Wednesday, April 6, 2016
ညီမလေးမဖတ်ရသေးတဲ့ ကဗျာ(၂)
ညီမလေးမဖတ်ရသေးတဲ့ ကဗျာ(၂)
==================================
ဇာတ်လမ်းရဲ့အစက အအေးဆိုင်လေးထဲ
အအေးဘူးလေးနှစ်လုံးစဖောက်လိုက်တဲ့အချိန်
သိပ်မကြာလိုက်ဘူး
ကြည်နူးခြင်းတွေ အပိုင်းပိုင်းပြတ်ခါ
ဇာတ်လမ်းက ပြီးဆုံးသွားပြီဆိုတော့
တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေက
တိုက်ဆိုင်မှုတွေကြောင့်သတိရတိုင်း
သူနာမည်ကို ရေရွတ်ကြတယ်။
နှလုံးသားက တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ကြားက
အမှတ်မရှိသူ့ကို တမ်းတခဲ့တယ်။
ဆေးလိပ်မီးခိုးတွေကို လည်ချောင်းထဲထိ ရှိုက်သွင်းလိုက်
လေဟာနယ်မှာ မှုတ်ထုတ်လိုက်နဲ့
အတွေးတွေက ဟိုပြေးဒီပြေး
အနီးကပ်ခံစားဖူးတဲ့ သနပ်ခါးရနံ့လေးတွေဆီရောက်သွားတယ်။
တကယ်ဆို အပြစ်ဆိုစရာမရှိအောင်
သူမရဲ့ ပုံစံခွက်ထဲမှာ အသားတကျ နေခဲ့တာပဲ
အခုကျ အနောက်က ကပ်ပါနေတဲ့ ငါ့ခြေထောက်တွေကို
အနှောက်အယှက်တွေတဲ့လား ညီမလေး
အချစ်ကို ကိန်းသေလို သဘောထားမိတဲ့ငါ့မှာ
မင်းပေးခဲ့တဲ့ သစ္စာတရားတွေကို အတုအစစ်မခွဲတတ်ခဲ့လို့
အလွမ်းတွေနှင့် နေထိုင်စားသောက်ရင်း
ညစဉ်မက်တဲ့ ငါ့အိပ်မက်တွေ ဆေးရောင်ပျက်ကုန်ပါပြီ
သွေးမထွက်တဲ့ ဒဏ်ရာဆိုပေမယ့်လည်း
သေရာပါမယ့် ဒဏ်ရာတွေပါ ညီမလေး။
လရောင်ဦး-တမူး 
မေလ၊ ကလျာမဂ္ဂဇင်း 2016
အလှမွေးငါး(၃)
အလှမွေးငါး(၃)
lllllllllllllllllllllllll
ချိုင်းထောက်နဲ့အရက်ပုလင်းဟာ
လမ်းလယ်မှာခွေအိပ်နေတယ်
အစပ်အဟပ်မတည့်တဲ့အမှိုက်တွေ
အဆီအငေါ်မတည့်တဲ့အမှိုက်ပုံးတွေ
ငါးတစ်ကောင်နဲ့ငါးတစ်ကောင်အလှပြိုင်ကြ
လူတစ်ယောက်နဲ့လူတစ်ယောက်ရေကူးပြိုင်ကြ
ရုပ်ရှင်ဇာတ်လမ်းထဲမှာ
ဂျိန်းစဘွန်းဟာဘယ်တော့မှမသေဘူး
ကာတွန်းဇာတ်လမ်းထဲမှာ
တွမ်နဲ့ဂျယ်ရီဟာဘယ်တော့မှမတည့်ဘူး
ဘယ်တော့မှဟာနာမည်ကြီး
ဘယ်တော့မှဟာလူကြိုက်များ
ဘယ်တော့မှပြန်မရတော့တဲ့ခြေထောက်တစ်ဖက်ဟာ
ဘယ်တော့မှအမူးမပြေတဲ့စစ်ပြန်တစ်ယောက်လည်းဖြစ်တယ်...။
 အောင်ကိုကိုလတ်(တမူး)
FACES မဂ္ဂဇင်း April 2016
‪#‎မဂ္ဂဇင်းမှာနှစ်ကြောင်းကျကျန်နေခဲ့ပါတယ်‬
လူနာ(၄)
လူနာ(၄)
llllllllllllllll
တစ်စက္ကန့်ပြီးတစ်စက္ကန့်
အချိန်ဆွဲတယ်ဆိုတာလည်း
ပွဲသိမ်းခရာမမှုတ်ခင်အထိပါပဲ
လူ့သက်တမ်းဟာပုခက်ပေါ်မှာငိုနေဆဲ
လူ့သက်တမ်းဟာလမ်းပေါ်မှာလျှောက်နေဆဲ
လူ့သက်တမ်းဟာပိုက်ဆံနောက်လိုက်နေဆဲ
အခု...လူ့သက်တမ်းဟာ
မျက်ရည်နဲ့မျက်ခွက်နဲ့
အရိုးပေါ်အရေတင်တဲ့ခန္ဓာကိုယ်နဲ့
မျောနေတဲ့စိတ်နဲ့
တကယ်တော့
ပိုက်ဆံနဲ့အသက်ကိုတစ်စက္ကန့်ချင်းဆွဲဆန့်တာလည်း
ပိုက်ဆံနဲ့အသက်ကိုတစ်စက္ကန့်ချင်းညှင်းဆဲသလိုပါပဲ...။
 အောင်ကိုကိုလတ်(တမူး)
ကမ်းဝေးကြိုးကြာမှ
"မြတ်နိုးတွယ်မက် အချစ်ဖြစ်စေ "
"မြတ်နိုးတွယ်မက် အချစ်ဖြစ်စေ "
=================
အပိုင်း(၁)
(က)
ထန်သင့်လာ(လ်)သည် ပုဆိုးစုတ်တစ်ခုဖြင့် ပြောင်စင်အောင် တိုက်ချွတ်ဆေးကြောရင်း ညနေခင်းက အဖြစ်အပျက်ကို ပြန်မြင်ယောင်နေမိသည်။"နင်တို့လို တောပစ်တဲ့လူတွေရှိတူမီးသေနတ်ပြောင်းဝကိုနေလို့ တောရိုင်းတိရ စ္ဆာန်တွေ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ" ဆိုသော ထဲမ်ထဲမ်း၏စကားကို ကောင်းကောင်းနားမလည်ချေ။"အဲဒါဆို နင့်အဖေကို သွားပြောပါလား"ဟု ပြောပစ်လိုက်ဖို့ သူစိတ်ကူးမိပေမယ့် စကားလုံးများက အပြင်သို့ ထွက်မလာခဲ့။ထဲမ်ထဲမ်းကို ချစ်လွန်း၍သာ သူ့မှာ ကြိတ်မှိတ်မျိုသိပ်နေလိုက်ရသည်။
"အဲဒါကတော့ဟာ ငါတို့အဘိုးအဘေးတွေ လက်ထက်ကတည်းက တောပစ်ခဲ့ကြတာပဲ။ငါတို့ခေတ်ကျမှ အဆန်းလုပတောပစ်ပြောနေရသလား။နင်တို့အိမ်မှာဆို ဧည့်ခန်းထဲချိတ်ဆွဲထားတဲ့ ပြောင်ခေါင်းတွေ၊ဆတ်ခေါင်းတွေ၊ဆတ်ချိုကြီးတွေမှ အများကြီး"
အုတ်ကန်နံဘေး ရေချိုးရင်း ဆပ်ပြာတိုက်နေသော ထဲမ်ထဲမ်းက သူ့ကို လှပသောမျက်စောင်းကလေးဖြင့် လှမ်းကြည့်သည်။ကဲ့ရဲ့ပြစ်တင်နေသော ထဲမ်ထဲမ်းစကားတွေကို အလိုမကျမိပေမဲ့ ထဲမ်ထဲမ်းဆိုသည့် ကောင်မလေးဟာ မျက်စောင်းထိုးလျှင်လည်း လှတာပဲဟု သူတွေးမိလိုက်သည်။သူ ပြောလည်းပြောစရာ။ထဲမ်ထဲမ်းအဖေတို့အိမ်မှာက သူတို့ညီအစ်ကိုတွေ အမဲပစ်ရာမှ ရလာသော တောကောင်များ၏ ချိုတွေ၊ဦးခေါင်းခွံတွေ ချိတ်ဆွဲထားတာများ သူတို့အိမ်ရောက်သွားလို့ကတော့ ပြတိုက်တစ်ခုထဲ ရောက်နေသလား ထင်မှတ်ရမည် ဖြစ်သည်။
"အို ငါ့အဖေကို ငါပြောမရလို့ ကြည့်နေရတာပဲ။သူက အဖေလေ။နင့်ကိုတော့ ငါပြောလို့ရမှာပဲ။ဟုတ်တယ် မဟုတ်လား"
ငယ်ကတည်းက လည်ပင်းဖက် ပေါင်းဖော်လာခဲ့သူများမို့ ထဲမ်ထဲမ်းက သူ့အပေါ်ဆို အမြဲလိုနိုင်ချင်သည်။သူကလည်း ထဲမ်ထဲမ်းဆိုလျှင် အမြဲအလျှော့ပေးဆက်ဆံခဲ့သည်ချည်း။ထဲမ်ထဲမ်းအတွက် သူက "ငယ်နိုင်"ဟုဆိုသော် ရသည်။
"အမဲမပစ်ရရင် ငါတို့မိသားစု ဘာနဲ့ ထမင်းစားမလဲ။နေ့တိုင်း ပြောင်းကြမ်းပဲ ပြုတ်စားရမှာလား"
သူက လက်ရှိအနေအထားကို စဉ်းစားပြီး ထပ်၍ အတွန့်တက်လိုက်သည်။ထဲမ်ထဲမ်းက အမွှေးဆပ်ပြာခဲကို လက်တစ်ဖက်က အကိုင်မပျက်ဘဲ ခါးထောက်လိုက်ပြီး-
"အဲဒါကြောင့် နင့်ကို ငါ ကြည့်မရတာ။ပြောလိုက်ရင် ကန့်လန့်တိုက်ဖို့ပဲ။တောမပစ်ရရင် တောင်ယာလုပ်ပေါ့။ဆန်သယ်ရောင်းပေါ့။မျောက်ငိုသီး သယ်ရောင်းပေါ့ဟဲ့ အကောင်စုတ်ရဲ့။မပြောလိုက်နဲ့ ပြောလိုက်ရင် ရန်ဖြစ်စရာချည်းပဲ။အဲဒါကြောင့် ငါ နင့်ကို မုန်းတာ"
နင့်ကို မုန်းတာ.....တဲ့။ကက်ကက်လန် ရန်တွေ့နေသော ထဲမ်ထဲမ်းကို ကြည့်ပြီး သူ့စိတ်ထဲ အလိုလိုဝမ်းနည်း၍လာသည်။ စကားလည်း ဆက်ပြောချင်စိတ် မရှိတော့။ စိတ်ညစ်ညစ်နှင့် "အဲဒါဆိုလည်း ပြီးရောဟာ"ဆိုပြီး တူမီးသေနတ်ကို နောက်ပြန်လွယ်လျက် ထွက်လာခဲ့သည်။
"ငါ့ကို ကြည့်မရလည်း ကြည့်လို့ရတဲ့သူကို ကြည့်ဟေ့"
သူနောက်ပြန်လှည့်မကြည့်ဘဲ ထဲမ်ထဲမ်းကြားအောင် အော်ပသ်ခဲ့သေးသည်။ ထဲမ်ထဲမ်းတစ်ယောက် သူ့ကို မကျေမနပ် ကျိန်ဆဲနေမှာကိုသိတော့ သူ့ရင်ဘတ်ထဲ နာကျင်ရပြန်သည်။
(ခ)
တင်ဟွေထဲမ်း။ လှလိုက်တဲ့ နာမည်ကလေး။ သူတို့လူမျိုးစု၏ ဘာသာစကားအရ တင်ဟွေထဲမ်းဆိုတာ "တော်သော လှသော မိန်းကလေး "ဟု အဓိပ္ပါယ်ရသည်။ နာမည်နဲ့လိုက်ဖက်အောင်ပင် ထဲမ်ထဲမ်းက တော်သည်။ လှသည်။ ဟိန်ဇံရွာထဲရှိ မိန်းမပျိုများအားလုံးထဲတွင် ထဲမ်ထဲမ်းက အလှဆုံး။ အို ....သူတွေ့ဖူးသမျှ မိန်းမတွေထဲမှာ ထဲမ်ထဲမ်းက အလှဆုံးဆိုတာ သေချာသည်။
