Monday, May 28, 2018

ရေနှင့်ရေးသည့်အသည်းနှလုံး (သို့မဟုတ်) #ရိဒ်ရေကန်

ရေနှင့်ရေးသည့်အသည်းနှလုံး (သို့မဟုတ်) #ရိဒ်ရေကန်
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

       "ရိဒ် သွားကြမလား"
      "ဆိုဖီယာ"ပညာရေးမိသားစုက ဆရာကိုကိုနိုင်၏အမေး ။ ကျန်သည့် ဘာသာရပ်ပြ ဆရာ၊ဆရာမအားလုံး ခေါင်းညိတ်လိုက်ကြ၏။ ရိဒ်၏ လျှိ့ ဝှက်ရင်ခုန်သံကို နမ်းရှိုက်ကြမည်။ ရိဒ်သည် လျှိ့ ဝှက်၍ကဗျာဆန်သည်ဟု ကျွန်တော် ထင်မိပါသည်။ တိတ်တဆိတ်မွှေးပျံ့နေသော တောပန်းကလေးနှင့်လည်း တူ၏။ သို့သော် လူသိများထင်ရှားသည်။
       ချင်းပြည်နယ်ဟု ဆိုလိုက်လျှင် ပြေးမြင်မိသောအထင်ကရနေရာများတွင် ရိဒ်ရေကန်သည် ထိပ်ဆုံးကပါသည်။ တောင်ဇလပ်ပန်းကို ရာသီတိုင်းမတွေ့ရ။ ရိဒ်ရေကန်ကတော့ ရာသီတိုင်း လှပါသည်။ မည်သည့်အချိန်သွားသွား တွေ့ရမည်ဖြစ်၏။ အသည်းနှလုံးပုံရေကန်ကြီးသည် သစ္စာရှိစွာ စောင့်ကြိုနေမည်သာ ဖြစ်ပါသည်။
      တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအပြီး နောက်တစ်ရက်တွင် ကျွန်တော်တို့ " ဆိုဖီယာ "ဝိုင်းတော်သား ဆရာ၊ ဆရာမများသည် ချင်းတောင်သို့ ခရီးထွက်ခဲ့ကြသည်။ တမူးမြို့မှ မနက်၆နာရီတွင် စထွက်ခဲ့ကြ၏။ ကလေးမြို့သို့ မနက်၉နာရီတွင် ရောက်သည်။ ကလေးမြို့အဝင် မြစ်သာမြစ်ဘေးက နေကြာခင်းတွေကြား ပြေးပြေးလွှားလွှား ဓာတ်ပုံရိုက်လိုက်ကြသေး၏။
       မကြာခင် စတင်တော့မည့် တောင်တက်ခရီးအတွက် ရင်ခုန်သံကို နှိုးဆွကြ၏။ ဆရာ၊ဆရာမဟူသော မာန်၊ဌာန်ကို လျှော့ချလိုက်ကြသည်။ ပူးပူးကပ်ကပ်နွေးနွေးထွေးထွေးဖြစ်သွား၏။ စလိုက်ကြ နောက်လိုက်ကြနှင့် ဆူညံဝေစည်သွားတော့သ ည်။
     ကျွန်တော်တို့အဖွဲ့ထဲမှာ ပွဲစည်အောင်လုပ်သူများက ဆရာဇော်လင်းထွန်းနှင့် ဆရာမြင့်သိန်းထွန်း။ ဆရာမအဖွဲ့ထဲမှာ အလိုက်သင့်ပါဝင်အသုံးတော်ခံသူများက ဆရာမဒေါ်ဝင်းယုရွှေနှင့် ဒေါ်ထားထားခိုင်။ သူတို့က အပျိုကြီးတွေ။ သူတို့ကို ဗဟိုပြုပြီး လှုပ်ခတ်ပျော်ရွှင်ခဲ့ကြသည်။ ကိုယ်လက်အကြောအချဉ်များ ပြေလျော့သွားကြပြီ။
      တောင်တက်ရန် အသင့်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
        ရိဒ်သို သွားချင်လျှင် ကလေးမြို့ကတဆင့် သွားသည်မှာ အသင့်တော်ဆုံးဖြစ်ပါသည်။ ရိဒ်သည် ကလေးမြို့နှင့် ၉၃မိုင်ဝေးသည်။ ကလေး-သိုင်းငင်း-တိးတိန်-ရိဒ်ခေါဒါရ် အစဉ်တိုင်းသွားရသည်။ မနက်သွား ညနေရောက်၏။ ခရီးမဝေးသော်လည်း လမ်းပန်းဆက်သွယ်မှုအရ အချိန်ပိုပေးရခြင်းဖြစ်၏။
       ကလေးမြို့အထွက် ခိုင်ကမ်းရွာ ရောက်ပြီ။ ကလေးမြို့ကို "ချင်းတောင်တံခါးဝမြို့ "၊ "ချင်းတောင်ခြေမြို့"ဟု ခေါ်ကြသည်မှာ မဆန်းပေ။ ခိုင်ကမ်းရွာအလွန် နှစ်မိုင်လောက် ဆက်တက်လိုက်လျှင် ရှုခင်းသာ ရောက်ပြီ။ ကလေးမြို့ တစ်မြို့လုံးကို စီးမိုး၍မြင်ရသောနေရာ ဖြစ်ပါသည်။ ရာသီဥတုမှာလည်း သိသိသာသာပြောင်းလဲလာတော့သည်။ အေးသွေ့သောလေများကို စတင်ထိတွေ့ရတော့သည်။
