"မြတ်နိုးတွယ်မက် အချစ်ဖြစ်စေ "
=================
အပိုင်း(၁)
(က)
ထန်သင့်လာ(လ်)သည် ပုဆိုးစုတ်တစ်ခုဖြင့် ပြောင်စင်အောင်
တိုက်ချွတ်ဆေးကြောရင်း ညနေခင်းက အဖြစ်အပျက်ကို
ပြန်မြင်ယောင်နေမိသည်။"နင်တို့လို
တောပစ်တဲ့လူတွေရှိတူမီးသေနတ်ပြောင်းဝကိုနေလို့ တောရိုင်းတိရ စ္ဆာန်တွေ
မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ" ဆိုသော ထဲမ်ထဲမ်း၏စကားကို
ကောင်းကောင်းနားမလည်ချေ။"အဲဒါဆို နင့်အဖေကို သွားပြောပါလား"ဟု
ပြောပစ်လိုက်ဖို့ သူစိတ်ကူးမိပေမယ့် စကားလုံးများက အပြင်သို့
ထွက်မလာခဲ့။ထဲမ်ထဲမ်းကို ချစ်လွန်း၍သာ သူ့မှာ
ကြိတ်မှိတ်မျိုသိပ်နေလိုက်ရသည်။
"အဲဒါကတော့ဟာ
ငါတို့အဘိုးအဘေးတွေ လက်ထက်ကတည်းက တောပစ်ခဲ့ကြတာပဲ။ငါတို့ခေတ်ကျမှ
အဆန်းလုပတောပစ်ပြောနေရသလား။နင်တို့အိမ်မှာဆို ဧည့်ခန်းထဲချိတ်ဆွဲထားတဲ့
ပြောင်ခေါင်းတွေ၊ဆတ်ခေါင်းတွေ၊ဆတ်ချိုကြီးတွေမှ အများကြီး"
အုတ်ကန်နံဘေး ရေချိုးရင်း ဆပ်ပြာတိုက်နေသော ထဲမ်ထဲမ်းက သူ့ကို
လှပသောမျက်စောင်းကလေးဖြင့် လှမ်းကြည့်သည်။ကဲ့ရဲ့ပြစ်တင်နေသော
ထဲမ်ထဲမ်းစကားတွေကို အလိုမကျမိပေမဲ့ ထဲမ်ထဲမ်းဆိုသည့် ကောင်မလေးဟာ
မျက်စောင်းထိုးလျှင်လည်း လှတာပဲဟု သူတွေးမိလိုက်သည်။သူ
ပြောလည်းပြောစရာ။ထဲမ်ထဲမ်းအဖေတို့အိမ်မှာက သူတို့ညီအစ်ကိုတွေ အမဲပစ်ရာမှ
ရလာသော တောကောင်များ၏ ချိုတွေ၊ဦးခေါင်းခွံတွေ ချိတ်ဆွဲထားတာများ
သူတို့အိမ်ရောက်သွားလို့ကတော့ ပြတိုက်တစ်ခုထဲ ရောက်နေသလား ထင်မှတ်ရမည်
ဖြစ်သည်။
"အို ငါ့အဖေကို ငါပြောမရလို့ ကြည့်နေရတာပဲ။သူက အဖေလေ။နင့်ကိုတော့ ငါပြောလို့ရမှာပဲ။ဟုတ်တယ် မဟုတ်လား"
ငယ်ကတည်းက လည်ပင်းဖက် ပေါင်းဖော်လာခဲ့သူများမို့ ထဲမ်ထဲမ်းက
သူ့အပေါ်ဆို အမြဲလိုနိုင်ချင်သည်။သူကလည်း ထဲမ်ထဲမ်းဆိုလျှင်
အမြဲအလျှော့ပေးဆက်ဆံခဲ့သည်ချည်း။ထဲမ်ထဲမ်းအတွက် သူက "ငယ်နိုင်"ဟုဆိုသော်
ရသည်။
"အမဲမပစ်ရရင် ငါတို့မိသားစု ဘာနဲ့ ထမင်းစားမလဲ။နေ့တိုင်း ပြောင်းကြမ်းပဲ ပြုတ်စားရမှာလား"
သူက လက်ရှိအနေအထားကို စဉ်းစားပြီး ထပ်၍
အတွန့်တက်လိုက်သည်။ထဲမ်ထဲမ်းက အမွှေးဆပ်ပြာခဲကို လက်တစ်ဖက်က အကိုင်မပျက်ဘဲ
ခါးထောက်လိုက်ပြီး-
"အဲဒါကြောင့် နင့်ကို ငါ
ကြည့်မရတာ။ပြောလိုက်ရင် ကန့်လန့်တိုက်ဖို့ပဲ။တောမပစ်ရရင်
