Thursday, September 20, 2018
နံနက်ခင်း​​တံခါးခေါက်သံ
နံနက်ခင်း​​တံခါးခေါက်သံ
===============
၁။
တံခါးခေါက်သံတိုးတိုးလေးကြားရသည်​။တခါးခေါက်သံဟာအိပ်မက်လား၊တကယ်လားဝေခွဲမရဖြစ်နေခဲ့သည်​။တံခါးခေါက်သံကိုသေသေချာချာထပ်​ပြီးနား​ထောင်​ကြည့်​မိသည်​။အသံကတကယ့်​တိုးတိုးလေးဖြစ်​သည်​။ဒါပေမဲ့တံခါးခေါက်သံဟာအိပ်မက်လား၊တကယ်လားကျွန်​တော်​​ဝေခွဲမရဖြစ်နေခဲ့သည်​။
၂။
`ဒေါက်၊ဒေါက်၊ဒေါက်´
တံခါးခေါက်သံကြောင့်အိပ်ပျော်နေသောမျက်လုံးများနိုးကြားလာခဲ့ရသည်။အိပ်ရာမှခန္ဓာကိုယ်ကိုလူးလဲထလိုက်ပြီးတံခါးရှိရာသို့အိပ်ချင်မူးတူးဖြင့်တံခါးကိုဆွဲဖွင့်လိုက်သည်။အပြင်မှာသက်ရှိဟူ၍အသက်ရှူသံတစ်သံမှမကြားရပါ။အိပ်ချင်မူးတူးဖြင့်တံခါးကိုပြန်ပိတ်လိုက်သည်။တံခါးကိုမှီပြီးတံခါးခေါက်သံကိုပြန်စဉ်းစားကြည့်မိသည်။တံခါးခေါက်သံကတကယ့်တိုးတိုးလေးဖြစ်​သည်​။
အိပ်ရာမဝင်ခင်မနေ့ညကသောက်ခဲ့သောနွားနို့ခွက်တွင်ပုရွက်ဆိတ်များအုံခဲနေကြသည်။နာရီကိုကြည့်လိုက်တော့နံနက်၅နာရီကိုညွှန်​ပြ​နေသည်​။တံခါးခေါက်သံရဲ့အတိမ်အနက်ကိုခန့်မှန်းကြည်ဖို့နံနက်၅နာရီသည်ယုတ္တိမတန်လှ။နံနက်၅နာရီမှာခေါက်သောတံခါးခေါက်သံသည်အဓိပ္ပါယ်မရှိလှ။နံနက်၅နာရီတွင်ကျွန်တော့်အခန်းတံခါးကိုမည်သူခေါက်သလဲ။တံခါးခေါက်သံဟာညင်သာလွန်းလှသည်။
သတင်းစာပို့သောလူသည်နံနက်၇နာရီမှကျွန်တော့်အခန်းတံခါးကိုခေါက်ပါလိမ့်မည်။နွားနို့လာပို့သောကောင်ကလေးသည်နံနက်၈နာရီမှကျွန်တော့်အခန်းတံခါးကိုလာခေါက်ပါလိမ့်မည်။
ကျွန်​​တော့်​အခန်းကိုသန့်​ရှင်း​ရေးလုပ်​ရန်​သန့်​ရှင်း​ရေးဝန်​ထမ်းအမျိုးသမီးကြီးသည်​ကျွန်တော့်အခန်းတံခါးကိုနံနက်၉နာရီမှလာခေါက်ပါလိမ့်မည်။နံနက်၅နာရီမှာခေါက်သောတံခါးခေါက်သံမှာထိုသုံးယောက်စလုံးဆီမှမဖြစ်နိုင်ပါ။နံနက်၅နာရီတွင်ခေါက်သောတံခါးခေါက်သံသည်တံခါးခေါက်သံအသစ်ဖြစ်သည်။ညင်သာလွန်းလှသည်။ပြီးတော့တကယ့်တိုးတိုးလေးဖြစ်​သည်​။နံနက်၅နာရီတံခါးခေါက်သံရဲ့ပိုင်ရှင်ဟာဘယ်သူလဲ...။