       ကျွန်တော်တို့သည် ကားပေါ်က ခဏဆင်း၍ ခြေညောင်းလက်ဆန့်ပြုကြသည်။ ကလေးမြို့ကို အပေါ်စီးက စီးမိုး၍ကြည့်ကြသည်။ အေးသွေ့သောလေများကို တဝတပြဲရှူသွင်းလိုက်ကြသည်။ အားမွေးလိုက်ကြသည်။ တောင်တွေကို အပေါ်စီးကကြည့်ဖို့၊ တိမ်တွေကြားထဲ လမ်းလျှောက်ဖို့၊ အေးသွေ့ကြမ်းရှသောလေများကို ထိတွေ့ပွတ်သပ်ဖို့၊ မြွေလိမ်မြွေကောက် လမ်းဖွေးဖွေးကလေးများကို ရှုစားဖို့၊ ရဲရဲနီနေသော တောင်ဇလပ်ပန်းများကို မျှော်ငေးဖို့၊ ထင်းရှူးရနံ့များကို ရှူရှိုက်ဖို့ စိတ်စောနေကြတော့သည်။
      ရှုခင်းသာတွင် ခဏနားပြီး ခရီးဆက်ခဲ့ကြသည်။ ကားပေါ်တွင် အငြိမ်မနေကြတော့။ တစ်ယောက်တစ်ပေါက် စရင်းနောက်ရင်း ဆူညံပွက်လောရိုက်နေကြတော့သည်။ လွတ်လပ်မှုကို တွေ့ပြီ။ ပေါ့ပါးမှုကို တွေ့ပြီ။ တောင်နံရံတွင် တွယ်ကပ်ဖောက်လုပ်ထားသောလမ်းပေါ်တွင် ကားစီးရသည်မှာ လေပေါ်တွင် ခရီးသွားနေရသည်နှင့်ပင် တူနေပါတော့သည်။ တစ်ဘက်မှာ တောင်နံရံကြီး၊ တစ်ဘက်မှာ လျှို့ဝှက်နက်ရှိုင်းသောချောက်ကြီး။
       ဟုတ်ပါသည်၊ ချင်းတောင်သည် လျှို့ဝှက်၍ ညှို့ဓာတ်ရှိသည်ဟု ခံစားရသည်။ တစ်ခုခုက ဆွဲငင်နေသလိုပင်။ ရင်ဖိုလှိုက်မော၊ ပေါ့ပါးလွတ်မြောက်၊ အေးသွေ့ကြမ်းရှ၊ အရိုင်းဆန်ဆန်အလှ စသည်ဖြင့် ခံစားမှုပေါင်းစုံပေးစွမ်းနိုင်၏။ ယခုခရီးစဉ်သည် ကျွန်တော့်အတွက် သုံးခေါက်မြောက်ခရီးစဉ်ဖြစ်၏။ ချင်းတောင်သို့ သုံးခေါက်မြောက် ရောက်ရှိခြင်းဖြစ်၏။ သို့သော်လည်း ရိုးမသွား။ အသစ်သစ်သောခံစားမှုများကို ပေးစွမ်းနေတုန်းပင် ဖြစ်၏။ ညှို့ဓာတ်ကြီးမားသော ချင်းတောင်နတ်မိမယ်ကလေး၏ အလှတရားတွင် ကျွန်တော်သည် မိန်းမောယစ်မူးချင်နေမိပါသည်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
       သိုင်းငင်းရွာရောက်တော့ တစ်ထောက်နားကြပြန်သည်။ သိုင်းငင်းရွာသည် ကလေးမြို့နှင့် တီးတိန်မြို့၏အလယ် လမ်းခုလတ် ယာဉ်ရပ်နားစခန်းဖြစ်ပါသည်။ ကားလည်းနား လူလည်းနားကြ၏။
      သိုင်းငင်းရွာသည် ချင်းတောင်အငွေ့အသက် တစ်ချို့တစ်ဝက်ရရှိသောနေရာ ဖြစ်ပါသည်။ တောင်တွေကို အပေါ်စီးကမြင်ရသည်။ မြွေလိမ်မြွေကောက် လမ်းဖွေးဖွေးကလေးများကိုလည်း တွေ့ရသည်။ တောင်ဇလပ်ပန်းပင်အချို့ကိုလည်း တွေ့ရ၏။ ကျွန်တော်တို့ ထမင်းစားနားရာ ဆိုင်ကလေးအနီးတွင် ရဲရဲနီနေသော တောင်ဇလပ်ပန်းပင်ကလေး ရှိသည်။ အပင်သေး၍ အပွင့်နည်းသောကြောင့် အလှကြီးရယ်တော့ မဟုတ်ပါ။