သူ မှတ်မိနေသေးသည်။ မှတ်မှတ်ရရ သူ ခုနစ်တန်းကျောင်းသားဘဝတုန်းက ဖြစ်သည်။ ရွာမှာက အလယ်တန်းကျောင်းမရှိသဖြင့် ခါမ်းပါတ်မြို့ အထကကျောင်းမှာ ကျောင်းတက်ရသည်။ ထဲမ်ထဲမ်းနေထိုင်ရာအိမ်သို့ တစ်ညနေခင်းမှာ သူ အရောက်သွားပြီး အသည်းပုံပါသော စက္ကူလှလှကလေးဖြင့် ထုပ်ပိုးထားသည့် ပါဆယ်တစ်ထုပ်ကို ထဲမ်ထဲမ်းအား ပေးခဲ့သည်။ ထဲမ်ထဲမ်းက မေးတော့ "ခွတ်ဆု(လက်ဆောင်)"ဟု ပြောကာ သူ ရှက်ရှက်နှင့် ပြန်ပြေးခဲ့သည်။ အထဲမှာက စာတစ်စောင်နှင့် လတ်လတ်ဆတ်ဆတ် တောင်ဇလပ်ပန်းနီကလေးတစ်ပွင့်။ ကျောင်းပိတ်ရက် ရွာအပြန်မှာ သူ ကိုယ်တိုင် ကြိုးစားပမ်းစား ခူးဆွတ်လာခဲ့ရသော တောင်ဇလပ်ပန်းကလေး။
"ထဲမ်ထဲမ်းရာ။ နင်က တအားလှတော့ ငါတကယ်စိတ်မချတော့ဘူး။ ငါ့ကို ပြန်ချစ်ဖို့ တောင်းပန်ပါတယ်။ နင် ငါ့ကို ချစ်ရင် မနက်ဖြန် ကျောင်းတက်တဲ့အခါ တောင်ဇလပ်ပန်းနီကလေးကို နင့်ဆံပင်မှာ ပန်ခဲ့ပါနော်။ ငါ စောင့်ကြည့်နေမယ်"
အဲဒီနေ့ ညနေစောင်းမှာ ထဲမ်ထဲမ်းက သူ့ဆီ ချက်ချင်း လိုက်လာခဲ့သည်။ သူပေးသော ပါဆယ်ထုပ်ကိုလည်း ပြန်ပေးသည်။စိတ်ဆိုးလက်ဆိုးနှင့် သူ့ဗိုက်ခေါက်ပါးပါးကလေးကို အားပါးတရ ဆွဲလိမ်လိုက်သည်မှာ သွေးခြည်များပင် ဥလို့။ နာလွန်းသဖြင့် မျက်ရည်များပင် ဝဲခဲ့ရသည်။ ပညာသင်တဲ့အချိန်မှာ ရည်းစားကိစ္စတွေ စိတ်မဝင်စားရဘူး ဟူ၍ ထဲမ်ထဲမ်းက ဆရာမကြီးလုပ်ကာ ပြောခဲ့သေးသည်။
သူကတော့ အဲဒီနှစ်မှာပင် ကျောင်းထွက်ခဲ့ရသည်။ မထွက်လို့လည်းမဖြစ်။ အဖေက တောပစ်သွားရင်း လျှိုတစ်ခုထဲလိမ့်ကျကာ ညာဘက်ခြေသလုံးရိုး ကျိုးသွားသည်။ ခါမ်းပါတ်ဆေးရုံမှာ တက်ရောက်ကုသပြီး ကျောက်ပတ်တီးစည်းရသည်။ ဆရာဝန်က ဆေးရုံဆင်းပြီးလျှင်လည်း အနည်းဆုံးခြောက်လလောက် ကောင်းကောင်းအနားယူရမည်ပြောသည်။ သို့နှင့် မိသားစု၏ထမင်းအိုးက သူ့ခေါင်းပေါ် အလိုလိုရောက်လာသည်။ သူ ကျောင်းဆက်မတက်ဖြစ်တော့။
ထဲမ်ထဲမ်းကတော့ ပညာရေးမှာ ထွန်းပေါက်သည်။ အခုဆို ကလေးတက္ကသိုလ်မှာ ပညာသင်ယူပြီး ဘူမိဗေဒအထူးပြုဖြင့် ဘွဲ့ရပြီးပြီ။ ထဲမ်ထဲမ်းက ဟိန်ဇံရွာကလေး၏ ဘွဲ့ရရှိသော ပညာတတ်အမျိုးသမီးတစ်ဦး။ ဘွဲ့ရပြီးမှ ထဲမ်ထဲမ်းတစ်ယောက် စကားကြီးစကားကျယ်တွေ ပြောတတ်နေသည်ဟု သူထင်သည်။
"တောင်ယာခုတ်ပြီး လုပ်တယ်ဆိုတာ ပထမဦးဆုံးသဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်။ ဒီနှစ် တစ်နေရာလုပ်၊ နောက်နှစ်မှာ တောမီးရှို့ ပြီး နောက်တစ်နေရာ ပြောင်းပြီးလုပ်။ ကဲ ....ငါတို့ တောင်ပေါ်ရွာတွေနား များများလာပြီ"
"အဲဒီတော့ ဘာဖြစ်လဲ"
"ဘာဖြစ်ရမှာလဲ။ နင်တို့တွေ စည်းကမ်းမရှိတော့ ရာသီဥတုတွေ ဖောက်ပြန်တာပေါ့။ မိုးခေါင်တာပေါ့။ ရေရှားတာပေါ့။ပူပြင်းတာပေါ့ တောင်ကတုံးတွေငတုံးရဲ့"
ထဲမ်ထဲမ်းက သူ့ကို အဲဒီလို ခေါ်လိုက်တိုင်း သူ ဝမ်းနည်းရသည်။ ငယ်ပေါင်းတွေမို့ ပြောမနာဆိုမနာဆိုပေမဲ့ တခါတလေတော့လည်း သူက ဘွဲ့ရပညာတတ်ကြီးမို့ ချိုးချိုးဖဲ့ဖဲ့ပြောတာလားဟု တွေးကာ နာကျင်ရသည်။ ထဲမ်ထဲမ်းက သူ့အဖြစ်ကို သတိပင် ထားမိပုံမရချေ။
"ဒီကြားထဲ ငါတို့တောင်ပေါ်မှာ ချိန်းဆောတွေက သောင်းကျန်းသလားမမေးနဲ့။ သစ်ပင်ကြီးတွေ ခဏခဏခုတ်လှဲ။ ပြန်စိုက်ဖို့ကျတော့ တစ်ယောက်တလေမှ စိတ်မဝင်စားကြဘူး။ သစ်ခိုးရောင်းပြီး ခဏတစ်ဖြုတ် ဝမ်းရေးပြေလည်သွားတာကိုပဲ အရှည်ကို ကြိုမတွေးကြဘူး။ အခုဆို ငါတို့ရွာတွေနားမှာ သစ်ပင်တွေ ဘယ်နေရာတွေမှာ များများစားစားကျန်တော့လို့လဲ"
ထဲမ်ထဲမ်းက ရှေ့တူရူမှ သစ်ပင်မဲ့နေသော တောင်ကတုံးတစ်ခုကိုကြည့်ပြီး သက်ပြင်းချသည်။ သူ့အဖို့ ထဲမ်ထဲမ်းပြောသမျှသည် ကျေနပ်နေကြတယ်။အထူးအဆန်းချည်း ဖြစ်နေသည်။တောပြုန်းလာလျှင် ရာသီဥတုဖောက်ပြန်သတဲ့။ ဇီး(ကိုယ်ဝန်)ကပ်နေသော ဆတ်မကိုလည်း မပစ်ခတ်ရဘူး တဲ့။ သူတို့ရွာတွေနား ဝက်ဝံတို့၊ အောက်ချင်းငှက်တို့ တစ်ကောင်တလေမှ မရှိတော့တာကို ဝမ်းပန်းတနည်းပြောတာ သူ နားမလည်။ သူတို့လို တောပစ်ထွက်သူတွေကတော့ ကိုယ့်သေနတ်ပြောင်းရှေ့မှ ဆတ်မတစ်ကောင်မှာ ဇီးကပ်မကပ် မစဉ်းစားနိုင်ပါ။ သူတို့အားလုံး သိသည်က အိမ်က ဆန်အိုးထဲ ဆန်မရှိတာကိုပဲ ဖြစ်သည်။ မိုးရာသီ ငါးဥဥချချိန်မှာ ငါးမဖမ်းရဘူး...တဲ့။ ငါးတွေကို ဘက်ထရီအိုးနဲ့ ရှော့တိုက်ဖမ်းဆီးတာမျိုးကိုလည်း ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူရမယ်တဲ့။ ရှော့တိုက်ဖမ်းဆီးနေကြရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါးသယံဇာတ ရှားပါးလာနိုင်တယ်တဲ့။ သူကတော့ ထဲမ်ထဲမ်းပြောသမျှ ကောင်းကောင်းနားမလည်ပါ။ သူတို့စိမ်းပြာအုပ်စုက ရွာတွေအားလုံး တွီးပူချောင်းကြီးထဲ ဘက်ထရီရှော့တိုက်ပြီး နေ့တိုင်း ငါးဖမ်းနေကြတာပဲ။ တွီးပူချောင်းထဲကငါးတွေ ကုန်သွားတယ်လို့ သူ တစ်ခါမှ မကြားမိပါဘူး။ အဲဒီလိုမှ လုပ်မစားကြရင်လည်း အိမ်မှာနေ့တိုင်းစားဖို့်  ဆန်ကို ဘာနဲ့ သွားဝယ်မလဲ။ ရွာက ကျောင်းသားလူငယ်တွေကို မြို့ကျောင်းမှာ ဆက်ထားဖို့ ဘယ်က ပိုက်ဆံရမလဲ။ ပိုက်ဆံဆိုတာ တွင်းထဲက နှိုက်ရတာ မဟုတ်ဘူး လို့ ပြောလိုက်ရင် ငယ်ငယ်ကလို သူ့ဗိုက်ကြောကို ထဲမ်ထဲမ်းဆွဲလိမ်လေမလား။ သူ မသိချေ။
"အဲဒီလိုမဖြစ်ရအောင် ကြိုးစားနိုင်တဲ့ တစ်နည်းတော့ရှိတယ်။ ငါတို့ရွာက ကလေးတွေ၊ ငါတို့ မောင်ညီမတွေကို ပညာတတ်ကြီးတွေဖြစ်အောင် ပြုစုပျိုးထောင်ရမယ်။ အဲဒါမှ ရွာကို ပြန်အကျိုးပြုနိုင်တဲ့ ပညာတတ်ကြီးတွေဖြစ်ပြီး ငါတို့ တောင်ပေါ်ရွာတွေ တဖြည်းဖြည်း ဖွံ့ ဖြိုးတိုးတက်နိုင်မှာ"
ထဲမ်ထဲမ်းက အားတက်သရော ပြောလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ သူတို့ အစဉ်အဆက်နေထိုင်ရာ ဟိန်ဇံရွာကလေးမှာ မြေပြန့်က ခါမ်းပါတ်မြို့နှင့် ၁၅မိုင်ခန့်သာ ဝေးကွာသည်ဆိုပေမယ့် အခုထိ ကားလမ်းမပေါက်သေး။ ကျဉ်းမြောင်းလှသော တောင်ကမ်းပါးယံမှ ဆိုင်ကယ်လမ်းသည်ပင် မိုးတွင်းဆိုလျှင် ရွှံ့ နွံများ ထူထဲပြီး အသုံးပြု၍ မရ။ အရေးကိစ္စရှိက ခြေလျင်ခရီးဖြင့်သာ သွားကြလာကြရသည်။