တံခါးခေါက်သံသည်စိတ်ထဲတွင်စိုးမိုးနေသည်။တံခါးခေါက်သံကြားပြီးသည့်​နောက်အိပ်၍မရတော့။စာကြည့်စားပွဲပေါ်မှညကဖတ်လက်စစာအုပ်ကိုကောက်ကိုင်လိုက်သည်။ညကဖတ်လက်စစာမျက်နှာကိုလှန်လိုက်သည်။စာမျက်နှာပေါ်တွင်လတ်တလောငိုကြွေးထားသောမျက်ရည်စက်များစိုစွတ်​လျက်​ရှိ​နေဆဲဖြစ်​သည်​။
၃။
`ဒေါက်၊ဒေါက်၊ဒေါက်´
တံခါးခေါက်သံဟာတိတ်ဆိတ်နေသော၊အ​မှောင်​မပြယ်​လွင့်​သေး​သောနံနက်​ခင်းကိုလှုပ်နှိုးလိုက်သည်။အလင်း​ရောင်​​ရောက်​ရှိမလာ​သေးသည့်​နံနက်​ခင်းကိုဖြိုခွဲလိုက်သည့်တံခါးခေါက်သံမှာညင်သာလွန်းလှသည်။တံခါးခေါက်သံနှင့်အတူဟိုးအဝေးဆီကအသံလေးကတွဲပြီးအတူတကွရောက်ရှိလာသည်။
`တံခါးခေါက်သံကိုစောင့်နေနော်´ချစ်သူ၏စကားသံသည်ကျွန်တော့်အခန်းတံခါးတွင်စွဲထင်နေသည်။ချစ်သူသည်နံနက်၅နာရီထိုးတိုင်းကျွန်တော့်အခန်းတံခါးကိုလာခေါက်လေ့ရှိသည်။ကျွန်တော်၏ချစ်သူမှာကျွန်တော့်အခန်းနှင့်အခန်းချင်းကပ်လျက်အခန်းဖော်ဖြစ်သည်။
`တံခါးခေါက်သံကိုစောင့်နေနော်´ချစ်သူ၏စကားသံသည်အိပ်မက်ထဲထိပျော်ဝင်နေခဲ့ဖူးသည်။နံနက်၅နာရီတွင်ခေါက်မည့်တံခါးခေါက်သံအတွက်အိပ်မက်ထဲထိရင်ခုန်ခဲ့ဖူးသည်။နံနက်၅နာရီထိုးတိုင်းအခန်းတံခါးတွင်ကပ်လျက်အသင့်ရှိနေသောနှင်းဆီပွင့်ကလေးသည်အိပ်မက်ထဲထိမွှေးပျံခဲ့ဖူးသည်။အိပ်မက်များသည်ကျွန်တော်၏အခန်းဖော်လည်းဖြစ်ပါသည်။
၎။
`ဒေါက်၊ဒေါက်၊ဒေါက်´
ကျွန်တော်စောင့်မျှော်နေသောတံခါးခေါက်သံလေးရောက်ရှိလာခဲ့သည်။အခန်းတံခါးကိုဆွဲဖွင့်လိုက်မိသည်။အခန်းတံခါးတွင်ကျွန်တော့်ချစ်သူကပ်ပေးထားခဲ့သောနှင်းဆီပွင့်ကလေးသည်ကျွန်တော့်ကိုနှုတ်ဆက်နေသည်။အမွှေးပျံ့ဆုံးသောရနံ့များဖြင့်နံနက်ခင်းတိုင်းလှပနေခဲ့ဖူးပါသည်။
စာကြည့်စားပွဲပေါ်မှသတင်းစာများသည်ပြတင်းပေါက်မှလေတိုးတိုင်းတဖျပ်ဖျပ်မြည်နေကြသည်။သတင်းစာများသည်နံနက်ခင်းတိုင်းကိုစိတ်ဓာတ်တက်ကြွစွာဖြင့်ကြိုဆိုခဲ့ကြဖူးသည်။စာကြည့်စားပွဲပေါ်ရှိသတင်းစာများပေါ်ကပုံနှိပ်စာလုံးများသည်ကျွန်တော့်မျက်လုံးထဲတွင်ဖြတ်သန်းခဲ့ကြဖူးသည်။စာကြည့်စားပွဲအံဆွဲထဲတွင်မှတ်မှတ်ရရသိမ်းဆည်းထားခဲ့သောသတင်းစာတစ်စောင်၏သတင်းဖြတ်ပိုင်းလေးရှိခဲ့ဖူးပါသည်။