      သို့သော်လည်း ချင်းတောင်သင်္ကေတပန်းကလေးကို အပြင်မှာ အရှင်လတ်လတ်မြင်လိုက်ကြရသဖြင့် ရွှင်မြူးသွားကြသည်။ ပန်းပင်ကလေးနှင့် နီးနိုင်သမျှနီးအောင် ကြိုးစား၍တိုးကပ်ကြသည်။ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ကြသည်။ သူ့ထက်ငါအရင် အွန်​လိုင်းမှာ တင်နိုင်အောင် ကြိုးစားကြသည်။ ကျွန်တော်လည်း ဓာတ်ပုံတစ်ပုံ ရိုက်၍ "ရင်ရိုး ခရီးသွားနေသည်"လုပ်ပစ်လိုက်သည်။
       ကျွန်တော်တို့အဖွဲ့သည် ထမင်းဆီဆမ်း စားသူစား၊ ဆာဗူးသီး သောက်သူသောက်ကြသည်။ ဆရာမအများစုကတော့ ဆာဗူးသီးသောက်ကြသည်။ ချင်းပြည်နယ်မှာ ချင်းအစားအစာ စားကြခြင်းပင်။
      သိုင်းငင်းလွန်လျှင် ကလေး-တီးတိန်လမ်းပိုင်း၏ အလှဆုံးနေရာသို့ ရောက်ကြသည်။ ရင်သပ်ရှုမောဖွယ် ရှုမဆုံးနိုင်သော မြင်ကွင်းကျယ်ကြီးကို မြင်လိုက်ကြရသည်။ ပြာရီမှိုင်းကာ ညို့နေသော တောင်ထွတ်များသည် အေးချမ်းဆိတ်ငြိမ်၍ ညှို့ငင်နေကြသည်။ ကျွန်တော်တို့သည် ကားပေါ်ကဆင်း၍ မြင်ကွင်းကြီးထဲ ပြေးဝင်လိုက်ကြသည်။ ကျွန်တော်တို့သည်လည်း ရှုခင်းကြီး၏တစ်စိတ်တစ်ပိုင်း ဖြစ်သွားပါတော့သည်။ အေးသွေ့ကြမ်းရှသောလေများ တဟူးဟူးတိုက်ခတ်နေပါ၏။
      ကျွန်တော်သည် ဆရာကြီးဦးအောင်သင်း၏ "လှလိုက်တာနော်"ဟူသော ရသစာတမ်းတစ်ပုဒ်ကို သတိရမိလိုက်ပါသည်။ ဆရာကြီး၏ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်တစ်ခုတွင် သိန္ဒီမြို့အလွန် ကွတ်ခိုင်သို့အရောက် တောင်ခါးပန်းတစ်ခုကနေ နောက်ပြန်လှည့်ကြည့်လိုက်စဉ် တိမ်ပင်လယ်ရှုခင်းကြီးကို မြင်လိုက်ရ၍ "လှလိုက်တာနော်"ဟု ရင်ထဲမြည်တမ်းမိသည် ဆိုပါသည်။ အကယ်၍သာ ဆရာကြီးဦးအောင်သင်းသည် ဤသိုင်းငင်း-တီးတိန်ကြားက လေသာတောင်ရှုခင်းကြိးကို မြင်လိုက်ရပါက "လှလိုက်တာနော်"ဟု မမြည်တမ်းဘဲနေနိုင်မည် မဟုတ်ပါ။
      အိုဘယ့် လွမ်းမောဖွယ်လေထန်ကုန်း။
      ဤတစ်သက် မေ့နိုင်တော့မည် မဟုတ်တော့ပါ။
      လေသာတောင် ရှုခင်းနေရာကြီးကို လေထန်ကုန်းဟုလည်း ခေါ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၆၀၀၀ကျော် မြင့်မားသည်။ ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သော ပေ၈၀၀၀ကျော်မြင့်မားသည့် ကနေဒီတောင်နှင့်လည်း ဆက်စပ်နေပါသည်။ တောင်ဇလပ်ပန်းနီနီများကိုလည်း အပြန့်အကျဲတွေ့ရ၏။
       ကျွန်တော်တို့သည် လေထန်ကုန်းတွင် အချိန်တော်တော်ဖြုန်းပစ်လိုက်ကြသည်။ ဟူးဟူးထန်နေသော လေကြမ်းကြမ်းကြီးထဲတွင် တဘက်များ၊ အင်္ကျီများကို ဝှေ့ရမ်၍ ဓာတ်ပုံအရိုက်ခံကြသည်။ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြသည်။ ဗွီဒီယို မှတ်တမ်းတင်ကြသည်။ ကိုယ်စီ လွတ်မြောက်နေကြ၏။ ကျွန်တော်တို့ကိုယ်တွင်းက ပူပင်သောကများ စုပ်ယူခံလိုက်ရသလိုပင်။ အရာရာသည် ပေါ့ပါးနေ၏။
      ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာလွန်းလှပါသည်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
      