လမ်းလျှောက်လာရင်း ရွာလမ်းအဆုံးရှိ မူလွန်ကျောင်းကလေးရှေ့မှာ နှစ်ဦးသား ခြေစုံရပ်မိကြသည်။ ဒီနေရာကလေးမှာ လမ်းခွဲကြရမည်ဖြစ်သည်။ တူမီးသေနတ်လွယ်လျက် သူက တောထဲသို့ သွားရောက်မည်ဖြစ်ပြီး ထဲမ်ထဲမ်းက ကျောင်းကလေးထဲက စတုတ္ထတန်းအခန်းမှာ ကလေးများကို စာပြမည်ဖြစ်သည်။ ထဲမ်ထဲမ်းက ဟိန်ဇံမူလွန်ကျောင်းရဲ့ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူသော စေတနာဆရာမကလေး ဖြစ်သည်။
"ပညာတတ်တွေ ဖြစ်အောင်တော့ ကြိုးစားမွေးထုတ်ပါ ထဲမ်ထဲမ်းရယ်။ မြို့က ပညာတတ်တွေနောက် နင်ပါသွားမှာကိုတော့ ငါ တကယ်စိုးရိမ်မိတယ်"
ဒီစကားတွေကိုတော့ သူ့ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်ပါသည်။ သူ၏ စိုးရိမ်ပူပန်မှုတွေကို ထဲမ်ထဲမ်းတစ်ယောက် သိရှိနားလည်နိုင်ပါစေဟု ဆုတောင်းရုံသာ သူ တတ်နိုင်ပါသည်။
အပိုင်း(၂)
(က)
မိတ်ကပ်ပါးပါးဖို့ထားသော ပါးပြင်နှစ်ဖက်ပေါ် သနပ်ခါးထူထူပျစ်ပျစ်ကလေး လိမ်းလိုက်သည်။ ပြီးမှ ညီညာအောင် သွားပွတ်တံဟောင်းတစ်ခုဖြင့် အသာအယာ ပွတ်ဆွဲလိုက်သည်။ နဂိုနီစွေးနေသော နှုတ်ခမ်းနှစ်လွှာပေါ်မှာ နှုတ်ခမ်းနီဖျော့ဖျော့ကလေး ဆိုးလိုက်သည်။ သံလွင်ဆီလိမ်းကျံထားသော ဆံသားများကို သပ်သပ်ရပ်ရပ် စည်းနှောင်လိုက်ပြီးသောအခါ သူမ အလှပြင်သည့်အလုပ် ပြီးဆုံးသွားပြီ ဖြစ်သည်။
မီးကြွေကော့နေအောင်ထိုးထားသော အဖြူ၊ အစိမ်းဝတ်စုံနှင့် ကျောင်းဆရာမကလေးသည် မနက်ခင်းအလင်းနှင့်အတူ ကျက်သရေရှိစွာ လှပနေလေသည်။ ရွာ၏ တစ်ခုတည်းသော မူလွန်ကျောင်းကလေးထဲမှာ သူမက ဦးဆောင်လျက် အဆောင်ငယ်တစ်ခု ဆောက်လုပ်ပြီး စာကြည့်တိုက်ဖွင့်နိုင်ရန် ကြိုးပမ်းခဲ့သည်။
"ကျေးဇူးတင်လိုက်တာ ဝေယံရယ်။ ငါ တကယ်ပြောတာ။ နင့်အကူအညီမပါဘဲ ငါ့စိတ်ကူးတွေကို ဘယ်လိုမှ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး"
ကလေးမြို့မှ သူငယ်ချင်း ဝေယံအောင်က စာကြည့်တိုက်အတွက် လိုအပ်သောစာအုပ်များကို ဝယ်ယူလှူဒါန်းခဲ့သည်။ စာအုပ်များကို ဂျပ်ဖာကြီးငယ်အသွယ်သွယ်ဖြင့် ခါမ်းပါတ်မြို့ရောက်ရှိအောင် ပို့ပေးခဲ့သည်။ ထိုမှ ဆိုင်ကယ်ကယ်ရီများဖြင့် ရွာခြေရောက်အောင် ကြိုစားးသယ်ယူခဲ့ရသည်။ ဝေယံအောင်နှင့် သူမ၏ သူငယ်ချင်းများသည် သူမ နေထိုင်ရာ ရွာကလေးသို့ ကြမ်းတမ်းသော တောင်ပေါ်လမ်းကို အန်တုကာ အရောက်လာခဲ့ကြသည်ကို မြင်ရသောအခါ သူမကိုယ်တိုင် အံ့သြဝမ်းသာမိလေသည်။
သူမက သူငယ်ချင်ျးမား ရောက်ရှိခိုက်မှာ စာကြည့်တိုက်ဖွင့်ပွဲကလေးလုပ်ဖို့ တက်သုတ်ရိုက်စီစဉ်လိုက်သည်။ အိမ်ခြေရှစ်ဆယ်သာသာရှိသော ရွာကလေးမှာ တစ်ရွာလုံး မီးခိုးတိတ်ကျွေးမွေးမည်ဖြစ်သည်။ အစားအသောက်က နွားနောက်သားနှင့် ရိုးရာခေါင်ရည်။ သူမ၏ အထူးဧည့်သည်တော်များကို ထာဒိုရိုးရာယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေမည်။ ဒီအခမ်းအနားကလေးဖြစ်မြောက်ဖို့ တစ်ရွာလုံး မနေ့ညနေကတည်းက တက်ညီလက်ညီ ပြင်ဆင်ခဲ့သည်။ ချွေးတလုံးလုံးနှင့် မောသည်ပန်းသည်ဟူ၍ မညည်းညူခဲ့ကြ။ မျှော်လင့်တကြီးပြင်ဆင်ထားခဲ့ရသော အခမ်းအနားတစ်ခုမှာ တစ်စုံတစ်ယောက်သောသူကိုတော့ အနီးအနား တစ်ဖဝါးမှမခွာ ရှိစေလိုလှသည်။
ထန်သင့်လာ(လ်)။ ဟုတ်သည်။ သူမ၏ အနီးဆုံးနေရာတွင် ရှိနေစေလိုသူက သူမှတစ်ပါး အခြားမရှိနိုင်ပါ။ တောင်ဇလပ်ပန်းနီနီတစ်ပွင့်ကို ဆံစမှာ ဆံညှပ်တစ်ခုဖြင့် ပန်ဆင်ရင်း သူမ၏ အတွေးစိတ်ကူးများသည် မနေ့ကညနေခင်းဆီ ရုတ်ခြည်းရောက်ရှိသွားလေသည်။
(ခ)
မနေ့ညနေက တောပစ်ထွက်သွားသော ထန်သင့်လာ(လ်)ပြန်အလာကို ရွာအဝင်စာသင်ကျောင်းကလေးမှ သူမ စောင့်နေခဲ့သည်။ မှောင်ရီပျိုးပျမိုးချုပ်စအချိန်မှပင် သူမ မျှော်လင့်နေသောသူက ရောက်ရှိလာခဲ့သည်။
"လယ်လယ် ကျောင်းထဲကို ခဏလိုက်ခဲ့ဦး"
"ဘာကိစ္စရှိလို့လဲ"
မြို့က ဧည့်သည်များ သူမအိမ်မှာ တည်းခိုနေကတည်းက ရှောင်ဖယ်ဖယ်လုပ်နေသော ထန်သင့်လာ(လ်)က စူပုပ်ပုပ်မျက်နှာထားဖြင့် စိတ်မရှည်သလို ပြောသည်။ ချောမောသောမျက်နှာကလေးမှာ စူပုပ်ပုပ်ဖြစ်နေသဖြင့် ကလေးဆိုးကြီးနှင့် တူလှသည်။
"ကိစ္စရှိလို့ပါဆို၊လာမှာသာ လာစမ်းပါ။ စကားကို ရှည်တယ်"
"နင်အ့ကောင်ရော ကျောင်းထဲမှာ ရှိလား"
"ငါ့အကောင်မဟုတ်ဘူးလို့်  ငါ ဘယ်နှစ်ခါပြောရမလဲ"
သူမတို့နှစ်ဦး စာသင်ကျောင်းရှေ့က ခုံတန်းကလေးပေါ်မှာ ထိုင်လျက် စကားပြောခဲ့ကြသည်။
"ငါ နင့်ကို ပေးစရာတစ်ခုရှိလို့။ မပေးခင် စကားနည်းနည်းပြောချင်လို့"
သူမက နားထင်စပ်ဆီမှ ချွေးစေးများ စီးကျနေသော ထန်သင့်လာ(လ်)မျက်နှာကို အကဲခတ်သလို ကြည့်သည်။ ထန်သင့်လာ(လ်)က စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့တူရူမှ မြေကြီးပြင်ကိုကြည့်ကာ သူမစကားကို နားစွင့်နေလေသည်။
"ဒီလိုလေဟာ။ မနက်ဖြန်ကျရင် ငါတို့ရွာရဲ့ စာကြည့်တိုက်ဖွင့်ပွဲလုပ်မှာ။ တစ်ရွာလုံးလည်း အားခဲထားကြတဲ့ပွဲလေ။ အဲ့ဒါ ဖွင့်ပွဲလုပ်တဲ့အချိန်မှာ ငါ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ နင့်ကိုလည်း ရှိနေစေချင်တာ။ နင့်ကို ငါ ဖိတ်မလို့ တကူးတက စောင့်နေတာ"
"ငါ သိပြီးပါပြီ။ ငါက ပြုံးပျော်နေမယ့် နင်တို့စုံတွဲရှေ့ကို အရှက်မရှိ လာရဦးမှာလား"
တိုးလျတိမ်ဝင်သွားသော စကားသံတို့ကို နားထောင်ရင်း သူမ စိတ်မကောင်းဖြစ်ရသည်။ ဖြစ်နိုင်လျှင် သူမရှေ့မှ တောသားအရိုင်းကလေးကို တစ်စစီဖြစ်သွားအောင် ထုရိုက်ကုတ်ဖဲ့ချင်မိသည်။ သို့သော်......။
"လယ်လယ်ကလည်းဟာ ငါ ကလေးဆန်တာ မကြိုက်ပါဘူး။ နင်က လူကြီးဖြစ်ပြီလေ။ တစ်မိသားစုလုံးကို ကောင်းကောင်းစောင့်ရှောက်နေတဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီပဲဟာ။ လူကြီးဆန်ဆန်တွေးမှပေါ့။ လူကြီးဆိုတာ စိတ်မကောက်ရဘူးလေ။ ပြီးတော့ မနက်ဖြန်မှာ ငါ့ဘေးနား နင်ရှိနေဖို့ အရေးကြီးတယ်။ နင် မလာခဲ့ရင် ငါ တစ်သက်လုံး စိတ်မကောင်းဖြစ်နေမှာ သိလား။ ပြီးတော့လေ နင့်အတွက် ငါ လက်ဆောင်တစ်ခုလုပ်ထားတယ်။ နင် အိမ်ရောက်မှ ဖွင့်ကြည့်နော်၊ ရော့ ယူထားလိုက်"
သူမ ကမ်းပေးသော ပါဆယ်ထုပ်လှလှကလေးကို ယူပြီး တရွေ့ ရွေ့ ထွက်ခွာသွားသော ထန်သင့်လာ(လ်)၏ ကျောပြင်ကို ငေးကြည့်ရင်း သူမ စိတ်မောရလေသည်။
(ဂ)
