတက်တာ အိုစာမင်းစာ စုဆောင်းထားသမျှ ကုန်ရှာပါရော။ သောင်းကျန်းချက်တော့
သေတ္တာထဲက အ၀တ်စုတ်တောင်မချန်ဘူး။ ပြောင်တလင်းကို ခါရော ။
“သေချင်းဆိုး သူခိုး ။ ကာလနာ မြွေပွေးကိုက် ချေး(ချီး)ကားတိုက်သေပါစေတော်”
ဒေါ်လှမိလည်း သူတတ်သလောက်မှတ်သလောက်လေးနဲ့ ကျိန်ဆဲရှာတယ်။ တဲသာသာ
အိမ်စုတ် ကလေးပေါ်မှာ သတင်းမေးလာသူတွေကလည်း ဖေးမ နှစ်သိမ့်ကြရှာပါတယ်။ သူဆင်းရဲ ကျောမွဲချင်းပေမယ့်
သူတို့တတ်နိုင်သလောက် ဆီတစ်ပုလင်းယူလာတဲ့ သူနဲ့။ ဆန်နှစ်ဗူး ယူလာတဲ့ သူနဲ့ ။ နို့ဆီတစ်ဗူး
ယူလာတဲ့ သူနဲ့။ တတ်နိုင်သလောက် ကူညီစောင်မကြတာလေ။ ၏
“မိလှမိ ညည်းအဲဒီလို မကျိန်ဆဲနဲ့ ။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ
သတဲ့။ တရားနဲ့ ဖြေမှပေါ့”
ဟော လာပြီ လာပြီ။ ဒေါ်သက်ရီတော့ မဟုတ်ဘူး။ ၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးနဲ့
စည်ပိုင်းကြီးလို တလိမ့်လိမ့် တက်လာလို့ ခနော်ခနဲ့ တဲကလေးလည်း တသိမ့်သိမ့် လှုပ်ခါသွားတယ်။
ဘယ်သူရှိရမလဲ ဒေါ်ငြိမ်းခင်ပေါ့။ တဲပေါ်ရောက်မဆိုင်း အင်္ကျီ ၊ ထဘီ အဟောင်းလေးတွေ ထည့်ထားတဲ့
ကြွပ်ကြွပ်အိတ်ထုပ်ကို ဒေါ်လှမိလက်ထဲ ထည့်ပေးလိုက်တယ် ။
“ဘယ်လိုဖြေရမလဲ မမငြိမ်းရဲ့။ သေချင်းဆိုး သူခိုးက လက်နှီးစုတ်တောင်မချန်မှတော့
ကုန်းကောက်စရာ မရှိအောင် မွဲပါပေါ့့ အီး ဟီး ဟီး”
ပြောရင်းဆိုရင်း ဒေါ်လှမိတစ်ယောက် ကြူကြူပါအောင် ငိုလိုက်တာများ
တဲကလေးမှာလည်း လိုက်ပါယိမ်းထိုးလို့ ။
“ဒါတော့ဒါပေါ့ လှမိရယ် ။ ဒါပေသိ ဒီလိုချည်းငိုနေလို့ ပြီးမှာတဲ့လား
။ အခုလိုကျိန်ဆဲ နေလို့ရော ပြီးသွားမှာတဲ့လား။ သူများ အကုသိုလ်က ကိုယ့်အကုသိုလ် ဖြစ်နေပါဦးမယ်အေ
”
အင်း။ သူပြောလိုက်တော့လည်း ဟုတ်သလိုလို ။ စကားဝိုင်းနားက နားစွင့်နေကြတဲ့
ပရိတ်သတ်ကြီး ကလည်း “ဟုတ်ပါ့ ကြီးလှမိကလည်း ” ဘာညာနဲ့ စကားထောက်ကြတယ်။ စိတ်ထဲမှာတော့