တောင်ယာလုပ်ပေါ့။ဆန်သယ်ရောင်းပေါ့။မျောက်ငိုသီး သယ်ရောင်းပေါ့ဟဲ့
အကောင်စုတ်ရဲ့။မပြောလိုက်နဲ့ ပြောလိုက်ရင် ရန်ဖြစ်စရာချည်းပဲ။အဲဒါကြောင့်
ငါ နင့်ကို မုန်းတာ"
နင့်ကို မုန်းတာ.....တဲ့။ကက်ကက်လန်
ရန်တွေ့နေသော ထဲမ်ထဲမ်းကို ကြည့်ပြီး သူ့စိတ်ထဲ အလိုလိုဝမ်းနည်း၍လာသည်။
စကားလည်း ဆက်ပြောချင်စိတ် မရှိတော့။ စိတ်ညစ်ညစ်နှင့် "အဲဒါဆိုလည်း
ပြီးရောဟာ"ဆိုပြီး တူမီးသေနတ်ကို နောက်ပြန်လွယ်လျက် ထွက်လာခဲ့သည်။
"ငါ့ကို ကြည့်မရလည်း ကြည့်လို့ရတဲ့သူကို ကြည့်ဟေ့"
သူနောက်ပြန်လှည့်မကြည့်ဘဲ ထဲမ်ထဲမ်းကြားအောင် အော်ပသ်ခဲ့သေးသည်။
ထဲမ်ထဲမ်းတစ်ယောက် သူ့ကို မကျေမနပ် ကျိန်ဆဲနေမှာကိုသိတော့ သူ့ရင်ဘတ်ထဲ
နာကျင်ရပြန်သည်။
(ခ)
တင်ဟွေထဲမ်း။ လှလိုက်တဲ့ နာမည်ကလေး။ သူတို့လူမျိုးစု၏ ဘာသာစကားအရ
တင်ဟွေထဲမ်းဆိုတာ "တော်သော လှသော မိန်းကလေး "ဟု အဓိပ္ပါယ်ရသည်။
နာမည်နဲ့လိုက်ဖက်အောင်ပင် ထဲမ်ထဲမ်းက တော်သည်။ လှသည်။ ဟိန်ဇံရွာထဲရှိ
မိန်းမပျိုများအားလုံးထဲတွင် ထဲမ်ထဲမ်းက အလှဆုံး။ အို ....သူတွေ့ဖူးသမျှ
မိန်းမတွေထဲမှာ ထဲမ်ထဲမ်းက အလှဆုံးဆိုတာ သေချာသည်။
သူ
မှတ်မိနေသေးသည်။ မှတ်မှတ်ရရ သူ ခုနစ်တန်းကျောင်းသားဘဝတုန်းက ဖြစ်သည်။
ရွာမှာက အလယ်တန်းကျောင်းမရှိသဖြင့် ခါမ်းပါတ်မြို့ အထကကျောင်းမှာ
ကျောင်းတက်ရသည်။ ထဲမ်ထဲမ်းနေထိုင်ရာအိမ်သို့ တစ်ညနေခင်းမှာ သူ
အရောက်သွားပြီး အသည်းပုံပါသော စက္ကူလှလှကလေးဖြင့် ထုပ်ပိုးထားသည့်
ပါဆယ်တစ်ထုပ်ကို ထဲမ်ထဲမ်းအား ပေးခဲ့သည်။ ထဲမ်ထဲမ်းက မေးတော့
"ခွတ်ဆု(လက်ဆောင်)"ဟု ပြောကာ သူ ရှက်ရှက်နှင့် ပြန်ပြေးခဲ့သည်။ အထဲမှာက
စာတစ်စောင်နှင့် လတ်လတ်ဆတ်ဆတ် တောင်ဇလပ်ပန်းနီကလေးတစ်ပွင့်။ ကျောင်းပိတ်ရက်
ရွာအပြန်မှာ သူ ကိုယ်တိုင် ကြိုးစားပမ်းစား ခူးဆွတ်လာခဲ့ရသော
တောင်ဇလပ်ပန်းကလေး။
"ထဲမ်ထဲမ်းရာ။ နင်က တအားလှတော့
ငါတကယ်စိတ်မချတော့ဘူး။ ငါ့ကို ပြန်ချစ်ဖို့ တောင်းပန်ပါတယ်။ နင် ငါ့ကို
ချစ်ရင် မနက်ဖြန် ကျောင်းတက်တဲ့အခါ တောင်ဇလပ်ပန်းနီကလေးကို နင့်ဆံပင်မှာ
ပန်ခဲ့ပါနော်။ ငါ စောင့်ကြည့်နေမယ်"
အဲဒီနေ့ ညနေစောင်းမှာ
ထဲမ်ထဲမ်းက သူ့ဆီ ချက်ချင်း လိုက်လာခဲ့သည်။ သူပေးသော ပါဆယ်ထုပ်ကိုလည်း