"ကျွန်တော်တို့ ဟိန်ဇံရွာကလေးရဲ့ ပညာ့အလင်းစာကြည့်တိုက်ဖွင့်ပွဲကို မကြာမီအချိန်မှာ ပြုလုပ်ကျင်းပတော့မှာဖြစ်လို့ ကြွရောက်လာသူအားလုံး ခန်းမဆောင်အတွင်းသို့ ကြွရောက်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား"
လော်စပီကာမှ ထွက်ပေါ်လာသော ဖိတ်ကြားသံက တောင်ပေါ်ရွာကလေးထဲ လွင့်ဝဲသွားသည်။ လေအဝေ့မှာ ဖြူလွသော တိမ်စိုင်များက ရွာလယ်လမ်းမပေါ် တရွေ့ ရွေ့  ဖြတ်သန်းသွားကြသည်။ ရွာထဲမှ ကလေးနှင့် ခွေးများပါမကျန် ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ကြပြီး ဖြစ်သည်။ သူမ၏ သူငယ်ချင်းများကိုလည်း ချင်းထုံးစံ ခေါင်ရည်တစ်အိုးဖြင့် တည်ခင်းဧည့်ခံပြီး ဖြစ်သည်။
မကြာမီ စာသင်ကျောင်းရှေ့ကွင်းပြင်မှာ စာကြည့်တိုက်ဖွင့်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်မည်ဖြစ်သည်။ ပြီးလျှင် ရိုးရာအက၊ ရိုးရာသီချင်းတို့ဖြင့် ဧည့်ခံမည်။ အခမ်းအနား စတင်ရန် မိနစ်ပိုင်းမျှသာ လိုတော့သည်။ အခမ်းအနား အစီအစဉ်တကျမဖြစ်မှာ စိုးရိမ်ရတာ တစ်ဖက်၊ စောင့်မျှော်နေသူ ရောက်မလာသေးတာ တစ်ဖက်နှင့် သူမ အမှန်တကယ်ပင် စိတ်မောလူမောဖြစ်နေသည်။
မနေ့ညနေက သူမ ပေးလိုက်သော ပါဆယ်ထုပ်ကို ထန်သင့်လာ(လ်)ဖွင့်မကြည့်မိမှာ သူမ စိုးရိမ်မိသည်။ ပါဆယ်ထုပ်ကလေးထဲ ရှိနေတာက စာတစ်စောင်နှင့် သူမကိုယ်တိုင် ရက်လုပ်ထားသော ရိုးရာအင်္ကျီကလေးတစ်ထည်။
ထန်သင့်လာ(လ်) .......
နင် ငယ်ငယ်တုန်းက ငါ့ကို
အဖြေတောင်းထားတာမှတ်မိသေးလား
အဲဒီတုန်းက နင်ပြောတဲ့အတိုင်း
ငါ အဖြေမပေးခဲ့ဘူးလေ
အဲဒါ နင့်ကို မနက်ဖြန်ဖွင့်ပွဲမှာ
အဖြေပေးမယ်
ငါ့လက်နဲ့ ရက်ထားတဲ့
ဒီအင်္ကျီကလေးကိုလည်း ဝတ်ခဲ့ရမယ်
ငါ ဆက်ဆက်စောင့်နေမယ်နော်
နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း
ထဲမ်ထဲမ်း
စာထဲတွင် ပါရှိသော စကားလုံးများကို ပြန်လည်မြင်ယောင်ကြည့်မိသောအခါ သူမ ရုတ်တရက် ရှက်သွေးဖြာမိကာ သူမ၏ ပါးနှစ်ဖက်သည် ပူနွေးရှိန်းမြသွားလေသည်။ လက်ကောက်ဝတ်မှ တချက်ချက်ရွေ့ လျားနေသော နာရီလက်တံကို ဘယ်နှကြိမ်မြောက်မှန်းမသိ။ သူမ ကြည့်လိုက်သည်။
ဟော ...... မနက်ခင်းနေသူရိန်၏ နွေးထွေးသည့် လင်းရောင်ခြည်နှင့်အတူ စာသင်ကျောင်းတံခါးဝမှာ ရောက်ရှိလာသည်က သူမ တစ်မနက်ခင်းလုံး ရင်မောစွာ စောင့်စားခဲ့ရသူ။ သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားသည်က သူမ မြတ်နိုးစွာ ပေးအပ်ခဲ့သော ရိုးရာအင်္ကျီကလေး။
သူမ ရင်ခုန်လှိုက်မောစွာ ဆံနွယ်မှာ ပန်ဆင်ထားသော တောင်ဇလပ်ပန်းနီကလေးကို လက်ဖြင့် ယောင်ယမ်းစမ်းမိသွားသည်။ သူမ၏ နှုတ်ခမ်းအစုံ ပြုံးယောင်သန်းနေမှာ သေချာသည်။ သူမ မြတ်နိုးစွာ ပန်ဆင်ထားသော တောင်ဇလပ်ပန်းနီကလေး၏ အဓိပ္ပါယ်ကိုတော့ ချစ်သူကောင်လေး မှန်ကန်စွာ ဖွင့်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်မိလေသည်။
ရဲရင့်လုံ(ဆေး-မန်း)
အမှတ်၃၁၃၊ ဒီဇင်ဘာ ၂၀၁၅
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
Thursday, March 24, 2016
ရင်ခွင်ဟင်းလင်းပြင်
ရင်ခွင်ဟင်းလင်းပြင်
==============
ရင်ဘတ်ကြီး အောင့်ရအောင်
ဓါးအစင်းတစ်ရာဟာ နှလုံးသားတည့်တည့်
ဝေဝါးနေတဲ့အနာဂါတ်လမ်းဆီ……
ခေါင်းငိုက်စိုက်ချ ဦးတည်ရာမဲ့လျှောက်ရင်း
ခြေရာတွေ ဟိုးအဝေးအတိတ်ဆီ ချန်ထားခဲ့ရ
ချစ်တတ်တဲ့ နှလုံးသားတစ်စုံအတွက်
သွေးအေးအေးနဲ့ သဘောထားကြီးခဲ့
နုတ်ဆက်အကြည့်ဟာ ဟင်းလင်းပြင်လို……
ကြာလာရင် မေ့ပစ်နိုင်ဖို့ ကြိုးစားရင်း
အချိန်တွေကို ချိနဲ့တဲ့အားအင်အကုန်သုံးပြီး
တရွေ့ချင်းတွန်းထုတ်နေမိတယ်
နာကျင်ကြေကွဲ ဆွေးမြေ့လောင်မြိုက်မှုက
လျှောက်ခဲ့မိတဲ့လမ်းကိုမှ လည်ပြန်ငေးမောမိပြန်တယ်။ ။
လူပိုငယ်
အ​မေ(သို့)​ဒေါ်​အောင်​ဆန်းစုကြည်
အ​မေ(သို့)​ဒေါ်​အောင်​ဆန်းစုကြည်
========================
အချစ်​ဆုံးမိသားစုကို စွန့်​ခွာခဲ့ရတဲ့အ​မေ
စည်းစိမ်​ချမ်းသာ​တွေကို ချန်​ထားရစ်​ခဲ့ရတဲ့အ​မေ
အချစ်​ဆုံးတိုင်းပြည်​ကို ခွဲခွာခဲ့ရတဲ့အ​မေ
အ​မေဟာ သာမန်​မိန်းမတစ်​​ယောက်​ထက်​ပိုပါတယ်
မီးပင်​လယ်​ကိုဖြတ်​​လျှောက်​ရဲခဲ့တဲ့အ​မေ
လှိုင်း​လေထန်​တဲ့မြစ်​ကို ကူးဖြတ်​ဝံ့ခဲ့တဲ့အ​မေ
မရဏမင်းနှင့်​အကြိမ်​ကြိမ်​စီးချင်းထိုးခဲ့တဲ့အ​မေ
အ​မေဟာ သာမန်​မိန်းမတစ်​​ယောင်​ထက်​ပိုပါတယ်
ကျောကုန်းမှာမတရားမှုအမာရွတ်​​တွေပြည့်​နက်​​နေတဲ့အ​မေ
ခန္ဓာမှာနာကျင်​စရာအရှိုးရာ​တွေသယ်​​ဆောင်​ထားရတဲ့အ​မေ
သေမင်းတမန်​​ခြေချင်း​တွေမချွတ်​တမ်းဝတ်​ဆင်​ခဲ့ရတဲ့​အ​မေ
အ​မေဟာ သာမန်​မိန်းမတစ်​​ယောက်​ထက်​ပိုပါတယ်
အကြမ်းမဖက်​နူးညံ့တဲ့စွမ်းအား​တွေ​ပွေ့ဖက်​ထားတဲ့​အ​မေ
အ​သေးအဖွဲ​လေးကစ ​မေတ္တာထားတတ်​တဲ့အ​မေ
တောက်​ပတဲ့အနာဂါတ်​အတွက်​ ဘဝကိုစွန့်​လွတ်​အနစ်​နာခံခဲ့တဲ့​အ​မေ
အ​မေ့မျက်​ရည်​​တွေက လွတ်​လပ်​ခြင်းမြစ်ဖျားဆီက​နေစီးဆင်းလာတယ်
အ​မေ့​ချွေးစက်​​တွေက ဒီမိုက​ရေစီရဲ့ အ​ခြေခံအုတ်​မြစ်​ဖြစ်​တယ်
 ပြည်​သူ့စွမ်းအားဟာ အ​မေ့ရဲ့ခွန်​အားပဲ
အ​မေ့ရဲ့လွတ်​မြောက်​ခြင်းဟာ အနာဂါတ်​မြန်​မာနိုင်​ငံ​တော်​ဖြစ်​တယ်
အ​မေ့ကို အရမ်းချစ်​တယ်​အ​မေ
ကျ​နော်​တို့နှလုံးသားမှာ အ​မေ့ပုံရိပ်​​တွေကို ထာဝရက​ဗ္ဗည်းထိုးထားမှာပါ ​အ​မေ
ဒီဇာတ်​လမ်း​လေး​တွေကို ​နောင်​မျိုးဆက်​​တွေသိ​အောင်​ လက်​ဆင့်​ကမ်း​ဝေမျှသွားပါ့မယ်
အ​မေ့ရဲ့​မေတ္တာတရား၊အ​မေ့ရဲ့ဂရုစိုက်​မှုနှင့်
 မြန်​မာနိုင်​ငံ​တော်​ကြီးအ​ပေါ် အ​မေ့ရဲ့စွန့်​လွတ်​အနစ်​နာခံမှု​တွေကို​ပေါ့....။
ဘာသာပြန်​သူ ....လင်းဆက်​ပိုင်
မူရင်းအင်္ဂလိပ်ကဗျာရေးသားသူ--ချင်းတိုင်းရင်းသားလေး Mang ဖြစ်ပါတယ်။
မြန်မာဘာသာပြန်ဆိုရာမှာ လွဲချော်မှုအားနည်းချက်များရှိပါက ဘာသာပြန်သူ ကျနော်၏ ချို့ယွင်းချက်သာဖြစ်ပါသည်။
ဘာသာပြန်​သူ ....လင်းဆက်​ပိုင်
Wednesday, March 23, 2016
အဖေ
အဖေ
။။။။။။။။။။။
ပေါက်ပြားကြီးတစ်လက်
ထင်းခုတ်ဓားမကြီးတစ်ချောင်း
ခုံးထစ်နေတဲ့ အသားမာတုံးကြီးတစ်တုံး
အမြဲတမ်း မိုးနောက်ကျသူယာခင်းပြင်ကြီး
အိပ်ရာပေါ်မှာ ပက်ကြားအက်လို့
သားသမီးတွေရဲ့ ချစ်ခင်ကြင်နာမှုကို
ဆရာဝန်ခေါင်းခါမှ ရရှိသွားရှာတယ်။ ။
 ရင်ရိုး
Saturday, March 19, 2016
အမိုက်စားဓမ္မ
အမိုက်စားဓမ္မ
...................