သူတို့ ဘယ်လိုချော့ချော့ မပျော့တဲ့ ဒေါ်လှမိကြီးကို ဒေါ်ငြိမ်းခင် ဘယ်လိုများ တရားပြ
ဖျောင်းဖျ မလဲဆိုတာ စိတ်ဝင်စား နေကြလေရဲ့။
“တို့ ဘုရားဟောလည်း ရှိရဲ့မဟုတ်လား ။ အနိစ္စ ဆိုတာ မမြဲခြင်းတရားလေ
။ လူဆိုတာ မွေးကတည်းက လက်ဗလာနဲ့ပဲ ။ မသေခင် လောဘဇောတိုက် ရှာကြဖွေကြ ကဲ သေတော့ရော ။
ကိုယ့်နောက် ဘာတွေများ ယူသွားနိုင်မှာမို့လဲ ”
ဇီးဖြူကုန်းရွာမှာတော့ ဒေါ်ငြိမ်းခင်က ရွာ့မျက်နှာဖုံး ။ သူ့လောက်စီးပွားရှာနိုင်တဲ့
လူရယ်လို့လည်း ရှိတာ မဟုတ်ဘူး။ သူ့ပိုက်ဆံ သေတ္တာထဲ တစ်ကျပ်ဝင်သွားရင်တောင် ပြန်ထွက်သွားရိုး
ထုံးစံမရှိ ဆိုသလိုပါ့.။ ဒေါ်လှမိ က “သင်းက ပိုက်ဆံပေါတော့ ပြောနိုင်တာပေါ့ ” လို့ စိတ်ထဲကနေပဲ
ရေရွတ်လိုက်တယ်။ လူကတော့ တအီးအီးနဲ့ ရှိုက်လို့ကောင်းတုန်း။
“ ဘာတစ်ခုမှ တွေးမပူနဲ့ အေ့ ။ တို့ တတွေ လည်း ရှိတာပဲ။ ညည်းမှာ
တစ်ကိုယ်ထဲဆိုပေမယ့် တို့တွေက ရပ်ဆွေရပ်မျိုးတွေချည်းပဲ။ ဟုတ်တယ်မို့လား။ ကဲ ဘာများ
အားငယ်စရာရှိလိမ့်”
ဒေါ်ငြိမ်းခင်က သူကချည်းဒိုင်ခံ ပြောနေသလိုဖြစ်တော့ ဘေးဘီကိုလည်း
စကားထောက်ရှာတယ်။ ဒီတော့မှ ဘေးကနေ ထိုင်နားစွင့်နေကြတဲ့ ဒေါ်ဒေါ်၊မမ များကလည်း “ဟုတ်သားပဲ
မမမိရယ်” တို့ ၊ “အားမငယ်ပါနဲ့ ကြီးကြီးမိရယ်” တို့ ဖြစ်ကုန်ကြတယ်။ အိမ်နီးနားချင်းဆိုတော့လည်း
ရပ်ဆွေရပ်မျိုးတွေ မဟုတ်လား။ ကိုယ့်မရှိရင် ဟိုဘက်အိမ် ဒီဘက်အိမ် ကြက်သွန်တစ်တက် ၊
ဂျင်း(ချင်း) တစ်တက် ချေးရ ငှါးရတာ မဟုတ်လား။
“ဘာမှ ပူပန်ကြောင့်ကြမနေနဲ့။ အရင်လို ပျော်ပျော်ရွှင်ရွှင်နေပြီး
ရှိရင်းစွဲ အလုပ်ကလေးကို အပတ်တကုတ် အားထုတ်လုပ်ကိုင်မယ်ဆိုရင် အရင်ထက်တောင် စီးပွားဖြစ်နိုင်သေးသပ
အေ ”
တဖြည်းဖြည်းနဲ့ ဒေါ်လှမိလည်း အငိုတိတ်သွားတယ်။ သိကြရဲ့ မဟုတ်လားး