ပြန်ပေးသည်။စိတ်ဆိုးလက်ဆိုးနှင့် သူ့ဗိုက်ခေါက်ပါးပါးကလေးကို အားပါးတရ
ဆွဲလိမ်လိုက်သည်မှာ သွေးခြည်များပင် ဥလို့။ နာလွန်းသဖြင့် မျက်ရည်များပင်
ဝဲခဲ့ရသည်။ ပညာသင်တဲ့အချိန်မှာ ရည်းစားကိစ္စတွေ စိတ်မဝင်စားရဘူး ဟူ၍
ထဲမ်ထဲမ်းက ဆရာမကြီးလုပ်ကာ ပြောခဲ့သေးသည်။
သူကတော့
အဲဒီနှစ်မှာပင် ကျောင်းထွက်ခဲ့ရသည်။ မထွက်လို့လည်းမဖြစ်။ အဖေက
တောပစ်သွားရင်း လျှိုတစ်ခုထဲလိမ့်ကျကာ ညာဘက်ခြေသလုံးရိုး ကျိုးသွားသည်။
ခါမ်းပါတ်ဆေးရုံမှာ တက်ရောက်ကုသပြီး ကျောက်ပတ်တီးစည်းရသည်။ ဆရာဝန်က
ဆေးရုံဆင်းပြီးလျှင်လည်း အနည်းဆုံးခြောက်လလောက်
ကောင်းကောင်းအနားယူရမည်ပြောသည်။ သို့နှင့် မိသားစု၏ထမင်းအိုးက သူ့ခေါင်းပေါ်
အလိုလိုရောက်လာသည်။ သူ ကျောင်းဆက်မတက်ဖြစ်တော့။
ထဲမ်ထဲမ်းကတော့ ပညာရေးမှာ ထွန်းပေါက်သည်။ အခုဆို ကလေးတက္ကသိုလ်မှာ
ပညာသင်ယူပြီး ဘူမိဗေဒအထူးပြုဖြင့် ဘွဲ့ရပြီးပြီ။ ထဲမ်ထဲမ်းက ဟိန်ဇံရွာကလေး၏
ဘွဲ့ရရှိသော ပညာတတ်အမျိုးသမီးတစ်ဦး။ ဘွဲ့ရပြီးမှ ထဲမ်ထဲမ်းတစ်ယောက်
စကားကြီးစကားကျယ်တွေ ပြောတတ်နေသည်ဟု သူထင်သည်။
"တောင်ယာခုတ်ပြီး လုပ်တယ်ဆိုတာ ပထမဦးဆုံးသဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်။
ဒီနှစ် တစ်နေရာလုပ်၊ နောက်နှစ်မှာ တောမီးရှို့ ပြီး နောက်တစ်နေရာ
ပြောင်းပြီးလုပ်။ ကဲ ....ငါတို့ တောင်ပေါ်ရွာတွေနား များများလာပြီ"
"အဲဒီတော့ ဘာဖြစ်လဲ"
"ဘာဖြစ်ရမှာလဲ။ နင်တို့တွေ စည်းကမ်းမရှိတော့ ရာသီဥတုတွေ
ဖောက်ပြန်တာပေါ့။ မိုးခေါင်တာပေါ့။ ရေရှားတာပေါ့။ပူပြင်းတာပေါ့
တောင်ကတုံးတွေငတုံးရဲ့"
ထဲမ်ထဲမ်းက သူ့ကို အဲဒီလို
ခေါ်လိုက်တိုင်း သူ ဝမ်းနည်းရသည်။ ငယ်ပေါင်းတွေမို့ ပြောမနာဆိုမနာဆိုပေမဲ့
တခါတလေတော့လည်း သူက ဘွဲ့ရပညာတတ်ကြီးမို့ ချိုးချိုးဖဲ့ဖဲ့ပြောတာလားဟု
တွေးကာ နာကျင်ရသည်။ ထဲမ်ထဲမ်းက သူ့အဖြစ်ကို သတိပင် ထားမိပုံမရချေ။
"ဒီကြားထဲ ငါတို့တောင်ပေါ်မှာ ချိန်းဆောတွေက သောင်းကျန်းသလားမမေးနဲ့။
သစ်ပင်ကြီးတွေ ခဏခဏခုတ်လှဲ။ ပြန်စိုက်ဖို့ကျတော့ တစ်ယောက်တလေမှ
စိတ်မဝင်စားကြဘူး။ သစ်ခိုးရောင်းပြီး ခဏတစ်ဖြုတ် ဝမ်းရေးပြေလည်သွားတာကိုပဲ
အရှည်ကို ကြိုမတွေးကြဘူး။ အခုဆို ငါတို့ရွာတွေနားမှာ သစ်ပင်တွေ