သံသယရှိဖွယ်ရာအလွမ်းများ
ကြယ်တွေအကုန်ယူသွား ။
ငါကိုင်လိုက်ရင် ကမ္ဘာကြီးဟာ ရှော့ပဲ။
သူချိုင်လိုက်ရင် ကမ္ဘာကြီးဟာ God ပဲ။
အဆင်ပြေသလို အကြမ်းဖက်ပြီး
အဆင်မပြေသလိုဘုရားတကြ။
မင့်ဒို့
ပျင်းတာ
ငါခိုးနေသလောက်မကောင်းဘူး။
အကြီးတွေကဲပြီး
စားကြ။
ငမွဲတွေ
တွဲတဲ့တရားမှာ အခါးချည်းပဲ။ 
သန်းဇော်အောင်(တမူး)
ချေးထုပ်ကြီး
ချေးထုပ်ကြီး
။။။။။။။။။။။။။။။။
လူ့အဖွဲ့အစည်းဧည့်ခန်းမှာ
ချေးထုပ်ကြီးတစ်ထုပ် ပြုတ်ကျနေတယ်
ချေးထုပ်ကြီးကို တုတ်နဲ့ထိုးကော်လိုက်တော့
ချေးထုပ်ကြီးက 'ကိန်'ခနဲ ထအော်တယ်
ချေးထုပ်ကြီးက ဂျို(ချို)ကြည့်,ကြည့်တယ်
နံလွန်းလို့ နှာခေါင်းပိတ်လိုက်ကြရ၊ လူတွေ လူတွေ
ဒါကို ချေးထုပ်ကြီးက ဂုဏ်ယူလို့မဆုံး
ချေးထုပ်ကြီးက အတင်းတိုးခွေ့တယ်
ချေးထုပ်ကြီးက မြင်မြင်သမျှကို ခွေ့တယ်
လူတွေက အနားအကပ်မခံလေ
ချေးထုပ်ကြီးက ခွေ့လေ၊
ချေးထုပ်ကြီးရဲ့ရည်ရွယ်ချက်က
တစ်ခန်းလုံး နံဖို့ပဲ
တစ်လမ်းလုံး ဒုက္ခပေးဖို့ပဲ၊
အိမ်ရဲ့ကျက်သရေကို ယုတ်ဖို့
ပတ်ဝန်းကျင်ရဲ့အလှတရားကို ဖျက်ဆီးဖို့
ကိုယ့်ကိုယ်ကိုယ် ပုပ်အဲ့ပစ်လိုက်တဲ့ ချေးထုပ်ကြီး၊
အနံ့ တထောင်းထောင်း
ယင် တလောင်းလောင်း
လောက် တဖွားဖွား
လူ့အဖွဲ့အစည်းဧည့်ခန်းမှာ မိန့်မိန့်ကြီး
အမှန်တရားရဲ့ ဆန့်ကျင်ဘက်စာသားဟာ
ချေးထုပ်ကြီး ကိုးကွယ်တဲ့ ဘာသာစကားပဲ
အစွန်းရောက်ပြီး ဘေးထွက်မထိုင်ဘူး၊
တစ်ခုပါပဲ
ချေးထုပ်ကြီး သိဖို့ရာ
အညစ်အကြေးတွေကို
ဘယ်သူမှ ကိုယ်ပေါ်မှာ မထားဘူးဆိုတာ။ ။
ရင်ရိုး
19-3-2016
1:00 am
ကာတွန်း အဂ္ဂ၏ပုံကို ခွင့်မတောင်းဘဲ ယူသုံးထားပါသည်၊
Thursday, March 17, 2016
နွေ
  နွေ
 ===
လင်းဆက်ပိုင်
 နှင်းစက်လေးတွေကလက်ပြနှုတ်ဆက်တော့မှ
ငါဟာ….အိပ်မက်ကလန့်နိုးခဲ့ရ
အရာအားလုံးဟာ ဆိတ်ငြိမ်သွေ့ခြောက်နေခဲ့
ငတ်မွတ်မှုတွေရိုးတံ အပြိုင်းပြိုင်းဖြစ်နေတာတောင်
 ကောင်းကင်က ဂရုမစိုက်ဘူး
ဥသြငှက်တစ်ကောင်သာလွမ်းတေးဆိုလို့
ငါ့ကို..အချိန်မှန်ကြိုလင့်နေခဲ့…
မုတ်သုန်ရေ
တစ်ခေါက်လောက်တော့ အလည်လာခဲ့ဦးကွဲ့
ပုရစ်ဖူးတွေနှင့်ငွါးငွါးစွင့်စွင့် ငါကြိုလင့်မယ်လေ….