       တရုတ်ဂန္ထဝင်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးထားသည့် "အနောက်သို့ ခရီးသွားခြင်း"ဇာတ်ကားထဲက မျောက်ဘုရင်စွန်းဝူခုန်းနှင့် ကွမ်ရင်မယ်တော်တို့ တွေ့ဆုံသော ဇာတ်ဝင်ခန်းကို ဤသိုင်းငင်း-တီးတိန် လမ်းပိုင်းတစ်နေရာတွင် ရိုက်ကူးထားသလားဟု ရွှတ်နောက်နောက်တွေးဖြစ်လိုက်ပါသေးသည်။ ကျွန်တော်တို့သည် တိမ်များ၏အထက်တွင် ရောက်နေကြသည်။
      အလိပ်လိုက်အလိပ်လိုက် ဖွေးဖြူနေသော တိမ်စိုင်တိမ်လိပ်များသည် ဝါဂွမ်းလိပ်ကြီးတွေနှင့်ပင် တူနေပါတော့သည်။ တိမ်စိုင်တိမ်လိပ်များသည် မျောလွင့်နေကြသည်။ ကျွန်တော်တို့လည်း မျောလွင့်နေကြပါသည်။ ဒဏ္ဍာရီဆန်သောရှုခင်းကြီးထဲ ကျွန်တော်တို့စိတ်တွေ မျောလွင့်နေကြသည်။ သတိလစ်နေကြ၏။ တစ်ကားလုံး ရုတ်တရက်တိတ်ဆိတ်သွားပါသည်။
       သတိရ၍ ဟေးခနဲအော်ဟစ်လိုက်သည့်အခါ ကားဆရာက ဆတ်​ခနဲငဲ့ကြည့်သည်။ ကျွန်တော်တို့မှာ ကားဆရာကို သတိပေးလိုက်ရ၏။ တီးတိန်မြို့ ရောက်ခါနီးလေ လမ်းကျဉ်းလာလေထင်မိသည်။ တောင်တွေက ပို၍မတ်စောက်လာ၏။ အောက်သို့ ငုံ့ကြည့်လိုက်လျှင် အသည်းယားစရာချောက်ကမ်းပါးကြီးက ထိတ်လန့်ဖွယ်။
        ဟိုဘက်တောင်ခါးပန်းနှင့် သည်ဘက်တောင်ခါးပန်း လှမ်းမြင်နေရသော်လည်း ကွေ့ပတ်သွားနေရသဖြင့် ရောက်ခဲလှသည်။ စိတ်က အရင်ရောက်၍ ကားက နောက်ကျနေ၏။ ဤသည်မှာ ချင်းတောင်၏ ဓလေ့တစ်ခု ဖြစ်ပါလိမ့်မည်။
         ကျွန်တော်တို့အဖွဲ့ တီးတိန်မြို့ရောက်တော့ ညနေစောင်းပြီ။ လမ်းမှာ အေးအေးဆေးဆေး သက်သက်သာသာ နားနားနေနေလာခဲ့ကြသဖြင့် ခရီးဖင့်ခြင်းဖြစ်၏။ ကျွန်တော်တို့သည် အချိန်ကန့်သတ်မှုနှင့်မသွား။ ဘယ်အချိန်မှာ ဘယ်နေရာရောက်ရမည်ဟု ကြိုတွေးမထားပေ။ တစ်လမ်းလုံးသည်ပင် ကြည့်စရာ ရှုစရာဖြစ်၏။ တိမ်စိုင်တိမ်လိပ်တွေ၊ အေးသွေ့ကြမ်းရှသောလေတွေ၊ တောင်ဇလပ်ဖြူနီပင်တန်းတွေ၊ ထင်းရှူးရိပ်တွေ၊ မက်စောက်သောတောင်ကမ်းပါးယံတွေ၊ နက်ရှိုင်းသော ချောက်ကမ်းပါးတွေ အားလုံးသည် ကျွန်တော်တို့ မြင်ချင်တွေ့ချင်သော အရာများသာဖြစ်ပါသည်။
      သုတ်သုတ်သွား၊ သုတ်သုတ်ပြန်လျှင် ချင်းတောင်၏အလှကို ခံစားနိုင်မည်မဟုတ်ပေ။ ဆိုတော့ ခရီးဖင့်ခြင်းမှာ အနှောက်အယှက်တစ်ခု မဖြစ်တော့။
      တီးတိန်အရောက်တွင် ဒေသခံညီငယ်များဖြစ်သည့် ဇို(တီးတိန်)နှင့် ခိုင်ချင့်တို့ လာတွေ့ကြသည်။ ကျွန်တော်က ကားပေါ်က မဆင်းအားတော့။ ကားပေါ်ကပဲ နှုတ်ဆက်ကြရသည်။ အားလုံး၏ဆန္ဒအရ တီးတိန်တွင် မနားတော့ဘဲ ရိဒ်သို့ ချီတက်ခဲ့ကြတော့သည်။
       အချိန်သည် အလင်းပါးလျ၍ မှောင်မှင်မှင်ဖြစ်နေချေပြီ။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