အပြောကောင်း အဟောကောင်း ဒေါ်ငြိမ်းခင်ပါဆို ။ နောက်ဆုံးတော့လည်း သူ့လက်သုံးစကားလေးနဲ့ပဲ
စကားဝိုင်းကို ပိတ်လိုက်တယ်။ “ပစ္စည်းသင်္ခါရ လူသင်္ခါရပါအေ ” တဲ့။
(၃)
“အီး ဟီး ဟီး ကို ဖိုးပိန်ရဲ့ ။ ကျုပ်ကို တစ်ယောက်ထဲ ထားခဲ့တော့မလို့လား
”
တိတ်ဆိတ်နေတဲ့ ညဥ့်ယံမှာ အမှောင်ရိပ်ထဲကနေ တိုးထွက်လာတဲ့ ငိုကြွေးသံကြောင့်
ရွာကလေးလည်း ရုတ်တရက်လန့်နိုးသွားတယ်။ အိမ်နံဘေး ဆီးပင်ပေါ်က ညဥ့်ငှက်တစ်ကောင်ဟာ ငိုသံကြောင့်
ရုတ်တရက် ထပျံ သွားလေရဲ့။
ဒေါ်အေးတုတ် ယောက်ျား ကိုဖိုးပိန်ရယ်လေ။ ညဥ့်ဦးပိုင်းက ဖားရိုက်ထွက်ရင်း
ပိုးထိရှာတာ ။ သူ့အဖော် အေးသောင်က ပွေ့ချီ လာလို့ လူကတော့ အိမ်ကိုပြန်ရောက်ပါရဲ့။ ကယောင်ကတမ်းတွေ
ရေရွတ်ပြီး တက်လိုက် ချက်လိုက်နဲ့ ။ ပါးစပ်ထဲက
လည်း အမြှုပ်တွေ တစီစီ ထွက်နေလိုက် တာများ မြင်ရက်စရာတောင် မရှိဘူး။
တောအရပ်နဲ့ တောဇာတ်ဆိုတော့လည်း ဟိုဆေးမြီးတိုလေး တိုက်လိုက် ၊
ပါးစပ်ထဲ မုန်ညင်းဆီလေး လောင်းချလိုက်နဲ့ပဲ ထိုင်ကြည့်နေရတယ်။ အနီးဆုံးဆေးရုံဆိုတာကလည်း
တောလမ်းမှာ လှည်းကြမ်းနဲ့ ညလုံး ပေါက် အသော့နှင်မှ ရောက်နိုင်မှာ ။ အဲဒီတော့ လူနာဘေး
ထိုင်စောင့်နေကြရင်းနဲ့ အာရုံတက်လုချိန်မှာ ကိုဖိုးပိန်ဆုံးရှာတယ်။ ၏
“အို မိအေးတုတ်ရယ် ။ လူဆိုတာ သေမျိုးချည်းပါအေ။ တရားနဲ့ ဖြေမှပေါ့”
ဘယ်သူရှိရမလဲ ဒေါ်ငြိမ်းခင်ရယ်ပေါ့ ။ ကိစ္စရှိတဲ့ အိမ်ဆိုတော့လည်း
တစ်ရွာလုံးက ၀ိုင်းကြ ၀န်းကြရတာမဟုတ်လား။ ဒေါ်ငြိမ်းခင်ကတော့ ဒီလိုကိစ္စမျိုးတွေမှာ အခရာ
ပေါ့လေ။ သူမှ မပါရင် မပြီးတဲ့ ကိစ္စကိုး။
“မမငြိမ်းရယ် ကျုပ်မှာက သားလည်းမရှိ သမီးလည်းမရှိဆိုတော့ ဘယ်သူ့အားကိုးပြီး
နေရမတုန်းတော့”
အောင်မယ်မင်း ပြောတတ်လိုက်ပုံများ ဟိုအသုဘက သေရွာက ခုပဲ ထပြီး
အားကိုးရှာပေးရတော့မလို ။ ခမျာမှာ တစ်ကိုယ်ထဲ ကျန်ခဲ့ရှာတော့ ငိုစရာပွဲ ဆင်နွဲရှာ