စိတ်ကူးနဲ့အိပ်မက်တွေကို အရောင်ခြယ်တော့
ကောင်းကင်ကပြာတယ်
အို…ချစ်သောပင်လယ်
မင်းရင်ဘတ်ကိုငွေ့ရည်ဖွဲ့ပြီး
ဘယ်ကိုများခရီးဆန့်နေပြီလဲကွယ်
ငါ့မှာတော့
 မျှော်လင့်ချက်တွေဆေးရောင်စုံနှင့် ရှင်သန်လိုက်ရတာ
စိတ်မောတာပဲအဖတ်တင်တယ်…
အဲဒီလိုနဲ့ပဲ… ဘ၀ကို
ကန္တာရဆန်ဆန်ဖြတ်သန်းခဲ့ရတယ်….။
                                        လင်းဆက်ပိုင်
ကလျာမဂ္ဂဇင်း-ဇွန်လ-2015 
ကာတွန်း-ဇာနည်မောင်(KKM)
ကာတွန်း-ဇာနည်မောင်(KKM)
Monday, March 14, 2016
သူလည်းလေလောကီသားပေမို့-ရဲရင့်လုံ(ဆေး-မန်း)
သူလည်းလေလောကီသားပေမို့
(၁)
          ဒေါ်ငြိမ်းခင်လို့ ဆိုလိုက်တာနဲ့ ဇီးဖြူကုန်းတစ်ရွာလုံးမှာ မသိတဲ့လူ မရှိကြပါဘူး။ ကလေးကအစ ခွေးကအစလို့ မပြောရရုံတမယ် ဒေါ်ငြိမ်းခင်က ရပ်သိရွာသိ ဆိုတဲ့ အထဲကကိုး။ ရပ်သိရွာသိဆိုပေငြား မကောင်းတဲ့ဘက်၊ ဆိုးသွမ်းတဲ့ဘက်က သိကြတာမဟုတ်ပါဘူး။တရားဓမ္မနဲ့ မွေ့လျော်တဲ့ ရွာ့မျက်နှာဖုံး သူတော်ကောင်းမကြီးဆိုပြီး သိကြတာပါ။
          တရားသဘောကို တအားပြောပေမယ်လို့ ဒေါ်ငြိမ်းခင်က “ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား”ဆိုတဲ့ အစားထဲက မဟုတ်ပါဘူး။ ဇီးဖြူကုန်းတစ်ရွာလုံးရဲ့ တစ်ခုတည်းသော ကုန်စုံဆိုင်ပိုင်ရှင် ၊ အရက်သမား အစ မုဆိုးမအလယ် သူရင်းငှါးအဆုံး အားလုံးရဲ့ အားထားရာ အပေါင်ဆိုင်ပိုင်ရှင်ကြီး ဖြစ်လင့်ကစား အားအားရှိ လက်ထဲမှာ ပုတီးကလေး တကိုင်ကိုင်နဲ့ ။ အပေါင်ဆိုင်ဖွင့်ထားတယ် ဆိုပေမယ့် ဒေါ်ငြိမ်းခင်က အာကြမ်းလျှာကြမ်းနဲ့ ဘယ်တော့မှ မပြောဘူး။ အမြဲ လေအေးကလေးနဲ့ ချည်းပဲ။ တစ်ခါမှ မကြုံဖူးရင် ၀တ်လာတဲ့ ပုဆိုးတောင် ချွတ်ပေါင်ရမတတ် အပြောက ကောင်းတယ်။ ပစ္စည်းတန်ကြေးထက် ပေးတာက အဆမတန်နည်းတာကတော့  တစ်ပိုင်းပေါ့လေ။
          သူ့ယောက်ျား ဦးအေးမောင်ကတော့ တကယ့် အိမ်ဦးနတ်ပါပဲ။ အိမ်ဦးခန်းက နောက်မှီကုလားထိုင်လေး ပေါ်မှာ နေကုန်နေခမ်း ဖင်ပူအောင်ထိုင်ပြီး ကွမ်းကလေး တမြုံ့မြုံ့ နဲ့ နေတာ။ အလုပ်ရယ်လို့ ဘာတစ်ခုမှ  မယ်မယ်ရရ လုပ်တယ်မရှိဘူး။ အဲဒီကုလားထိုင်မှာ နေထွက်ကတည်းက ဟိုသင်းကျောက်ချ ထိုင်နေတာ နေ၀င်တဲ့ အထိပဲ ။
          ဆိုရရင် ဦးအေးမောင်ဆိုတဲ့ နာမည်နဲ့ လိုက်အောင် အေးအေးဆေးဆေးနေတတ်တယ်လို့ ပြောရလေမလား မသိပါဘူး။ သူ့အလုပ်က အိမ်ကို ဧည့်သည် စောင်သည် လာတဲ့ အခါ ဧည့်ဝတ်ပြု စကားဆိုတာ တစ်ခုပဲ။ အဲဒါကပဲ သူ့ရဲ့ နိစ္စဓူဝ အလုပ် ။
          အိမ်ရဲ့ စီးပွားရေးကို တစ်ချက်ကလေးမှ ၀င်မကူရကောင်းလား ဆိုပြီး ဒေါ်ငြိမ်းခင်ကလည်း နည်းနည်းကလေးမှ  မငြူစူဘူး။ အိမ်ဆူအောင် စောင်းလားချိတ်လား ပြောဆိုတာမျိုးလည်း ဘယ်တော့မှ မလုပ်ဘူး။ ပြောရရင် တစ်နေကုန် တစ်နေခမ်း တုံဏိဘာဝေနဲ့ သူ့ယောက်ျား ကိုရေအေးကြီး သိပ်ကြိုက်တဲ့ တော အရက် ကို ညနေတိုင်ရင် မပြတ်တမ်း ၀ယ်ပေးထားတတ်သေးတာ။ သူ့သဘောက “သူဌေးမကြီးကတော်” ဆိုပြီး မယားငယ်ကိစ္စ မပွေမရှုပ်ရင် ပြီးရောပဲ။ သူ့ယောက်ျားအပေါ်မှာလည်း အင်မတန်သည်းခံရှာတယ်။
          ပြောမယ့်သာ ပြောရတာပါ။ ဦးအေးမောင်ကလည်း အဲဒီလို ကိစ္စတွေကို ရှုပ်စရာကိစ္စ လို့တောင် ထင်မြင်ပုံမရပါဘူး။ သူကြိုက်တာလေးတွေ လုပ်နေရရင် ကျေနပ်နေတဲ့ လူစားမျိုး ဆိုတော့ကာ ဒေါ်ငြိမ်းခင်နဲ့က ပုလဲနံပကို သင့်လို့။ ဟုတ်တယ်လေ။ ဒီလောက်လိုက်ဖက်တဲ့ လင်မယားဆိုတာ ရှာမှရှားပဲမဟုတ်လား။
          ဆိုရရင် ဒေါ်ငြိမ်းခင်က အိမ်ရဲ့ စီးပွားရေးကိုလည်း ဦးဆောင်လုပ်ကိုင်တယ် ။ လောကုတ္တရာကိစ္စတွေမှာ လည်း မလစ်ဟင်းအောင် နေတတ်ထိုင်တတ်တယ်။ ပြီးတော့ သူက ရွာဦးဘုန်းကြီးကျောင်းရဲ့ ဒါယိကာမ။ ဒီတော့ ၀ါတွင်းသုံးလပတ်လုံး ဥပုလ်နေ့တိုင်း ဥပုလ် ရတယ်။ သွေးတိုးရောဂါသည်မို့ သွေးတက်တဲ့နေ့များ ဥပုလ်မစောင့် မိလိုက်ရင် ကျန်တဲ့ ဥပုလ်သည်တွေက အိမ်ကို တခုတ်တရ လာပြီး သတင်းမေးယူရတဲ့ အထိ ။ ဥပုလ်သီတင်းဆောက်တည်သူတွေ အလယ်မှာလည်း သူက ဦးဆောင်ပြီး တရားဆွေးနွေးသူ။ ပြောရရင် ဒေါ်ငြိမ်းခင်ဆိုတာက ရပ်သိရွာသိ တရားဓမ္မနဲ့ မွေ့လျော်တဲ့ သူတော်ကောင်းမကြီးပါ။
(၂)
          “အောင်မလေး ကောင်းကြသေးရဲ့ အရပ်ကတို့ရေ ။ တစ်သက်လုံးစုထားသမျှ တစ်ညနဲ့ ကုန်ပါပေါ့လား။ ရက်စက်လိုက်တဲ့ သူခိုး ။ အိုစာမင်းစာ တစ်ကျပ်တစ်ပြားတောင် ချန်မထားခဲ့ဘူး ဟီး ဟီး ။”
          ဟွန်း ပြောလည်းပြောတတ်ပါ့။ သူခိုးပါဆိုမှ သူတော်ကောင်းသူခိုးရယ်လို့ သူခိုးကြီးငတက်ပြားကလွဲရင် ရှိတယ် ကြားဖူးကြလို့လား။ ဒီခေတ်ကြီးထဲမှာ သနားကရုဏာ သက်လှချည်ရဲ့ဆိုပြီး တစ်ကျပ်တစ်ပြား ချန်ပြီးခိုးတဲ့ သူခိုးရယ်လို့ ရှိကြလို့လား။ ပြောပုံကိုက ။
          ရွာလယ်က မုဆိုးမကြီး ဒေါ်လှမိရဲ့အိမ် ညက သူခိုးဝင်မွှေလို့ တက်တက်ကိုပြောင်ရောပဲ။ ခမျာမှာ သားထောက်သမီးခံ ကလည်းမရှိ ။ ခိုကိုးစရာ တူသားနောင်မယ်တွေဆိုတာကလည်း သူတို့မိသားစု အပူကိုယ်စီနဲ့။ လယ်မရှိ ယာမရှိနဲ့ ကောက်စိုက်ပျိုးနှုတ် ကျဘမ်းအလုပ်ကလေးတွေနဲ့ အသက်ဆက်နေရှာတာ။ အခုတော့ ညက သူခိုးတက်တာ အိုစာမင်းစာ စုဆောင်းထားသမျှ ကုန်ရှာပါရော။ သောင်းကျန်းချက်တော့ သေတ္တာထဲက အ၀တ်စုတ်တောင်မချန်ဘူး။ ပြောင်တလင်းကို ခါရော ။
          “သေချင်းဆိုး သူခိုး ။ ကာလနာ မြွေပွေးကိုက် ချေး(ချီး)ကားတိုက်သေပါစေတော်”
          ဒေါ်လှမိလည်း သူတတ်သလောက်မှတ်သလောက်လေးနဲ့ ကျိန်ဆဲရှာတယ်။ တဲသာသာ အိမ်စုတ် ကလေးပေါ်မှာ သတင်းမေးလာသူတွေကလည်း ဖေးမ နှစ်သိမ့်ကြရှာပါတယ်။ သူဆင်းရဲ ကျောမွဲချင်းပေမယ့် သူတို့တတ်နိုင်သလောက် ဆီတစ်ပုလင်းယူလာတဲ့ သူနဲ့။ ဆန်နှစ်ဗူး ယူလာတဲ့ သူနဲ့ ။ နို့ဆီတစ်ဗူး ယူလာတဲ့ သူနဲ့။ တတ်နိုင်သလောက် ကူညီစောင်မကြတာလေ။ ၏  
          “မိလှမိ ညည်းအဲဒီလို မကျိန်ဆဲနဲ့ ။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ သတဲ့။ တရားနဲ့ ဖြေမှပေါ့”
          ဟော လာပြီ လာပြီ။ ဒေါ်သက်ရီတော့ မဟုတ်ဘူး။ ၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးနဲ့ စည်ပိုင်းကြီးလို တလိမ့်လိမ့် တက်လာလို့ ခနော်ခနဲ့ တဲကလေးလည်း တသိမ့်သိမ့် လှုပ်ခါသွားတယ်။ ဘယ်သူရှိရမလဲ ဒေါ်ငြိမ်းခင်ပေါ့။ တဲပေါ်ရောက်မဆိုင်း အင်္ကျီ ၊ ထဘီ အဟောင်းလေးတွေ ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ထုပ်ကို ဒေါ်လှမိလက်ထဲ ထည့်ပေးလိုက်တယ် ။