ဘယ်နေရာတွေမှာ များများစားစားကျန်တော့လို့လဲ"
ထဲမ်ထဲမ်းက
ရှေ့တူရူမှ သစ်ပင်မဲ့နေသော တောင်ကတုံးတစ်ခုကိုကြည့်ပြီး သက်ပြင်းချသည်။
သူ့အဖို့ ထဲမ်ထဲမ်းပြောသမျှသည် ကျေနပ်နေကြတယ်။အထူးအဆန်းချည်း
ဖြစ်နေသည်။တောပြုန်းလာလျှင် ရာသီဥတုဖောက်ပြန်သတဲ့။ ဇီး(ကိုယ်ဝန်)ကပ်နေသော
ဆတ်မကိုလည်း မပစ်ခတ်ရဘူး တဲ့။ သူတို့ရွာတွေနား ဝက်ဝံတို့၊
အောက်ချင်းငှက်တို့ တစ်ကောင်တလေမှ မရှိတော့တာကို ဝမ်းပန်းတနည်းပြောတာ သူ
နားမလည်။ သူတို့လို တောပစ်ထွက်သူတွေကတော့ ကိုယ့်သေနတ်ပြောင်းရှေ့မှ
ဆတ်မတစ်ကောင်မှာ ဇီးကပ်မကပ် မစဉ်းစားနိုင်ပါ။ သူတို့အားလုံး သိသည်က အိမ်က
ဆန်အိုးထဲ ဆန်မရှိတာကိုပဲ ဖြစ်သည်။ မိုးရာသီ ငါးဥဥချချိန်မှာ
ငါးမဖမ်းရဘူး...တဲ့။ ငါးတွေကို ဘက်ထရီအိုးနဲ့
ရှော့တိုက်ဖမ်းဆီးတာမျိုးကိုလည်း ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူရမယ်တဲ့။
ရှော့တိုက်ဖမ်းဆီးနေကြရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါးသယံဇာတ
ရှားပါးလာနိုင်တယ်တဲ့။ သူကတော့ ထဲမ်ထဲမ်းပြောသမျှ ကောင်းကောင်းနားမလည်ပါ။
သူတို့စိမ်းပြာအုပ်စုက ရွာတွေအားလုံး တွီးပူချောင်းကြီးထဲ
ဘက်ထရီရှော့တိုက်ပြီး နေ့တိုင်း ငါးဖမ်းနေကြတာပဲ။ တွီးပူချောင်းထဲကငါးတွေ
ကုန်သွားတယ်လို့ သူ တစ်ခါမှ မကြားမိပါဘူး။ အဲဒီလိုမှ လုပ်မစားကြရင်လည်း
အိမ်မှာနေ့တိုင်းစားဖို့်  ဆန်ကို ဘာနဲ့ သွားဝယ်မလဲ။ ရွာက
ကျောင်းသားလူငယ်တွေကို မြို့ကျောင်းမှာ ဆက်ထားဖို့ ဘယ်က ပိုက်ဆံရမလဲ။
ပိုက်ဆံဆိုတာ တွင်းထဲက နှိုက်ရတာ မဟုတ်ဘူး လို့ ပြောလိုက်ရင် ငယ်ငယ်ကလို
သူ့ဗိုက်ကြောကို ထဲမ်ထဲမ်းဆွဲလိမ်လေမလား။ သူ မသိချေ။
"အဲဒီလိုမဖြစ်ရအောင် ကြိုးစားနိုင်တဲ့ တစ်နည်းတော့ရှိတယ်။ ငါတို့ရွာက
ကလေးတွေ၊ ငါတို့ မောင်ညီမတွေကို ပညာတတ်ကြီးတွေဖြစ်အောင်
ပြုစုပျိုးထောင်ရမယ်။ အဲဒါမှ ရွာကို ပြန်အကျိုးပြုနိုင်တဲ့
ပညာတတ်ကြီးတွေဖြစ်ပြီး ငါတို့ တောင်ပေါ်ရွာတွေ တဖြည်းဖြည်း ဖွံ
့ဖြိုးတိုးတက်နိုင်မှာ"
ထဲမ်ထဲမ်းက အားတက်သရော ပြောလိုက်သည်။
ဟုတ်တော့လည်း ဟုတ်သည်။ သူတို့ အစဉ်အဆက်နေထိုင်ရာ ဟိန်ဇံရွာကလေးမှာ
မြေပြန့်က ခါမ်းပါတ်မြို့နှင့် ၁၅မိုင်ခန့်သာ ဝေးကွာသည်ဆိုပေမယ့် အခုထိ