       တီးတိန်နှင့် ရိဒ်ကြားတွင် လိုင်တွီးကျေးရွာရှိသည်။ ယာဉ်လိုင်းများ တစ်ထောက်နားသည့်နေရာ ဖြစ်သည်။ တီးတိန်နှင့် လိုင်တွီးရွာသည် "ပ"အက္ခရာ၏ အစမှတ်နှင့် အဆုံးမှတ်နှင့်တူသည်။ "ပ"အက္ခရာ၏ အောက်ခြေအမှတ်သည် "မံဆောင်း"ကြိုးတံတားဖြစ်ပါသည်။
       ကျွန်တော်တို့အဖွဲ့ မံဆောင်းကြိုးတံတားရောက်တော့ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရတော့။ သို့သော်လည်း ကျွန်တော်တို့အဖွဲ့သည် တံတားပေါ်ဆင်းလျှောက်၍ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ခဲ့ကြသေးသည်။ ကားမီးရောင်အလင်းထဲတွင် ဖုန်မှုန်များ မှုန်ဝဲနေပါသည်။ တီးတိန်-ရိဒ်ကြားက ကားလမ်းသည် ကလေး-တီးတိန်ကြားက လမ်းလောက် မကောင်းပေ။
       ကျွန်တော်တို့သည် လိုင်တွီးရွာသို့ ရောက်ချင်နေကြပြီ။ မှောင်ကလည်းမှောင်၊ ပတ်ဝန်းကျင်ကိုလည်း မမြင်ရတော့မှ ကိုယ့်ဗိုက်ကိုယ် သတိရကြတော့သည်။ ဗိုက်ဆာနေကြပြီ။ အပေါ့အပါးလည်း သွားချင်ကြပြီ။ ခဏနားချင်ကြပြီ။
      လိုင်တွီးရွာရှိ "စွဲမက်"ထမင်းဆိုင်တွင် ခဏနားကြသည်။ အညာစာများဖြစ်သော ခရမ်းချဉ်သီးချက်နှင့် တမာရွက်ပြုတ်ရသဖြင့် အံ့သြခဲ့ကြသေးသည်။
       ကျွန်တော်တို့ ခရီးထွက်ခဲ့သည့်ရက်မှာ မတ်လ၁၇ရက်၊ ၂၀၁၇ခုနှစ်ဖြစ်ပါသည်။ တမူးတွင် ပူအိုက်စပြုနေသော်လည်း လိုင်တွီးတွင် အေးစက်ကိုက်ခဲလှပါသည်။ ကားထဲတွင် အအေးဓာတ်မှာ မသိသာသော်လည်း အပြင်ထွက်တော့မှ သိသာလှသည်။ မိုးကလေးဖွားဖွားကျနေပြန်သေး၏။
        တုန်တုန်ခိုက်ခိုက်ကြားမှာပင် ကျွန်တော်တို့သည် မြန်မြိန်ရှက်ရှက်စားလိုက်ကြပါသည်။
       ခရီးဆက်ရဦးမည်။
       ကျွန်တော်တို့၏ အန္တိမရည်မှန်းချက်ဖြစ်သော ရိဒ်ရေကန်သို့ မရောက်သေး။ အမှောင်ရိပ်ထဲ တိုးဝင်ရဦးမည်။ ကိုယ်မရောက်ဖူးသော လမ်းခရီးသို့ ဆဝါး၍လိုက်ပါရသည်မှာ အမှောင်ထဲ စမ်းတဝါးဝါးလျှောက်နေရသလိုပင်။ သွားရသည်မှာ အားမရ။ ရှုခင်းသည် ပိတ်ဆီးကွယ်သန်းနေပါသည်။
       ဤလိုနှင့် ကားပေါ်တွင် တစ်မှေးအိပ်ပျော်ပြီးနောက် ရိဒ်ခေါဒါရ် (Rih Khaw Dar)မြို့သို့ ရောက်ခဲ့တော့သည်။ "ရောက်ပြီ၊ ရောက်ပြီ"ဟု တစ်ယောက်တစ်ပေါက်ပြောဆိုရင်း လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ ကျွန်တော်တို့က "ရိဒ် ရိဒ်"ဟု အလွယ်ခေါ်နေသော်လည်း မြို့အမည်အပြည့်အစုံမှာ ရိဒ်ခေါဒါရ်ဖြစ်ပါသည်။ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်၏။ အိန္ဒိယဘက်ကမ်းက မြို့အမည်မှာ ဇိုခေါသာ(Zokhaw Thar) ဖြစ်ပါသည်။ ရိဒ်ခေါဒါရ် နှင့် ဇိုခေါသာ။ မြို့အမည်လေးတွေက ချစ်ချင်စရာ။
      ရိဒ်ရေကန်ရောက်ဖို့ မြို့ကနေ တစ်မိုင်လောက်သွားရသေးသည်။ ရိဒ်ရေကန်ရှိရာကို မေးစမ်းရှာဖွေရသည်။ မြို့ပေါ်မှာ တည်းခိုခန်းများရှိသော်လည်း မြို့ပေါ်မတည်းချင်။ ကန်ဘေးတွင် ဘန်ဂလိုများရှိသည်ဟု ကြားဖူးထား၍ ကန်ဘေးမှာပင် တည်းချင်ကြ ၏။ မေးစမ်းရှာဖွေရင်း ဘန်ဂလိုတွေကို တွေ့ပါပြီ။
      ကျွန်တော်တို့အဖွဲ့ (၁၁ )ယောက်စာ (ကားဆရာက ကားပေါ်မှာအိပ်)ရ၏။ တစ်ယောက် ငါးထောင်ကျပ်။ ဘန်ဂလိုတစ်လုံးတွင် နှစ်ယောက်အိပ် အိပ်ခန်းနှစ်ခန်းပါ၏။ ရေချိုးခန်း၊အိမ်သာ တွဲလျက်ပါရှိ၏။ အလွန်ဈေးသက်သာလှပါသည်။
       အချိန်က ည ၁၀နာရီထိုးပြီ။ ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်မှောင်ပိန်းနေ၏။ ကားမီးသည်ပင် ဝေးဝေးမရောက်။ ရေကန်ကိုလည်း မမြင်ရ။ သို့သော် ကိစ္စမရှိ။ ရေကန်ကြီး၏ အနီးအနားတွင် ရောက်နေပြီဟု တွေးလိုက်မိသည်နှင့်ပင် အေးခိုက်နေသည့်ကြားက နွေးထွေးသွားပါသည်။
      ပိန်းပိတ်နေသည့်အမှောင်ခုထဲတွင် နှစ်ခြိက်စွာအိပ်မောကျသွားပါသည်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