ကျွန်တော့်အခန်းသို့နံနက်ခင်းတိုင်းနွားနို့ပို့နေကျကောင်ကလေး၏အမည်မှာဆန်းတို့စ်ဖြစ်သည်။နွားနို့ပို့နေကျကောင်ကလေးသည်​နွားနို့လာပို့တိုင်းကျွန်တော့်ထံရေတစ်ခွက်တောင်းသောက်လေ့ရှိသည်။ကျွန်တော့်အခန်းထဲကရေအိုးစင်မှရေတစ်ခွက်သည်နွားနို့ပို့သောကောင်ကလေး၏တဒင်္ဂအမောကိုပြေပျောက်သွားစေနိုင်ခဲ့​သည်။ကျွန်တော့်အခန်းထဲကရေအိုးစင်တွင်နွားနို့ပို့သောကောင်ကလေးသောက်နေကျသောက်ရေခွက်တစ်ခွက်ရှိခဲ့ဖူးပါသည်။
တစ်ကိုယ်ရေတစ်ကာယကျွန်တော့်အခန်းသို့သန့်​ရှင်း​ရေးဝန်​ထမ်းအမျိုးသမီးကြီးသည်​နံနက်​ခင်းတိုင်း​အချိန်​မှန်​သန့်​ရှင်း​ရေးလာလုပ်​​ပေး​လေ့ရှိသည်။သန့်​ရှင်း​ရေးဝန်​ထမ်းအမျိုးသမီးကြီးမှာစကားအလွန်နည်းသောအမျိုးသမီးတစ်ယောက်ဖြစ်သည်။လျှော်မည့်အဝတ်အစားများမေးရုံမှအပအပိုစကားများပြောလေ့မရှိပါ။သို့ရာတွင်ကျွန်တော့်အခန်းသို့ရောက်တိုင်းကျွန်တော့်အခန်း၏နံရံတွင်ချိတ်ထားသောနာရီကြီးကိုမကြည့်သည့်နေ့ဟူ၍မရှိပါ။နာရီကိုကြည့်ပြီးတိုင်းရေကြီးသုတ်ပြာဖြင့်ပြန်ထွက်သွားတတ်​သည်။ကျွန်တော့်အခန်းနံရံတွင်သန့်​ရှင်း​ရေးဝန်​ထမ်းအမျိုးသမီးကြီးမကြည့်ဘဲမနေနိုင်ခဲ့သောနာရီကြီးတစ်လုံးရှိခဲ့ဖူးပါသည်။
၅။
`​ဒေါက်​၊​ဒေါက်​၊​ဒေါက်​´
တံခါးခေါက်သံတိုးတိုးလေးကြားရသည်​။တခါးခေါက်သံဟာအိပ်မက်လား၊တကယ်လားဝေခွဲမရဖြစ်နေခဲ့သည်​။တံခါးခေါက်သံကိုသေသေချာချာထပ်​ပြီးနား​ထောင်​ကြည့်​မိသည်​။အသံကတကယ့်​တိုးတိုးလေးဖြစ်​သည်​။ဒါပေမဲ့တံခါးခေါက်သံဟာအိပ်မက်လား၊တကယ်လားကျွန်​တော်​​ဝေခွဲမရဖြစ်နေခဲ့သည်​။
အခန်းတံခါးတစ်ခုရှေ့တွင်လူများဝိုင်းအုံကြည့်နေကြသည်။အခန်းတံခါးတစ်ခုရှေ့တွင်နှင်ဆီပန်းပွင့်ကလေးကိုင်ထားသောကောင်မလေးတစ်ယောက်လဲကျနေသည်။အခန်းထဲတွင်သတင်းစာများပြန့်ကျဲနေသည်။စာကြည့်စားပွဲပေါ်ရှိနွားနို့များထည့်ထားသည့်သောက်ရေခွက်တစ်ခွက်တွင်ပုရွက်ဆိတ်များအုံခဲနေကြသည်။စာကြည့်စားပွဲအံဆွဲထဲမှသွေးစက်များတစိမ့်စိမ့်ယိုကျ​နေသည်​။အင်္ကျီတစ်ထည်ဖြင့်ဖုံးအုပ်ထားသောအခန်းနံရံမှနာရီကြီးသည်လည်းတစ်ချက်ချက်မြည်လျက်ရှိသည်​။