ကားလမ်းမပေါက်သေး။ ကျဉ်းမြောင်းလှသော တောင်ကမ်းပါးယံမှ ဆိုင်ကယ်လမ်းသည်ပင်
မိုးတွင်းဆိုလျှင် ရွှံ့ နွံများ ထူထဲပြီး အသုံးပြု၍ မရ။ အရေးကိစ္စရှိက
ခြေလျင်ခရီးဖြင့်သာ သွားကြလာကြရသည်။
လမ်းလျှောက်လာရင်း
ရွာလမ်းအဆုံးရှိ မူလွန်ကျောင်းကလေးရှေ့မှာ နှစ်ဦးသား ခြေစုံရပ်မိကြသည်။
ဒီနေရာကလေးမှာ လမ်းခွဲကြရမည်ဖြစ်သည်။ တူမီးသေနတ်လွယ်လျက် သူက တောထဲသို့
သွားရောက်မည်ဖြစ်ပြီး ထဲမ်ထဲမ်းက ကျောင်းကလေးထဲက စတုတ္ထတန်းအခန်းမှာ
ကလေးများကို စာပြမည်ဖြစ်သည်။ ထဲမ်ထဲမ်းက ဟိန်ဇံမူလွန်ကျောင်းရဲ့ အခကြေးငွေ
တစ်ပြားတစ်ချပ်မှ မယူသော စေတနာဆရာမကလေး ဖြစ်သည်။
"ပညာတတ်တွေ
ဖြစ်အောင်တော့ ကြိုးစားမွေးထုတ်ပါ ထဲမ်ထဲမ်းရယ်။ မြို့က ပညာတတ်တွေနောက်
နင်ပါသွားမှာကိုတော့ ငါ တကယ်စိုးရိမ်မိတယ်"
ဒီစကားတွေကိုတော့
သူ့ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်ပါသည်။ သူ၏ စိုးရိမ်ပူပန်မှုတွေကို
ထဲမ်ထဲမ်းတစ်ယောက် သိရှိနားလည်နိုင်ပါစေဟု ဆုတောင်းရုံသာ သူ တတ်နိုင်ပါသည်။
အပိုင်း(၂)
(က)
မိတ်ကပ်ပါးပါးဖို့ထားသော ပါးပြင်နှစ်ဖက်ပေါ်
သနပ်ခါးထူထူပျစ်ပျစ်ကလေး လိမ်းလိုက်သည်။ ပြီးမှ ညီညာအောင်
သွားပွတ်တံဟောင်းတစ်ခုဖြင့် အသာအယာ ပွတ်ဆွဲလိုက်သည်။ နဂိုနီစွေးနေသော
နှုတ်ခမ်းနှစ်လွှာပေါ်မှာ နှုတ်ခမ်းနီဖျော့ဖျော့ကလေး ဆိုးလိုက်သည်။
သံလွင်ဆီလိမ်းကျံထားသော ဆံသားများကို သပ်သပ်ရပ်ရပ်
စည်းနှောင်လိုက်ပြီးသောအခါ သူမ အလှပြင်သည့်အလုပ် ပြီးဆုံးသွားပြီ ဖြစ်သည်။
မီးကြွေကော့နေအောင်ထိုးထားသော အဖြူ၊ အစိမ်းဝတ်စုံနှင့်
ကျောင်းဆရာမကလေးသည် မနက်ခင်းအလင်းနှင့်အတူ ကျက်သရေရှိစွာ လှပနေလေသည်။ ရွာ၏
တစ်ခုတည်းသော မူလွန်ကျောင်းကလေးထဲမှာ သူမက ဦးဆောင်လျက် အဆောင်ငယ်တစ်ခု
ဆောက်လုပ်ပြီး စာကြည့်တိုက်ဖွင့်နိုင်ရန် ကြိုးပမ်းခဲ့သည်။
"ကျေးဇူးတင်လိုက်တာ ဝေယံရယ်။ ငါ တကယ်ပြောတာ။ နင့်အကူအညီမပါဘဲ
ငါ့စိတ်ကူးတွေကို ဘယ်လိုမှ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး"
ကလေးမြို့မှ သူငယ်ချင်း ဝေယံအောင်က စာကြည့်တိုက်အတွက်
လိုအပ်သောစာအုပ်များကို ဝယ်ယူလှူဒါန်းခဲ့သည်။ စာအုပ်များကို
ဂျပ်ဖာကြီးငယ်အသွယ်သွယ်ဖြင့် ခါမ်းပါတ်မြို့ရောက်ရှိအောင် ပို့ပေးခဲ့သည်။