       မနက်လင်းတော့ "တဝေးဝေး တဟေးဟေး" အော်ဟစ်သံတွေကြောင့် ကျွန်တော်လည်း လန့်နိုးသွားသည်။ ဆရာမတွေ အော်ဟစ်ခုန်ပေါက်နေကြခြင်း ဖြစ်၏။
       ကျွန်တော်သည် အိပ်ရာဘေးက ပြတင်းပေါက်ကို ဖွင့်လိုက်၏။ "အားလားလား" ရေကန်ကြီးပါလား။ အိပ်ရာပေါ်ကနေ အတိုင်းသားမြင်နေရ၏။ ဤမျှလောက် နီးကပ်နေလိမ့်မည်ဟု ထင်မထားမိပါ။ ညက အမှောင်ထုကြောင့် မမြင်ရခြင်းဖြစ်ပါသည်။
      ကျွန်တော်နှင့် အခန်းဖော်ဖြစ်သည့် ဆရာမြင့်သိန်းထွန်း နှစ်ယောက်သား ကန်ဘေးသို့ ဆင်းချသွားကြသည်။ ကျွန်တော်တို့ မှန်းဆရင်ခုန်ခဲ့သော ရိဒ်ရေကန်ကြီးကို တွေ့ပြီ။ အေးမြလတ်ဆတ်သောလေကို ရှူရှိုက်ကြသည်။ မနက်ခင်းသည် နုသက်နေပါသည်။
       ကျွန်တော်တို့နှစ်ယောက်သည် ရိဒ်ရေနှင့် မျက်နှာသစ်လိုက်ကြသည်။ တနည်းအားဖြင့် ရိဒ်ရေကို နမ်းရှိုက်လိုက်ပြီ။ ရိဒ် ပြောသမျှ နားထောင်ဖို့ နားစွင့်ထားလိုက်ပြီ။
      ရိဒ်ရေကန်ထဲတွင် သေဆုံးသူများ၏ ဝိညာဉ်များ ခိုနားနေသည်ဟု မီဇိုတွေက ယုံကြည်ကြသတဲ့။ သေဆုံးသူများ၏ ဝိညာဉ်များ ရေကန်၏အပြင်သို့ ထွက်မသွားအောင် ဝိညာဉ်တားပင်များ(Mithipal)က စောင့်ရှောက်ထားပါသတဲ့။ တကယ်ပင် ကန်၏ပတ်လည်တွင် ဝိညာဉ်တားပင်များ အပြိုင်းအရိုင်းပေါက်နေကြပါသည်။ အခြားနေရာများတွင် မတွေ့ရပါ။
       ကျွန်တော်တို့မြန်မာတွေက ထိုအပင်များကို မိုးမခပင်များဟု ခေါ်ကြပါသည်။ မိုးမခဟုခေါ်ခေါ် မိထိပါးရ်ဟုခေါ်ခေါ် ကန်ကို  အရံအတားတစ်ခုသဖွယ် ကာကွယ်ပေးထားသည်ကတော့ သေချာလှပါသည်။
      ကျွန်တော်တို့သည် ကန်ဘေးကိုတော့ဖြင့် ရောက်ကြပါပြီ။ သို့သော်လည်း အာသီသမပြေကြသေးပါ။ ဘန်ဂလိုများ ရှိသည့်ဘက်မှာ အသည်းပုံ၏ အောက်ဘက်ပိုင်းဖြစ်ပါသည်။ နာမည်ကျော် အသည်းနှလုံးပုံကို မမြင်ရသေး။
       ရိဒ်ရေကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၆၆ပေ အမြင့်တွင် ရှိ၍  ရေအနက်မှာ ပေ၆၀ရှိသည်ဟု သိရပါသည်။ ကန်ပတ်လည်အလျားမှာ သုံးမိုင်ရှိသည်။ သဘာဝအလျောက် ကြံကြံဖန်ဖန် အသည်းနှလုံးပုံရှိနေသည်မှာ ထူးခြားလှပါသည်။ သဘာဝအသည်းနှလုံး။ တနည်းအားဖြင့် ရေနှင့်ရေးသည့်အသည်းနှလုံး။
       အသည်းနှလုံးကို မြင်ရဖို့ တောင်ကုန်းတစ်ခုကို တက်ရဦးမည်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