တော့မပေါ့လေ။
“ကိုဖိုးပိန်ရေ ။ ကျုပ်ကို ဘယ်တော့မှ ခွဲမသွားဘူးဆို သူတော်ကောင်းကြီင်္းရဲ့
”
ဒေါ်အေးတုတ် အဲဒီလို ငိုလိုက်တော့မှ လူတွေလည်း ပြုံးစိစိ ဖြစ်ကုန်ကြတယ်။
ဟုတ်တယ်လေ။ ကိုဖိုးပိန် ဆိုတာက ဖားရိုက်ငါးဖမ်းအလုပ်ကိုပဲ တစ်သက်လုံးလုပ်လာတာ ။ ဒီလောက်
အကုသိုလ် များတဲ့အလုပ် လုပ်နေတဲ့ သူကို သူတော်ကောင်းကြီးလို့ ဆိုမှတော့ ။
“ကျုပ်ကို တစ်သက်လုံး ရှာဖွေ ကျွေးမွေးလာတဲ့ ယောက်ျားကောင်းကြီးပါတော်
အီး ဟီး”
ရွာကလေးက ဆီးရွက်သာသာ ဆိုတော့ကာ တစ်အိမ်က အပ်ကျတာ တစ်ရွာလုံးက
သိကြတယ် ဆိုသလိုပ။ ကိုဖိုးပိန်ဆိုတာက ဖားရှာငါးရှာ က အပြန် မှောင်ရီပျိုးပျ မိုးချုပ်စဆို
ရွာထဲက ဘုံဆိုင်မှာ အရက်ကလေး တမြမြ နဲ့။ မိုးစုန်းစုန်းချုပ်မှ အိမ်ကို သိုင်းကွက်နင်းပြီးပြန်တာ။
ညဥ့်နက်သန်းခေါင် ရွာလယ် လမ်းမ တစ်လျှောက် ခွေးဟောင်သံတစီစီ ကြားရပြီဆို ဘယ်သူ့ကိုမှ
မေးနေစရာမလိုဘူး။ ကိုဖိုးပိန်ရဲ့ အိမ်ပြန်ချိန်ပဲ။
အိမ်ရောက်တာနဲ့ မိန်းမကို အချိန်မတော် ဆူလားငေါက်လားနဲ့ ။ ထမင်းပျော့ရင်ပျော့လို့
မာရင်မာလို့ ဆိုပြီး ပြဿနာရှာတယ်။ စိတ်မထင်ရင်မထင်သလို ဆံပင်ဆောင့်ဆွဲ ပြီး ပါးရိုက်နားရိုက်
လုပ်ချင်လုပ်သေးတာ။ ဒေါ်အေးတုတ်ခမျာ နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက်ပဲ ဒါကိုပဲ ဒေါ်အေးတုတ်က
သူတော်ကောင်းကြီး ယောက်ျားကောင်းကြီး ဆိုပြီး ချီးမွမ်းခန်း ဖွင့်တော့ ကြားရသူတွေမှာ
ကရုဏာသက်တဲ့ ကြားက ပြုံးမိကြတယ်။
“မိတုတ်ရေ သေတဲ့ လူကတော့ သေပြီးပြီ ။ ညည်းက တငိုငိုတရီရီ လုပ်နေမှတော့
ဘယ် အသေဖြောင့် နိုင်ပါ့မလဲ ။ ပူဆွေးငိုကြွေးနေရုံနဲ့ ပြီးသွားမယ့် ကိစ္စမျိုးမှ မဟုတ်ဘဲ
အေ။ သူ့အတွက် ကောင်းမှုကုသိုလ် ကလေးတွေ လုပ် သူ့ကို ရည်စူးပြီး အမျှအတန်းပေးဝေမှ ခမျာမှာ