ထိုမှ ဆိုင်ကယ်ကယ်ရီများဖြင့် ရွာခြေရောက်အောင် ကြိုစားးသယ်ယူခဲ့ရသည်။
ဝေယံအောင်နှင့် သူမ၏ သူငယ်ချင်းများသည် သူမ နေထိုင်ရာ ရွာကလေးသို့
ကြမ်းတမ်းသော တောင်ပေါ်လမ်းကို အန်တုကာ အရောက်လာခဲ့ကြသည်ကို မြင်ရသောအခါ
သူမကိုယ်တိုင် အံ့သြဝမ်းသာမိလေသည်။
သူမက သူငယ်ချင်ျးမား
ရောက်ရှိခိုက်မှာ စာကြည့်တိုက်ဖွင့်ပွဲကလေးလုပ်ဖို့
တက်သုတ်ရိုက်စီစဉ်လိုက်သည်။ အိမ်ခြေရှစ်ဆယ်သာသာရှိသော ရွာကလေးမှာ
တစ်ရွာလုံး မီးခိုးတိတ်ကျွေးမွေးမည်ဖြစ်သည်။ အစားအသောက်က နွားနောက်သားနှင့်
ရိုးရာခေါင်ရည်။ သူမ၏ အထူးဧည့်သည်တော်များကို ထာဒိုရိုးရာယဉ်ကျေးမှုအကဖြင့်
ကပြဖျော်ဖြေမည်။ ဒီအခမ်းအနားကလေးဖြစ်မြောက်ဖို့ တစ်ရွာလုံး မနေ့ညနေကတည်းက
တက်ညီလက်ညီ ပြင်ဆင်ခဲ့သည်။ ချွေးတလုံးလုံးနှင့် မောသည်ပန်းသည်ဟူ၍
မညည်းညူခဲ့ကြ။ မျှော်လင့်တကြီးပြင်ဆင်ထားခဲ့ရသော အခမ်းအနားတစ်ခုမှာ
တစ်စုံတစ်ယောက်သောသူကိုတော့ အနီးအနား တစ်ဖဝါးမှမခွာ ရှိစေလိုလှသည်။
ထန်သင့်လာ(လ်)။ ဟုတ်သည်။ သူမ၏ အနီးဆုံးနေရာတွင် ရှိနေစေလိုသူက
သူမှတစ်ပါး အခြားမရှိနိုင်ပါ။ တောင်ဇလပ်ပန်းနီနီတစ်ပွင့်ကို ဆံစမှာ
ဆံညှပ်တစ်ခုဖြင့် ပန်ဆင်ရင်း သူမ၏ အတွေးစိတ်ကူးများသည် မနေ့ကညနေခင်းဆီ
ရုတ်ခြည်းရောက်ရှိသွားလေသည်။
(ခ)
မနေ့ညနေက တောပစ်ထွက်သွားသော ထန်သင့်လာ(လ်)ပြန်အလာကို
ရွာအဝင်စာသင်ကျောင်းကလေးမှ သူမ စောင့်နေခဲ့သည်။
မှောင်ရီပျိုးပျမိုးချုပ်စအချိန်မှပင် သူမ မျှော်လင့်နေသောသူက
ရောက်ရှိလာခဲ့သည်။
"လယ်လယ် ကျောင်းထဲကို ခဏလိုက်ခဲ့ဦး"
"ဘာကိစ္စရှိလို့လဲ"
မြို့က ဧည့်သည်များ သူမအိမ်မှာ တည်းခိုနေကတည်းက
ရှောင်ဖယ်ဖယ်လုပ်နေသော ထန်သင့်လာ(လ်)က စူပုပ်ပုပ်မျက်နှာထားဖြင့်
စိတ်မရှည်သလို ပြောသည်။ ချောမောသောမျက်နှာကလေးမှာ စူပုပ်ပုပ်ဖြစ်နေသဖြင့်
ကလေးဆိုးကြီးနှင့် တူလှသည်။
"ကိစ္စရှိလို့ပါဆို၊လာမှာသာ လာစမ်းပါ။ စကားကို ရှည်တယ်"
"နင်အ့ကောင်ရော ကျောင်းထဲမှာ ရှိလား"
"ငါ့အကောင်မဟုတ်ဘူးလို့်  ငါ ဘယ်နှစ်ခါပြောရမလဲ"
သူမတို့နှစ်ဦး စာသင်ကျောင်းရှေ့က ခုံတန်းကလေးပေါ်မှာ ထိုင်လျက် စကားပြောခဲ့ကြသည်။
"ငါ နင့်ကို ပေးစရာတစ်ခုရှိလို့။ မပေးခင် စကားနည်းနည်းပြောချင်လို့"
သူမက နားထင်စပ်ဆီမှ ချွေးစေးများ စီးကျနေသော