       အသည်းနှလုံးကို မြင်ရဖို့ တစ်ညနေစောင့်လိုက်ရပါသည်။ မနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကျန်ဖိုင်း(Champhai)မြို့သို့ အလည်အပတ်သွားရောက်ရန် သဘောတူလိုက်ကြသည်။
      ရိဒ်ရေကန်ဘေးက "ရိဒ်ကန်သာ" စားသောက်ဆိုင်ပိုင်ရှင် ကိုဒိငါက စီစဉ်ပေး၏။ အသည်းနှလုံးပုံ မြင်ချင်စိတ်ကို ခဏချုပ်ထိန်းလိုက်ရသည်။ ကျန်ဖိုင်းမြို့ အလည်အပတ်ခရီးအတွက် အသွားအပြန် ၆နာရီလောက် အချိန်ပေးလိုက်ရသည်။ ပြန်ရောက်ချိန်တွင် အလင်းရောင်သဲ့သဲ့သာကျန်တော့သည်။ ညနေ ၅နာရီ ထိုးခါနီးပြီ။
       အသည်းနှလုံးပုံကို ကြည့်ရန် View Point ရှိသောနေရသည် အခြေခံပညာအထက်တန်းကျောင်းကို ဖြတ်သွားရသည်။ ကျောင်းဝင်းထဲက ဝင်ရသည်။ အလင်းရောင် မပျောက်မီ အလုအယက်ပြေးကြတော့၏။
       ရောက်ပါပြီ။ နိုင်ငံကျော်သော အသည်းနှလုံး၊ ကမ္ဘာကျော်သော အသည်းနှလုံး။ ဓာတ်ပုံတွေ၊ စာစောင်တွေ၊ အင်တာနက်စာမျက်နှာတွေထဲကနေ မြင်ခဲ့ရသောအသည်းနှလုံး။ မျက်စိအောက်သို့ ရောက်ချေပြီ။ အားရရွှင်လန်းသွားကြသည်။ ရည်မှန်ချက် ပြည့်မြောက်သွားကြသည်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဓာတ်ပုံရိုက်ပေးကြ၏။ အဖွဲ့လိုက်ရိုက်ကြ၏။ အောင်ပြီ အောင်ပြီ။
       အသည်းနှလုံးပုံ တကယ်ရောဟုတ်ပါ့မလားဟု စိုးထင့်ခဲ့မိသေးသည်။ အခုတော့ မယုံမရှိ၊ အဟုတ်ပကတိဖြစ်နေပါသည်။ စိမ်းညို့ညို့တောင်တန်းများအလယ်က ပတ္တမြားကြီးတစ်လုံးပါပင်။ ချင်းပြည်နယ်၏ ရတနာ၊ မြန်မာပြည်၏ အလှတရား။
       ကျွန်တော်သည် ဆရာကြီးမြသန်းတင့် ဘာသာပြန်ခဲ့သည့် "ရွှေပြည်တော် မျှော်တိုင်းဝေး" ဝတ္ထုကြီးကို ဖတ်ခဲ့ဖူးပါ၏။ ဇာတ်လိုက်နှစ်ဦးဖြစ်သည့် အက်ရှ် နှင့် ဇူလီတို့ ခိုနားချင်ခဲ့သည့် ရွှေပြည်သာတောင်တန်းကြီးသည် မည်သို့သောနေရာများဖြစ်မည်နည်းဟု မှန်းဆကြည့်ခဲ့ဖူးသည်။ သို့သော်လည်း မှန်းဆ၍မရခဲ့ပါ။
      စစ်ပွဲတွေနှင့်ဝေးရာ၊ အာဃာတအငြိုးအတေးတွေနှင့်ဝေးရာ၊ ပူပင်သောကတွေနှင့်ဝေးရာ အက်ရှ်နှင့်ဇူလီတို့ တောင့်တခဲ့သောနေရာသည် ဤရိဒ်ရေကန်ကြီး ရှိရာနေရာသာဖြစ်ပါလိမ့်မည်ဟု ကျွန်တော် တွေးနေမိပါသည်။
      ကျွန်တော့်စာကို သိုင်းငင်းနှင့်တီးတိန်ကြား လေထန်ကုန်းနေရာတွင် စိုက်ထူထားသည့် လက်ဝါးကပ်တိုင်ပေါ်က ဓမ္မစကားနှင့် အဆုံးသတ်လိုက်ပါတော့မည်။
       "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြကုန်လော့၊ ငါသည် ချမ်းသာပေးမည်။"
မဿဲ  ၁၁း ၂၈ ။     ။