အောင်ကိုကိုလတ်(တမူး)
IDEA Magazine,October 2018
Saturday, September 15, 2018
လူအဖြစ်မှလျှောကျခြင်း
#လူအဖြစ်မှလျှောကျခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
       ကျွန်တော် တမူးမြို့သို့ စတင်ရောက်ရှိခဲ့စဉ်က တမူးသားတွေအပေါ် အသားယူပြီး ပြောခဲ့ဖူးသည်။ ငါတို့မြို့မှာ ဆေးသမားမရှိဘူးဟု။ ထိုသို့ပြောခဲ့ချိန်က ၂၀၀၆ခုနှစ်ဖြစ်ပါသည်။ တကယ်ပင် ကျွန်တော့်ဇာတိ မတ္တရာမြို့မှာ ဆေးသမားမရှိခဲ့ပါ။ ဆေးသမားကို မြင်ပင်မမြင်ဖူးခဲ့ပါ။ ခပ်ပိန်ပိန် ဆံပင်စုတ်ဖွားရှိသောလူများကို "မင်းကလည်း ဘိန်းစားကျနေတာပဲ"ဟု ပြောသံဆိုသံကြားဖူးခဲ့သော်လည်း ဘိန်းစားကို မျက်မြင်ကိုယ်တွေ့မမြင်ဖူးခဲ့ပါ။
      အခုတော့ "ငါတို့မြို့မှာ ဆေးသမားမရှိဘူး"ဟု အာမမခံရဲတော့ပေ။ ကျွန်တော့်ဇာတိ မတ္တရာမြို့တွင်လည်း ဆေးသမားများ ရောက်ရှိပေါက်ဖွားကုန်ကြပါပြီ။ မတ္တရာမှ မဟုတ်တော့ပါ၊ တစ်နိုင်ငံလုံးက မြို့တိုင်းလိုလိုတွင် ဆေးသမားများ အမြစ်တွယ်မျိုးပွားနေကြပါပြီ။ ဆေးသမားမရှိသောမြို့သည်ပင် ခေတ်မမီတော့သလိုလို ဆေးသမားဖက်ရှင်လူတန်းစားကြီးတစ်ရပ် ထွန်းကားနေတော့၏။
       မူးယစ်ဆေးဝါး ဖမ်းဆီးရမိသောသတင်းများသည် ရိုးပင်နေပါပြီ။ သတင်းစာတွင် တစ်ရက်မပြတ်ပါရှိ၏။ နယ်စွန်နယ်ဖျားမှသည် ရန်ကုန်လေဆိပ်ကဲ့သို့ နေရာမျိုးအထိ ဒေသစုံလှ၏။ ဖမ်းဆီးရမိသော သတင်းများသည် လျော့ကျသွားသည်မရှိ။ တိုးတိုးပြီးတွေ့နေရ၏။ မူးယစ်ဆေးဝါးများသည် ဘိုးဘိုးအောင်၏ ဝလုံးများကဲ့သို့ မရေတွက်နိုင်အောင် တိုးပွားလျက်ရှိ၏။ ခုတ်၍မပြတ် သတ်၍မသေသည်မှာ မူးယစ်ဆေးဝါးများဖြစ်နေပါသည်။
        တွေးကြည့်လျှင် ကြောက်စရာကောင်းလှပါသည်။ ဝမ်းနည်းစရာလည်း ကောင်း၏။ မူးယစ်သားကောင်များသည် သွေးစုပ်ဖုတ်ကောင်ဇာတ်ကားများထဲက ဇွန်ဘီတွေလို ရုန်းကြွနေကြသည်။ ကိုယ့်အနီးအနားက လူတစ်ယောက်သည် ကိုယ်သတိမထားမိလိုက်ခင် မူးယစ်သားကောင်တစ်ယောက် ဖြစ်သွားနိုင်ပါသည်။ နောက်ထပ်တွေးထားသင့်သည်မှာ ကိုယ်ကိုယ်တိုင်လည်း မူးယစ်သားကောင်တစ်ယောက် ဖြစ်သွားနိုင်ခြင်းပင်။