ထန်သင့်လာ(လ်)မျက်နှာကို အကဲခတ်သလို ကြည့်သည်။ ထန်သင့်လာ(လ်)က
စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့တူရူမှ မြေကြီးပြင်ကိုကြည့်ကာ သူမစကားကို
နားစွင့်နေလေသည်။
"ဒီလိုလေဟာ။ မနက်ဖြန်ကျရင် ငါတို့ရွာရဲ့
စာကြည့်တိုက်ဖွင့်ပွဲလုပ်မှာ။ တစ်ရွာလုံးလည်း အားခဲထားကြတဲ့ပွဲလေ။ အဲ့ဒါ
ဖွင့်ပွဲလုပ်တဲ့အချိန်မှာ ငါ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ နင့်ကိုလည်း
ရှိနေစေချင်တာ။ နင့်ကို ငါ ဖိတ်မလို့ တကူးတက စောင့်နေတာ"
"ငါ သိပြီးပါပြီ။ ငါက ပြုံးပျော်နေမယ့် နင်တို့စုံတွဲရှေ့ကို အရှက်မရှိ လာရဦးမှာလား"
တိုးလျတိမ်ဝင်သွားသော စကားသံတို့ကို နားထောင်ရင်း သူမ
စိတ်မကောင်းဖြစ်ရသည်။ ဖြစ်နိုင်လျှင် သူမရှေ့မှ တောသားအရိုင်းကလေးကို
တစ်စစီဖြစ်သွားအောင် ထုရိုက်ကုတ်ဖဲ့ချင်မိသည်။ သို့သော်......။
"လယ်လယ်ကလည်းဟာ ငါ ကလေးဆန်တာ မကြိုက်ပါဘူး။ နင်က လူကြီးဖြစ်ပြီလေ။
တစ်မိသားစုလုံးကို ကောင်းကောင်းစောင့်ရှောက်နေတဲ့
လူကြီးတစ်ယောက်ဖြစ်နေပြီပဲဟာ။ လူကြီးဆန်ဆန်တွေးမှပေါ့။ လူကြီးဆိုတာ
စိတ်မကောက်ရဘူးလေ။ ပြီးတော့ မနက်ဖြန်မှာ ငါ့ဘေးနား နင်ရှိနေဖို့
အရေးကြီးတယ်။ နင် မလာခဲ့ရင် ငါ တစ်သက်လုံး စိတ်မကောင်းဖြစ်နေမှာ သိလား။
ပြီးတော့လေ နင့်အတွက် ငါ လက်ဆောင်တစ်ခုလုပ်ထားတယ်။ နင် အိမ်ရောက်မှ
ဖွင့်ကြည့်နော်၊ ရော့ ယူထားလိုက်"
သူမ ကမ်းပေးသော
ပါဆယ်ထုပ်လှလှကလေးကို ယူပြီး တရွေ့ ရွေ့ ထွက်ခွာသွားသော ထန်သင့်လာ(လ်)၏
ကျောပြင်ကို ငေးကြည့်ရင်း သူမ စိတ်မောရလေသည်။
(ဂ)
"ကျွန်တော်တို့ ဟိန်ဇံရွာကလေးရဲ့
ပညာ့အလင်းစာကြည့်တိုက်ဖွင့်ပွဲကို မကြာမီအချိန်မှာ
ပြုလုပ်ကျင်းပတော့မှာဖြစ်လို့ ကြွရောက်လာသူအားလုံး ခန်းမဆောင်အတွင်းသို့
ကြွရောက်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား"
လော်စပီကာမှ ထွက်ပေါ်လာသော ဖိတ်ကြားသံက တောင်ပေါ်ရွာကလေးထဲ လွင့်ဝဲသွားသည်။
လေအဝေ့မှာ ဖြူလွသော တိမ်စိုင်များက ရွာလယ်လမ်းမပေါ် တရွေ့ ရွေ့ 
ဖြတ်သန်းသွားကြသည်။ ရွာထဲမှ ကလေးနှင့် ခွေးများပါမကျန် ပျော်ရွှင်စွာ
ဝိုင်းဖွဲ့စားသောက်ကြပြီး ဖြစ်သည်။ သူမ၏ သူငယ်ချင်းများကိုလည်း ချင်းထုံးစံ