ကျွတ်လွတ်နိုင်ရှာမှာ ။ ဒီလိုမှ ညည်းလည်း သူ့ကို တကယ်ချစ်ရာ ရောက်ပေမပေါ့”
ဒေါ်အေးတုတ်လည်း နှာခေါင်းဝမှာ ပြူနေတဲ့ နှာရည်တွေကို ပုခုံးပေါ်က
တဘက်ကြမ်းနဲ့ တရကြမ်း သုတ်လိုက်တယ်။ တအင့်အင့်ရှိုက်နေပေမယ့် ဟစ်ပြီးတော့ မငိုတော့ဘူး။
အားလုံးကတော့ ဒေါ်ငြိမ်းခင်အသံ ကိုပဲ နားစွင့်နေကြတုန်း။
“ ဘ၀ ဘ၀ က ရေစက်တွေကြောင့် ဒီဘ၀မှာ စုံမက် ပေါင်းဖက်ကြရတာ။ မသေခင်
ချစ်ချစ်ခင်ခင် ကြင်ကြင် နာနာ နေခဲ့ကြပြီးပြီ။ ကျန်ခဲ့တဲ့ လူရဲ့တာဝန်က ကောင်းမှုကုသိုလ်လုပ်
အမျှအတန်းပေးဝေဖို့ပဲ ”
“ မငိုနဲ့တော့ အေ မငိုနဲ့တော့ ။ ညည်းပဲ စဉ်းစားကြည့် ။ ဒီခရီးဆိုတာမျိုးက
သွားချင်လို့ သွားရတဲ့ ခရီးမှ မဟုတ်တာ ။ သေခြင်းတရားဆိုတာ ဘယ်ပုထုဇဉ် လူသားမှ ရှောင်လွှဲလို့
မရနိုင်တဲ့ ဟာပဲ။ တို့ဘုရားသော်မှ ပရိနိဗ္ဗာန် စံတော်မူခဲ့တာပဲ။ မသေချင်ပေမယ့် အမြဲနေချင်လို့မှ
မရနိုင်တာ။ တို့တွေအားလုံးလည်း တစ်နေ့ ဒီလမ်း ကို မြန်းရမှာပဲ မဟုတ်လား ”
ခုမှပဲ အားလုံး ဟင်း ချနိုင်တော့တယ်။ အားလုံးကလည်း ခေါင်းကိုယ်စီ
တညိတ်ညိတ်နဲ့။ ဒေါ်အေးတုတ် လည်း အငိုတိတ်သွားပြီ။ ဒေါ်ငြိမ်းခင်ရောက်လာမှပဲ ပွဲလည်းပြီးရဲ့
မီးလည်းသေရဲ့ ဆိုသလိုပ။ ရွာကလေးမှာတော့ သူက မရှိမဖြစ်ဒေါ်ငြိမ်းခင် ။ ဒီတော့ကာ ဒေါ်ငြိမ်းခင်က
တစ်လုံးချင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
“ပစ္စည်းသင်္ခါရ လူသင်္ခါရပါ အေ”
(၄)
“ဦးအေးမောင်ကြီ။ဆုံးပြီတဲ့”
“ဟောတော်
ဘယ်တုန်းကတုန်း။ အသံမကြားဘာမကြားနဲ့ နာဖျားနေတယ်လည်း မကြားမိပေါင်”
“ဒီမနက်ကြီးက
ဆုံးတာတဲ့။ ကျုပ်လည်း အံ့တွေကို သြလို့”
“ဘာဖြစ်တာတဲ့တုန်း
”
“ညက အရက်သောက်ရင်း အိုက်လို့ ဆိုပြီး အင်္ကျီမကပ်ဘဲ ဒုန်းချင်း
အိပ်တာတဲ့ ။ လေဖြတ်သွားတာဆိုပဲ။ မငြိမ်းခင်ကြီးမလဲ မနက်လင်းအားကြီးလို့ နှိုးမရတော့မှ
သေတာသိတာတဲ့။ သနားပါ့တော် ကျုပ်တို့မငြိမ်းခင်ကြီး”