      ပတ်ဝန်းကျင်တွင် သွေးညှီနံ့များရနေ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
      မူးယစ်​​ဆေးဝါး သုံးစွဲမှုသည် လူငယ်တွေ ဘီယာဝိုင်းဖွဲ့သောက်သကဲ့သို့၊ ထန်းရေဝိုင်းဖွဲ့သောက်သကဲ့သို့ ယဉ်ပါးလာနေ၏။ တစ်ယောက်နှင့်တစ်ယောက် ဆုံမိကြလျှင် မူးယစ်ဆေးဝါးကို ဘယ်လိုသုံးစွဲဖူးကြောင်း ခပ်ပေါ့ပေါ့ပင်ပြောဆိုနေကြပါသည်။ မူးယစ်ယဉ်ပါးမှုသည် အထွတ်အထိပ်ရောက်နေ၏။
      ယဉ်ပါးနေသည်မှာ ပေါများလွန်း၍ဖြစ်ပါသည်။ ယခင်က ရွှေမှော်၊ ကျောက်မှော်၊ ရေနံမှော် စသည့် တရားဥပဒေစိုးမိုးမှုအားနည်းသည့် နေရာများတွင်သာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ မောင်မင်းကြီးသားမူးယစ်ဆေးဝါးများသည် မြို့တိုင်း နယ်တိုင်း အခန့်သားရောက်နေကြပါပြီ။ တွေးကြည့်လျှင် မြို့တိုင်း နယ်တိုင်း တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်သဘောပင်။
       မူးယစ်​​ဆေးဝါးများသည် တန်ခိုးရှိပုံလည်းရပါသည်။ မြေလျှိး၍ မိုးပျံနိုင်သည်သာမက ကိုယ်ပျောက်အတတ်လည်း တတ်ပုံရပါသည်။ မူးယစ်​​ဆေးဝါး ရောင်းချနေသောအိမ်ကို သာမန်အရပ်သူအရပ်သားများက သိမြင်နေသော်လည်း ဖမ်းဆီးရန်တာဝန်ရှိသူများမှာ မမြင်မတွေ့နိုင်ကြပါ။ မူးယစ်ဆေးဝါးများသည် ဤမျှ ဘုန်းတန်ခိုးကြီးပါပေ၏။
      မ​တော်​တဆ ဖမ်းဆီးခံရသည့် မူးယစ်ကုန်သည်အချို့သည်လည်း ထောင်ထဲတွင် ဘဝဆုံးသွားသည်ဟု မကြားမိပေ။ ထောင်သက်မစေ့ခင် ပြန်လွတ်လာသည်သာ များပါသည်။ မူးယစ်မှုကြောင့် ထောင်ကျပြီး ပြန်လွတ်လာလျှင်လည်း ထောင်ထွက်တစ်ယောက်ဟု သိမ်ငယ်နေမည်ဟုများ မထင်လိုက်ပါနှင့်။ သူတို့ကိုယ်သူတို့ လူရည်လည်ထက်မြက်သူများဟု ရင်ကော့နေကြပါသည်။
      အဓိကအကြောင်းရင်းမှာ "မကြောက်"ခြင်းပင် ဖြစ်ပါသည်။ ဥပဒေကို မကြောက်ခြင်းနှင့် ငရဲကို မကြောက်ခြင်းဖြစ်ပါသည်။ နောင်သံသရာတွင် ခံစားရမည့်ငရဲကို မကြောက်သည်မှာ နားလည်ပေးနိုင်ပါသေးသည်။ ဥပဒေကို မကြောက်ခြင်းကတော့ ဥပဒေက ကြောက်အောင် ဖြဲခြောက်မထား၍ ဖြစ်ပါသည်။ တာဝန်ရှိသူအချို့အချို့တို့သည် မူးယစ်ကုန်သည်များကို ဥပဒေနှင့်ဖြဲခြောက်ရမည့်အစား ဥပဒေကို မလေးစားအောင် ကိုင်တွယ်ပုံလျော့ရဲလှပါသည်။