ရင်ရိုး

"ကျေးရွှေတမာ" စာပေမဂ္ဂဇင်း
အမှတ် ၅၊ မတ်လ၊ ၂၀၁၈ခုနှစ်။

Wednesday, May 16, 2018

မင်္ဂလာ​ဆောင်

IDEA Magazine,June 2018

မင်္ဂလာ​ဆောင်
lllllllllllllllll

အလုပ်​က​လေးနည်းနည်းရှိလို့နည်းနည်း​နောက်​ကျသွားတယ်
ခုတ​စ်​လောကျန်းမာ​ရေးသိပ်​မ​ကောင်းဘူး​ဗျာ
ဟိုတစ်​​နေ့ကခင်​​ဗျားကိုလမ်းမှာ​တွေ့လိုက်​​သေးတယ်
နှုတ်​ဆက်​ရမှာထက်​စာရင်​မမြင်​ချင်​​ယောင်​​ဆောင်​လိုက်​တာက
ပို​ကောင်းတယ်​လို့တစ်​ခါတစ်​ခါ​တွေးမိတယ်​​ဗျ
အရင်​တုန်းကလမ်းကျဉ်း​လေးဟာ
အခု​တော့လမ်းကျယ်​ကြီး​ဖြစ်​သွားပြီ​ပေါ့
တိုးတက်​​နေတဲ့​ခေတ်​ကြီးထဲမှာ​နောက်​ကျတယ်​ဆိုတာက​လည်း​ပုံမှန်​အတိုင်း​ပါပဲ
မင်းအ​ဖေ​ဘောလုံးပွဲ​တွေထကြည့်​​သေးလားဆိုပြီး
မ​နေ့ကခင်​​ဗျားသားအကြီး​​ကောင်​​​ဖိတ်​စာလာပို့​တော့စလိုက်​​သေးတယ်
နေ​ကောင်းလားဆိုတာထက်​စားပြီးပြီလား​ဆိုတာကပိုအဓိပ္ပါယ်​ရှိမယ်​ထင်​ပါတယ်
ဒီမြို့မှာဘိုးဘွားရိပ်​သာမရှိတာလည်းတစ်​ခု​​တော့​ကောင်းတယ်​​ဗျ
အရင်​တုန်းကလို​အသက်​ရှူလို့မ​ကောင်းတာ​တစ်​ခုပါပဲ
ကျန်​တာအဆင်​​ပြေပါတယ်
တစ်​​ယောက်​တည်းဆို​တော့ဖြစ်​သလိုစားရတာပဲ
မရှိတာထက်​မသိသာခက်​ဆို​ပေမဲ့မရှိတာကပို​​ပျော်​ဖို့​ကောင်းပါတယ်
မ​နေ့ကဟိုဘက်​လမ်းက​အသုဘလိုက်​မပို့လိုက်​ရဘူး
တော်​​တော်​စည်​​တယ်​လို့​တော့ကြားတယ်
အခုဖွင့်​တဲ့သီချင်း​တွေကလည်းနားကိုမလည်​ပါဘူး​​ဗျာ
ဒါနဲ့ တရားထိုင်​ဖြစ်​​သေးလား
ခင်​​ဗျားအဘွားကြီးကြည့်​ရတာသမီးကိုနှ​မြော​နေပုံပဲ
ဟိုတစ်​​နေ့ကဘက္ထရီအိုးအ​ဟောင်း​တစ်​လုံးရောင်းလိုက်​တာ​ဈေး​ကောင်းရတယ်​​ဗျ
မီးကလည်းမှန်​​နေ​တော့မီး​မွှေးရသက်​သာတာ​ပေါ့​ဗျာ
ခုတ​လောလူမှု​ရေး​တွေလိုက်​ရတာလည်းလက်​ကိုမလည်​ဘူး​ဗျို့
အခုရပ်​ကွက်​ဥက္ကဌကအရင်​ဥက္ကဌပဲဆို​တော့အ​ပြောင်းအလဲ​တော့သိပ်​မရှိပါဘူး
လမ်းက​တော့ပုံမှန်​​လျှောက်​ပာတယ်
ကျန်းမာ​နေဖို့ကအဓိကမဟုတ်​လား
မွေး​တော့လည်းတစ်​​ယောက်​တည်း
သေ​တော့လည်းတစ်​​ယောက်​တည်းဆိုသလိုပဲ​ပေါ့
ဆေး​ပေးမီးယူဆိုတာလည်းဆန်​​ပေးမှဆီရသလိုမျိုးပဲမဟုတ်​လား
ဘုန်းကြီး​ကျောင်းလည်းဒူးနာ​နေလို့မ​ရောက်​ဖြစ်​ပါဘူး​ဗျာ
ခင်​​ဗျားသမီးအငယ်​မင်္ဂလာ​ဆောင်​ကျရင်​​​တော့လာနိုင်​ပါ့ဦးမလား​မသိဘူး
ပြန်​​တော့မယ်​​ဗျာ၊အရင်​လိုကြာကြာမထိုင်​နိုင်​​တော့ဘူး
ခင်​​ဗျားလည်းအားရင်​အပျင်း​ပြေအိမ်​ဘက်​လာခဲ့ပါဦး
ကျွန်​​တော်​က​တော့
တစ်​​ယောက်​တည်းရှင်​သန်​​နေရတာထက်
တစ်​​ယောက်​တည်းအထီးကျန်​​နေရတာကိုပိုကြိုက်​​နေမိပြီ​ဗျ...။

အောင်​ကိုကိုလတ်​(တမူး)