ခေါင်ရည်တစ်အိုးဖြင့် တည်ခင်းဧည့်ခံပြီး ဖြစ်သည်။
မကြာမီ
စာသင်ကျောင်းရှေ့ကွင်းပြင်မှာ စာကြည့်တိုက်ဖွင့်ပွဲကို ဖဲကြိုးဖြတ်၍
ဖွင့်လှစ်မည်ဖြစ်သည်။ ပြီးလျှင် ရိုးရာအက၊ ရိုးရာသီချင်းတို့ဖြင့်
ဧည့်ခံမည်။ အခမ်းအနား စတင်ရန် မိနစ်ပိုင်းမျှသာ လိုတော့သည်။ အခမ်းအနား
အစီအစဉ်တကျမဖြစ်မှာ စိုးရိမ်ရတာ တစ်ဖက်၊ စောင့်မျှော်နေသူ ရောက်မလာသေးတာ
တစ်ဖက်နှင့် သူမ အမှန်တကယ်ပင် စိတ်မောလူမောဖြစ်နေသည်။
မနေ့ညနေက သူမ ပေးလိုက်သော ပါဆယ်ထုပ်ကို ထန်သင့်လာ(လ်)ဖွင့်မကြည့်မိမှာ သူမ
စိုးရိမ်မိသည်။ ပါဆယ်ထုပ်ကလေးထဲ ရှိနေတာက စာတစ်စောင်နှင့် သူမကိုယ်တိုင်
ရက်လုပ်ထားသော ရိုးရာအင်္ကျီကလေးတစ်ထည်။
ထန်သင့်လာ(လ်) .......
နင် ငယ်ငယ်တုန်းက ငါ့ကို
အဖြေတောင်းထားတာမှတ်မိသေးလား
အဲဒီတုန်းက နင်ပြောတဲ့အတိုင်း
ငါ အဖြေမပေးခဲ့ဘူးလေ
အဲဒါ နင့်ကို မနက်ဖြန်ဖွင့်ပွဲမှာ
အဖြေပေးမယ်
ငါ့လက်နဲ့ ရက်ထားတဲ့
ဒီအင်္ကျီကလေးကိုလည်း ဝတ်ခဲ့ရမယ်
ငါ ဆက်ဆက်စောင့်နေမယ်နော်
နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း
ထဲမ်ထဲမ်း
စာထဲတွင် ပါရှိသော စကားလုံးများကို ပြန်လည်မြင်ယောင်ကြည့်မိသောအခါ
သူမ ရုတ်တရက် ရှက်သွေးဖြာမိကာ သူမ၏ ပါးနှစ်ဖက်သည် ပူနွေးရှိန်းမြသွားလေသည်။
လက်ကောက်ဝတ်မှ တချက်ချက်ရွေ့ လျားနေသော နာရီလက်တံကို
ဘယ်နှကြိမ်မြောက်မှန်းမသိ။ သူမ ကြည့်လိုက်သည်။
ဟော ......
မနက်ခင်းနေသူရိန်၏ နွေးထွေးသည့် လင်းရောင်ခြည်နှင့်အတူ
စာသင်ကျောင်းတံခါးဝမှာ ရောက်ရှိလာသည်က သူမ တစ်မနက်ခင်းလုံး ရင်မောစွာ
စောင့်စားခဲ့ရသူ။ သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားသည်က သူမ မြတ်နိုးစွာ
ပေးအပ်ခဲ့သော ရိုးရာအင်္ကျီကလေး။
သူမ ရင်ခုန်လှိုက်မောစွာ
ဆံနွယ်မှာ ပန်ဆင်ထားသော တောင်ဇလပ်ပန်းနီကလေးကို လက်ဖြင့်
ယောင်ယမ်းစမ်းမိသွားသည်။ သူမ၏ နှုတ်ခမ်းအစုံ ပြုံးယောင်သန်းနေမှာ သေချာသည်။
သူမ မြတ်နိုးစွာ ပန်ဆင်ထားသော တောင်ဇလပ်ပန်းနီကလေး၏ အဓိပ္ပါယ်ကိုတော့
ချစ်သူကောင်လေး မှန်ကန်စွာ ဖွင့်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်မိလေသည်။
ရဲရင့်လုံ(ဆေး-မန်း)
အမှတ်၃၁၃၊ ဒီဇင်ဘာ ၂၀၁၅
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း