“ဟုတ်ပါ့ အေ ကျုပ်စိတ်ထဲ မကောင်းလိုက်တာများ။ ကိစ္စအိမ်ကိုတော့
မသွားမဖြစ် သွားရဦးမပါ့ ”
ဦးအေးမောင်ကြီးညက ရုတ်တရက် ဆုံးပါးသွားတဲ့ အကြောင်းက ရွာကလေးရဲ့
မနက်ခင်းသတင်း ဖြစ်လို့ နေရဲ့။ ဘယ်သူထင်လိမ့်မတုန်း ။ ဦးအေးမောင်လို အလုပ်မယ်မယ်ရရမရှိဘဲ
နေ့နေ့ညည စည်းစိမ်ယစ်ဖို့ လူဖြစ် လာတဲ့သူကို အခုလို အကြွေစောလိမ့်မယ်လို့ ။ မနေ့ညနေက
ဧည့်ခန်းက ကုလားထိုင်မှာ ထိုင်ပြီး လာသမျှဧည့်သည် ဧည့်လက်ခံစကားပြောနေတာများ လူကောင်းပကတိ
။ အားလုံးကတော့ ဒေါ်ငြိမ်းခင်ကြီးကို စုတ် တသပ်သပ်နဲ့ ။ ကရုဏာသက်ကြရှာတာပါ။ သားသမီးရယ်လို့
မထွန်းကားတော့ တိုက်အိမ်အကြီးကြီးထဲမှာ ပြေးကြည့် မှ ဒီလင်နဲ့ ဒီမယား ရှိတာမဟုတ်လား။
အခုတော့ ဒေါ်ငြိမ်းခင် ခမျာ ခိုကိုးရာမဲ့။
ရွာ့မျက်နှာဖုံး ကိစ္စအိမ်ဆိုတော့ လူက အစည်သား။ အိမ်ထဲမှာ ၀င်ဟယ်ထွက်ဟယ်နဲ့
လူရှုပ်နေလိုက်ပုံများ မူးမေ့ရမတတ်။ မသိတဲ့လူဆို အလှူအိမ်လား မှတ်လောက်ပါရဲ့။
အသားညိုညိုနဲ့ ခပ်ဖိုင့်ဖိုင့် အသုဘကောင်ကြီးကတော့ အိမ်ဦးခန်းမှာ
ဆန့်ဆန့်ကြီး လဲလျောင်းလို့ ။ စောင်ပါးလေးတစ်ထည် လွှားထားပေမယ့် ဖွားခါနီး ကိုယ်ဝန်သည်ကြီးလို
ဗိုက်ကြီးကတော့ အထင်းသား ပူနေလေရဲ့။ အရက်ကို နှစ်ရှည်လများ စွဲသောက်မှတော့ ရေဖျဉ်းက
စွဲပြီကိုး။ ဒေါ်ငြိမ်းခင်ကတော့ အလောင်းကြီး နံဘေးမှာ ဆံပင်ကို ဖားလျားချရင်း ကြူကြူပါအောင်ငိုတယ်။
“အောင်မလေး ကိုအေးမောင်ရေ။ ကျုပ်ကိုဘယ်တော့မှ ပစ်မသွားဘူးဆို။
ခုတော့ ဘယ်လို ဖြစ်ရတာတုန်း အီး ဟီး ဟီး”
အံ့တော့ အံ့သြစရာပေါ့လေ။ သိတယ်မဟုတ်လား ။ ဒေါ်ငြိမ်းခင်ဆိုတာက
အများက လေးစားရတဲ့ တရား သမားကြီး မဟုတ်လား။ ခုမြင်နေရတဲ့ ဒေါ်ငြိမ်းခင်က သူတို့သိတဲ့
ဒေါ်ငြိမ်းခင်နဲ့ လားလားမှ မတူ တမူထူးခြားနေ တယ်လေ။ တော်တန်ရုံဆိုရင်တော့ လူတွေက ပြောကြမှာ