          “ဘယ်လိုဖြေရမလဲ မမငြိမ်းရဲ့။ သေချင်းဆိုး သူခိုးက လက်နှီးစုတ်တောင်မချန်မှတော့ ကုန်းကောက်စရာ မရှိအောင် မွဲပါပေါ့့ အီး ဟီး ဟီး”
          ပြောရင်းဆိုရင်း ဒေါ်လှမိတစ်ယောက် ကြူကြူပါအောင် ငိုလိုက်တာများ တဲကလေးမှာလည်း လိုက်ပါယိမ်းထိုးလို့ ။
          “ဒါတော့ဒါပေါ့ လှမိရယ် ။ ဒါပေသိ ဒီလိုချည်းငိုနေလို့ ပြီးမှာတဲ့လား ။ အခုလိုကျိန်ဆဲ နေလို့ရော ပြီးသွားမှာတဲ့လား။ သူများ အကုသိုလ်က ကိုယ့်အကုသိုလ် ဖြစ်နေပါဦးမယ်အေ ”
          အင်း။ သူပြောလိုက်တော့လည်း ဟုတ်သလိုလို ။ စကားဝိုင်းနားက နားစွင့်နေကြတဲ့ ပရိတ်သတ်ကြီး ကလည်း “ဟုတ်ပါ့ ကြီးလှမိကလည်း ” ဘာညာနဲ့ စကားထောက်ကြတယ်။ စိတ်ထဲမှာတော့ သူတို့ ဘယ်လိုချော့ချော့ မပျော့တဲ့ ဒေါ်လှမိကြီးကို ဒေါ်ငြိမ်းခင် ဘယ်လိုများ တရားပြ ဖျောင်းဖျ မလဲဆိုတာ စိတ်ဝင်စား နေကြလေရဲ့။
          “တို့ ဘုရားဟောလည်း ရှိရဲ့မဟုတ်လား ။ အနိစ္စ ဆိုတာ မမြဲခြင်းတရားလေ ။ လူဆိုတာ မွေးကတည်းက လက်ဗလာနဲ့ပဲ ။ မသေခင် လောဘဇောတိုက် ရှာကြဖွေကြ ကဲ သေတော့ရော ။ ကိုယ့်နောက် ဘာတွေများ ယူသွားနိုင်မှာမို့လဲ ”
          ဇီးဖြူကုန်းရွာမှာတော့ ဒေါ်ငြိမ်းခင်က ရွာ့မျက်နှာဖုံး ။ သူ့လောက်စီးပွားရှာနိုင်တဲ့ လူရယ်လို့လည်း ရှိတာ မဟုတ်ဘူး။ သူ့ပိုက်ဆံ သေတ္တာထဲ တစ်ကျပ်ဝင်သွားရင်တောင် ပြန်ထွက်သွားရိုး ထုံးစံမရှိ ဆိုသလိုပါ့.။ ဒေါ်လှမိ က “သင်းက ပိုက်ဆံပေါတော့ ပြောနိုင်တာပေါ့ ” လို့ စိတ်ထဲကနေပဲ ရေရွတ်လိုက်တယ်။ လူကတော့ တအီးအီးနဲ့ ရှိုက်လို့ကောင်းတုန်း။
          “ ဘာတစ်ခုမှ တွေးမပူနဲ့ အေ့ ။ တို့ တတွေ လည်း ရှိတာပဲ။ ညည်းမှာ တစ်ကိုယ်ထဲဆိုပေမယ့် တို့တွေက ရပ်ဆွေရပ်မျိုးတွေချည်းပဲ။ ဟုတ်တယ်မို့လား။ ကဲ ဘာများ အားငယ်စရာရှိလိမ့်”
          ဒေါ်ငြိမ်းခင်က သူကချည်းဒိုင်ခံ ပြောနေသလိုဖြစ်တော့ ဘေးဘီကိုလည်း စကားထောက်ရှာတယ်။ ဒီတော့မှ ဘေးကနေ ထိုင်နားစွင့်နေကြတဲ့ ဒေါ်ဒေါ်၊မမ များကလည်း “ဟုတ်သားပဲ မမမိရယ်” တို့ ၊ “အားမငယ်ပါနဲ့ ကြီးကြီးမိရယ်” တို့ ဖြစ်ကုန်ကြတယ်။ အိမ်နီးနားချင်းဆိုတော့လည်း ရပ်ဆွေရပ်မျိုးတွေ မဟုတ်လား။ ကိုယ့်မရှိရင် ဟိုဘက်အိမ် ဒီဘက်အိမ် ကြက်သွန်တစ်တက် ၊ ဂျင်း(ချင်း) တစ်တက် ချေးရ ငှါးရတာ မဟုတ်လား။
          “ဘာမှ ပူပန်ကြောင့်ကြမနေနဲ့။ အရင်လို ပျော်ပျော်ရွှင်ရွှင်နေပြီး ရှိရင်းစွဲ အလုပ်ကလေးကို အပတ်တကုတ် အားထုတ်လုပ်ကိုင်မယ်ဆိုရင် အရင်ထက်တောင် စီးပွားဖြစ်နိုင်သေးသပ အေ ”
          တဖြည်းဖြည်းနဲ့ ဒေါ်လှမိလည်း အငိုတိတ်သွားတယ်။ သိကြရဲ့ မဟုတ်လားး အပြောကောင်း အဟောကောင်း ဒေါ်ငြိမ်းခင်ပါဆို ။ နောက်ဆုံးတော့လည်း သူ့လက်သုံးစကားလေးနဲ့ပဲ စကားဝိုင်းကို ပိတ်လိုက်တယ်။ “ပစ္စည်းသင်္ခါရ လူသင်္ခါရပါအေ ” တဲ့။
(၃)
          “အီး ဟီး ဟီး ကို ဖိုးပိန်ရဲ့ ။ ကျုပ်ကို တစ်ယောက်ထဲ ထားခဲ့တော့မလို့လား ”
          တိတ်ဆိတ်နေတဲ့ ညဥ့်ယံမှာ အမှောင်ရိပ်ထဲကနေ တိုးထွက်လာတဲ့ ငိုကြွေးသံကြောင့် ရွာကလေးလည်း ရုတ်တရက်လန့်နိုးသွားတယ်။ အိမ်နံဘေး ဆီးပင်ပေါ်က ညဥ့်ငှက်တစ်ကောင်ဟာ ငိုသံကြောင့် ရုတ်တရက် ထပျံ သွားလေရဲ့။
          ဒေါ်အေးတုတ် ယောက်ျား ကိုဖိုးပိန်ရယ်လေ။ ညဥ့်ဦးပိုင်းက ဖားရိုက်ထွက်ရင်း ပိုးထိရှာတာ ။ သူ့အဖော် အေးသောင်က ပွေ့ချီ လာလို့ လူကတော့ အိမ်ကိုပြန်ရောက်ပါရဲ့။ ကယောင်ကတမ်းတွေ ရေရွတ်ပြီး တက်လိုက် ချက်လိုက်နဲ့  ။ ပါးစပ်ထဲက လည်း အမြှုပ်တွေ တစီစီ ထွက်နေလိုက် တာများ မြင်ရက်စရာတောင် မရှိဘူး။
          တောအရပ်နဲ့ တောဇာတ်ဆိုတော့လည်း ဟိုဆေးမြီးတိုလေး တိုက်လိုက် ၊ ပါးစပ်ထဲ မုန်ညင်းဆီလေး လောင်းချလိုက်နဲ့ပဲ ထိုင်ကြည့်နေရတယ်။ အနီးဆုံးဆေးရုံဆိုတာကလည်း တောလမ်းမှာ လှည်းကြမ်းနဲ့ ညလုံး ပေါက် အသော့နှင်မှ ရောက်နိုင်မှာ ။ အဲဒီတော့ လူနာဘေး ထိုင်စောင့်နေကြရင်းနဲ့ အာရုံတက်လုချိန်မှာ ကိုဖိုးပိန်ဆုံးရှာတယ်။ ၏
          “အို မိအေးတုတ်ရယ် ။ လူဆိုတာ သေမျိုးချည်းပါအေ။ တရားနဲ့ ဖြေမှပေါ့”
          ဘယ်သူရှိရမလဲ ဒေါ်ငြိမ်းခင်ရယ်ပေါ့ ။ ကိစ္စရှိတဲ့ အိမ်ဆိုတော့လည်း တစ်ရွာလုံးက ၀ိုင်းကြ ၀န်းကြရတာမဟုတ်လား။ ဒေါ်ငြိမ်းခင်ကတော့ ဒီလိုကိစ္စမျိုးတွေမှာ အခရာ ပေါ့လေ။ သူမှ မပါရင် မပြီးတဲ့ ကိစ္စကိုး။
          “မမငြိမ်းရယ် ကျုပ်မှာက သားလည်းမရှိ သမီးလည်းမရှိဆိုတော့ ဘယ်သူ့အားကိုးပြီး နေရမတုန်းတော့”
          အောင်မယ်မင်း ပြောတတ်လိုက်ပုံများ ဟိုအသုဘက သေရွာက ခုပဲ ထပြီး အားကိုးရှာပေးရတော့မလို ။ ခမျာမှာ တစ်ကိုယ်ထဲ ကျန်ခဲ့ရှာတော့ ငိုစရာပွဲ ဆင်နွဲရှာ တော့မပေါ့လေ။
          “ကိုဖိုးပိန်ရေ ။ ကျုပ်ကို ဘယ်တော့မှ ခွဲမသွားဘူးဆို သူတော်ကောင်းကြီင်္းရဲ့ ”
          ဒေါ်အေးတုတ် အဲဒီလို ငိုလိုက်တော့မှ လူတွေလည်း ပြုံးစိစိ ဖြစ်ကုန်ကြတယ်။ ဟုတ်တယ်လေ။ ကိုဖိုးပိန် ဆိုတာက ဖားရိုက်ငါးဖမ်းအလုပ်ကိုပဲ တစ်သက်လုံးလုပ်လာတာ ။ ဒီလောက် အကုသိုလ် များတဲ့အလုပ် လုပ်နေတဲ့ သူကို သူတော်ကောင်းကြီးလို့ ဆိုမှတော့ ။
          “ကျုပ်ကို တစ်သက်လုံး ရှာဖွေ ကျွေးမွေးလာတဲ့ ယောက်ျားကောင်းကြီးပါတော် အီး ဟီး”
          ရွာကလေးက ဆီးရွက်သာသာ ဆိုတော့ကာ တစ်အိမ်က အပ်ကျတာ တစ်ရွာလုံးက သိကြတယ် ဆိုသလိုပ။ ကိုဖိုးပိန်ဆိုတာက ဖားရှာငါးရှာ က အပြန် မှောင်ရီပျိုးပျ မိုးချုပ်စဆို ရွာထဲက ဘုံဆိုင်မှာ အရက်ကလေး တမြမြ နဲ့။ မိုးစုန်းစုန်းချုပ်မှ အိမ်ကို သိုင်းကွက်နင်းပြီးပြန်တာ။ ညဥ့်နက်သန်းခေါင် ရွာလယ် လမ်းမ တစ်လျှောက် ခွေးဟောင်သံတစီစီ ကြားရပြီဆို ဘယ်သူ့ကိုမှ မေးနေစရာမလိုဘူး။ ကိုဖိုးပိန်ရဲ့ အိမ်ပြန်ချိန်ပဲ။
          အိမ်ရောက်တာနဲ့ မိန်းမကို အချိန်မတော် ဆူလားငေါက်လားနဲ့ ။ ထမင်းပျော့ရင်ပျော့လို့ မာရင်မာလို့ ဆိုပြီး ပြဿနာရှာတယ်။ စိတ်မထင်ရင်မထင်သလို ဆံပင်ဆောင့်ဆွဲ ပြီး ပါးရိုက်နားရိုက် လုပ်ချင်လုပ်သေးတာ။ ဒေါ်အေးတုတ်ခမျာ နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက်ပဲ ဒါကိုပဲ ဒေါ်အေးတုတ်က သူတော်ကောင်းကြီး ယောက်ျားကောင်းကြီး ဆိုပြီး ချီးမွမ်းခန်း ဖွင့်တော့ ကြားရသူတွေမှာ ကရုဏာသက်တဲ့ ကြားက ပြုံးမိကြတယ်။