မဟုတ်ပါဘူး။ အခုဟာက မနက်ကတည်းက ငိုတာ မွန်းတည့်တဲ့ အထိပဲ။ တစ်နာရီ တစ်စက္ကန့် အငိုရပ်တယ်ရယ်လို့မှ
မရှိဘဲ။
ဖိုးသူတော်လဲတော့ တောင်ဝှေးမကယ်နိုင် ဆိုသလိုပ။ ဒေါ်လှမိတို့ ဒေါ်အေးတုတ်တို့
ရောင်းရင်း တွေမလည်း ဘေးနားက ထိုင်သာထိုင်နေရတယ်။ ဒေါ်ငြိမ်းခင်လို လူမျိုးကို ချော့မော့ဖို့
ဆိုတာ အခက်တွေ့ နေကြလေရဲ့ ။ ဒေါ်ငြိမ်းခင်ကို ဖျောင်းဖျဖို့ ဆိုတာက လည်း ဘုန်းကြီးကို
စာပြန်ချ သလို ဖြစ်မှာ အမှန်ပ။
“မမငြိမ်းရယ် သေတဲ့ သူလည်း သေပြီပဲ ။ တရားနဲ့ ဖြေမှပေါ့ ”
“ဟုတ်ပါတယ် ကြီးကြီးငြိမ်းရယ်”
ဘယ်လိုပဲ ချော့ချော့ ဒေါ်ငြိမ်းခင် အငိုမရပ်ဘူး။ ငိုချင်လျက် လက်တို့
ဆိုသလိုပဲ။ ၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီး တသိမ့်သိမ့်တုန်အောင် ရှိုက်ငိုတယ်။ ဒေါ်အေးတုတ်က
ဒေါ်ငြိမ်းခင်နား မသိမသာ ကပ်ပြီး တီးတိုး ပြောတယ်။
“မမငြိမ်းရယ်
ကိုယ်က တရားပြည့်တဲ့သူပဲ ။ခုလို လူရှေ့သူရှေ့ ဟစ်ငိုနေတာ အမြင်မတော်ပါဘူးလေ ”
မရပ်ဘူး။ ငိုတာကို ရပ်တန့်လို့မရနိုင်ဘူး။ ရှိုက်ရှိုက်ပြီး ငိုနေလိုက်တာများ
ခန္ဓာကိုယ်ကြီးက စက်ယန္တရားကြီး တစ်ခုလို တသိမ့်သိမ့်တုန်ခါလို့ ။
“တရားနဲ့ ဖြေမှ နေသာတော့မပေါ့ ။ မမငြိမ်း ကျုပ်ကို ပြောခဲ့တာများ
ကျုပ်ဖြင့် နားထဲ စွဲနေသေးသပ။ ပစ္စည်း သင်္ခါရ လူသင်္ခါရ ဆိုတာလေ”
အဲဒီတော့မှ ပိုဆိုသွားတယ်။ တိုက်အိမ်ကြီးထဲက လူသူပရိသတ်အားလုံးမှာလည်း
ဒေါ်ငြိမ်းခင်ကြီးရဲ့ ရင်ဘတ်စည်တီးပြီး အော်ကြီးဟစ်ကျယ် ငိုလိုက်တဲ့ အသံကြောင့် ဘာပြောရမှန်းမသိလောက်အောင်
ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြလေရဲ့။
“အောင်မလေး အဲဒီတုန်းက သူများယောက်ျားအေ့ ။ ခု သေတာက ငါ့ယောက်ျားအေ့
ငါ့ယောက်ျား။ အီး ဟီး ဟီး ”
ရဲရင့်လုံ(ဆေး-မန်း)
မဟေသီ-ဇွန်-2015
No comments:
Post a Comment