          “မိတုတ်ရေ သေတဲ့ လူကတော့ သေပြီးပြီ ။ ညည်းက တငိုငိုတရီရီ လုပ်နေမှတော့ ဘယ် အသေဖြောင့် နိုင်ပါ့မလဲ ။ ပူဆွေးငိုကြွေးနေရုံနဲ့ ပြီးသွားမယ့် ကိစ္စမျိုးမှ မဟုတ်ဘဲ အေ။ သူ့အတွက် ကောင်းမှုကုသိုလ် ကလေးတွေ လုပ် သူ့ကို ရည်စူးပြီး အမျှအတန်းပေးဝေမှ ခမျာမှာ ကျွတ်လွတ်နိုင်ရှာမှာ ။ ဒီလိုမှ ညည်းလည်း သူ့ကို တကယ်ချစ်ရာ ရောက်ပေမပေါ့”
          ဒေါ်အေးတုတ်လည်း နှာခေါင်းဝမှာ ပြူနေတဲ့ နှာရည်တွေကို ပုခုံးပေါ်က တဘက်ကြမ်းနဲ့ တရကြမ်း သုတ်လိုက်တယ်။ တအင့်အင့်ရှိုက်နေပေမယ့် ဟစ်ပြီးတော့ မငိုတော့ဘူး။ အားလုံးကတော့ ဒေါ်ငြိမ်းခင်အသံ ကိုပဲ နားစွင့်နေကြတုန်း။
          “ ဘ၀ ဘ၀ က ရေစက်တွေကြောင့် ဒီဘ၀မှာ စုံမက် ပေါင်းဖက်ကြရတာ။ မသေခင် ချစ်ချစ်ခင်ခင် ကြင်ကြင် နာနာ နေခဲ့ကြပြီးပြီ။ ကျန်ခဲ့တဲ့ လူရဲ့တာဝန်က ကောင်းမှုကုသိုလ်လုပ် အမျှအတန်းပေးဝေဖို့ပဲ ”
          “ မငိုနဲ့တော့ အေ မငိုနဲ့တော့ ။ ညည်းပဲ စဉ်းစားကြည့် ။ ဒီခရီးဆိုတာမျိုးက သွားချင်လို့ သွားရတဲ့ ခရီးမှ မဟုတ်တာ ။ သေခြင်းတရားဆိုတာ ဘယ်ပုထုဇဉ် လူသားမှ ရှောင်လွှဲလို့ မရနိုင်တဲ့ ဟာပဲ။ တို့ဘုရားသော်မှ ပရိနိဗ္ဗာန် စံတော်မူခဲ့တာပဲ။ မသေချင်ပေမယ့် အမြဲနေချင်လို့မှ မရနိုင်တာ။ တို့တွေအားလုံးလည်း တစ်နေ့ ဒီလမ်း ကို မြန်းရမှာပဲ မဟုတ်လား ”
          ခုမှပဲ အားလုံး ဟင်း ချနိုင်တော့တယ်။ အားလုံးကလည်း ခေါင်းကိုယ်စီ တညိတ်ညိတ်နဲ့။ ဒေါ်အေးတုတ် လည်း အငိုတိတ်သွားပြီ။ ဒေါ်ငြိမ်းခင်ရောက်လာမှပဲ ပွဲလည်းပြီးရဲ့ မီးလည်းသေရဲ့ ဆိုသလိုပ။ ရွာကလေးမှာတော့ သူက မရှိမဖြစ်ဒေါ်ငြိမ်းခင် ။ ဒီတော့ကာ ဒေါ်ငြိမ်းခင်က တစ်လုံးချင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
          “ပစ္စည်းသင်္ခါရ လူသင်္ခါရပါ အေ”
(၄)
          “ဦးအေးမောင်ကြီ။ဆုံးပြီတဲ့”
          “ဟောတော် ဘယ်တုန်းကတုန်း။ အသံမကြားဘာမကြားနဲ့ နာဖျားနေတယ်လည်း မကြားမိပေါင်”
          “ဒီမနက်ကြီးက ဆုံးတာတဲ့။ ကျုပ်လည်း အံ့တွေကို သြလို့”
          “ဘာဖြစ်တာတဲ့တုန်း ”
          “ညက အရက်သောက်ရင်း အိုက်လို့ ဆိုပြီး အင်္ကျီမကပ်ဘဲ ဒုန်းချင်း အိပ်တာတဲ့ ။ လေဖြတ်သွားတာဆိုပဲ။ မငြိမ်းခင်ကြီးမလဲ မနက်လင်းအားကြီးလို့ နှိုးမရတော့မှ သေတာသိတာတဲ့။ သနားပါ့တော် ကျုပ်တို့မငြိမ်းခင်ကြီး”
          “ဟုတ်ပါ့ အေ ကျုပ်စိတ်ထဲ မကောင်းလိုက်တာများ။ ကိစ္စအိမ်ကိုတော့ မသွားမဖြစ် သွားရဦးမပါ့ ”
          ဦးအေးမောင်ကြီးညက ရုတ်တရက် ဆုံးပါးသွားတဲ့ အကြောင်းက ရွာကလေးရဲ့ မနက်ခင်းသတင်း ဖြစ်လို့ နေရဲ့။ ဘယ်သူထင်လိမ့်မတုန်း ။ ဦးအေးမောင်လို အလုပ်မယ်မယ်ရရမရှိဘဲ နေ့နေ့ညည စည်းစိမ်ယစ်ဖို့ လူဖြစ် လာတဲ့သူကို အခုလို အကြွေစောလိမ့်မယ်လို့ ။ မနေ့ညနေက ဧည့်ခန်းက ကုလားထိုင်မှာ ထိုင်ပြီး လာသမျှဧည့်သည် ဧည့်လက်ခံစကားပြောနေတာများ လူကောင်းပကတိ ။ အားလုံးကတော့ ဒေါ်ငြိမ်းခင်ကြီးကို စုတ် တသပ်သပ်နဲ့ ။ ကရုဏာသက်ကြရှာတာပါ။ သားသမီးရယ်လို့ မထွန်းကားတော့ တိုက်အိမ်အကြီးကြီးထဲမှာ ပြေးကြည့် မှ ဒီလင်နဲ့ ဒီမယား ရှိတာမဟုတ်လား။ အခုတော့ ဒေါ်ငြိမ်းခင် ခမျာ ခိုကိုးရာမဲ့။
          ရွာ့မျက်နှာဖုံး ကိစ္စအိမ်ဆိုတော့ လူက အစည်သား။ အိမ်ထဲမှာ ၀င်ဟယ်ထွက်ဟယ်နဲ့ လူရှုပ်နေလိုက်ပုံများ မူးမေ့ရမတတ်။ မသိတဲ့လူဆို အလှူအိမ်လား မှတ်လောက်ပါရဲ့။
          အသားညိုညိုနဲ့ ခပ်ဖိုင့်ဖိုင့် အသုဘကောင်ကြီးကတော့ အိမ်ဦးခန်းမှာ ဆန့်ဆန့်ကြီး လဲလျောင်းလို့ ။ စောင်ပါးလေးတစ်ထည် လွှားထားပေမယ့် ဖွားခါနီး ကိုယ်ဝန်သည်ကြီးလို ဗိုက်ကြီးကတော့ အထင်းသား ပူနေလေရဲ့။ အရက်ကို နှစ်ရှည်လများ စွဲသောက်မှတော့ ရေဖျဉ်းက စွဲပြီကိုး။ ဒေါ်ငြိမ်းခင်ကတော့ အလောင်းကြီး နံဘေးမှာ ဆံပင်ကို ဖားလျားချရင်း ကြူကြူပါအောင်ငိုတယ်။
          “အောင်မလေး ကိုအေးမောင်ရေ။ ကျုပ်ကိုဘယ်တော့မှ ပစ်မသွားဘူးဆို။ ခုတော့ ဘယ်လို ဖြစ်ရတာတုန်း  အီး ဟီး ဟီး”
          အံ့တော့ အံ့သြစရာပေါ့လေ။ သိတယ်မဟုတ်လား ။ ဒေါ်ငြိမ်းခင်ဆိုတာက အများက လေးစားရတဲ့ တရား သမားကြီး မဟုတ်လား။ ခုမြင်နေရတဲ့ ဒေါ်ငြိမ်းခင်က သူတို့သိတဲ့ ဒေါ်ငြိမ်းခင်နဲ့ လားလားမှ မတူ တမူထူးခြားနေ တယ်လေ။ တော်တန်ရုံဆိုရင်တော့ လူတွေက ပြောကြမှာ မဟုတ်ပါဘူး။ အခုဟာက မနက်ကတည်းက ငိုတာ မွန်းတည့်တဲ့ အထိပဲ။ တစ်နာရီ တစ်စက္ကန့် အငိုရပ်တယ်ရယ်လို့မှ မရှိဘဲ။
          ဖိုးသူတော်လဲတော့ တောင်ဝှေးမကယ်နိုင် ဆိုသလိုပ။ ဒေါ်လှမိတို့ ဒေါ်အေးတုတ်တို့ ရောင်းရင်း တွေမလည်း ဘေးနားက ထိုင်သာထိုင်နေရတယ်။ ဒေါ်ငြိမ်းခင်လို လူမျိုးကို ချော့မော့ဖို့ ဆိုတာ အခက်တွေ့ နေကြလေရဲ့ ။ ဒေါ်ငြိမ်းခင်ကို ဖျောင်းဖျဖို့ ဆိုတာက လည်း ဘုန်းကြီးကို စာပြန်ချ သလို ဖြစ်မှာ အမှန်ပ။
          “မမငြိမ်းရယ် သေတဲ့ သူလည်း သေပြီပဲ ။ တရားနဲ့ ဖြေမှပေါ့ ”
          “ဟုတ်ပါတယ် ကြီးကြီးငြိမ်းရယ်”
          ဘယ်လိုပဲ ချော့ချော့ ဒေါ်ငြိမ်းခင် အငိုမရပ်ဘူး။ ငိုချင်လျက် လက်တို့ ဆိုသလိုပဲ။ ၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီး တသိမ့်သိမ့်တုန်အောင် ရှိုက်ငိုတယ်။ ဒေါ်အေးတုတ်က ဒေါ်ငြိမ်းခင်နား မသိမသာ ကပ်ပြီး တီးတိုး ပြောတယ်။
          “မမငြိမ်းရယ် ကိုယ်က တရားပြည့်တဲ့သူပဲ ။ခုလို လူရှေ့သူရှေ့ ဟစ်ငိုနေတာ အမြင်မတော်ပါဘူးလေ ”
          မရပ်ဘူး။ ငိုတာကို ရပ်တန့်လို့မရနိုင်ဘူး။ ရှိုက်ရှိုက်ပြီး ငိုနေလိုက်တာများ ခန္ဓာကိုယ်ကြီးက စက်ယန္တရားကြီး တစ်ခုလို တသိမ့်သိမ့်တုန်ခါလို့ ။
          “တရားနဲ့ ဖြေမှ နေသာတော့မပေါ့ ။ မမငြိမ်း ကျုပ်ကို ပြောခဲ့တာများ ကျုပ်ဖြင့် နားထဲ စွဲနေသေးသပ။ ပစ္စည်း သင်္ခါရ လူသင်္ခါရ ဆိုတာလေ”
          အဲဒီတော့မှ ပိုဆိုသွားတယ်။ တိုက်အိမ်ကြီးထဲက လူသူပရိသတ်အားလုံးမှာလည်း ဒေါ်ငြိမ်းခင်ကြီးရဲ့ ရင်ဘတ်စည်တီးပြီး အော်ကြီးဟစ်ကျယ် ငိုလိုက်တဲ့ အသံကြောင့် ဘာပြောရမှန်းမသိလောက်အောင် ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြလေရဲ့။
          “အောင်မလေး အဲဒီတုန်းက သူများယောက်ျားအေ့ ။ ခု သေတာက ငါ့ယောက်ျားအေ့ ငါ့ယောက်ျား။ အီး ဟီး ဟီး ”
                                                                                                          ရဲရင့်လုံ(ဆေး-မန်း)
မဟေသီ-ဇွန်-2015