      မီးခြစ်ဆံဘူးပမာဏလောက် ဖမ်းမိလျှင် လူကို မိသော်လည်း ကွန်တိန်နာအစီးလိုက်မိလျှင်တော့ ပိုင်ရှင်ကို နတ်ဝှက်သွားကြပါသည်။ ကျွန်တော့်မိတ်ဆွေတစ်ဦး ပြောသကဲ့သို့ ပြောရလျှင် ဆင်" ချောင်"၍ ကြွက်"ကျပ်"နေပါသည်။ ဆင်ကြီးတစ်ကောင် တိုးဝင်သွားလျှင် ချောင်ချောင်ချိချိရှိသော်လည်း ကြွက်ကလေးတစ်ကောင် တိုးဝင်သွားလျှင်တော့ ကျဉ်းကျပ်၍နေပါတော့သည်။ ဆင်" ချောင်"၍ ကြွက်"ကျပ် "နေသမျှ မူးယစ်ဆေးဝါးများသည် အမြစ်ပြတ်လိမ့်မည် မဟုတ်ပါ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
        မူးယစ်ဆေးဝါးဧရိယာအတွင်း နေထိုင်ကြရသူများသည် သတိဝီရိယနှင့် နေကြရပါသည်။ သူများအမှုသည် ကိုယ့်ကို ပတ်သွားနိုင်ပါသည်။ သတိနှင့်မနေထိုင်ပါက ထောင်နန်းစံသွားရပါလိမ့်မည်။
      ကိုယ်နှင့်မဆိုင်ဘဲ၊ ကိုယ် မကျူးလွန်ပါဘဲ ထောင်နန်းစံသွားရသူများ ကြုံတွေ့နေရပါသည်။ ဆိုင်ကယ်လူကြုံ တင်မိ၍ အမှုတွဲခံရသူများ၊ မူးယစ်​​ဆေးဝါးများ ထည့်ထားသည့်ဆိုင်ကယ်ကို ကိုယ့်အား မလိမ့်​တပတ်​စီးခိုင်းသဖြင့် အချောင်ခံကြရသူများ ဖြစ်ကြပါသည်။ အန္တရာယ်သည် လက်တစ်ကမ်းမှာပင် ရှိနေပါ၏။
      မူးယစ်​​ဆေးဝါး သုံးစွဲပြီး စိတ်ကြွရူးသွပ်နေသူများ၏ အန္တရာယ်ပြုမှုကိုလည်း ရင်ဆိုင်နေကြရပါသည်။ ခိုးဖို့ လုဖို ဝန်မလေးသည်သာမက သတ်ဖို့ ဖြတ်ဖို့အထိပါ လက်မနှေးဖြစ်နေကြပါသည်။ လူ့အဖွဲ့အစည်းသည် မူးယစ်ဆေးဝါး၏ ခြိမ်းခြောက်ခြင်းကို ခံနေကြရပါသည်။ တစ်မျိုးသားလုံး၏အနာဂတ်သည် စုံးစုံးမြုပ်တော့မည်။ မူးယစ်အန္တရာယ်ကို အချိန်မီတိုက်ဖျက်သင့်သည်ကို မတိုက်ဖျက်ဘဲ ရူးတူးပေါတောလုပ်နေပါက မကြာမီ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပါလိမ့်မည်။
       မူးယစ်ရန်သူသည် အဖြူ  အမည်း သဲကွဲလှသည်မဟုတ်ပါ။ လူ လူချင်း စစ်တိုက်ကြသကဲ့သို့ သူသည် ငါ့ရန်သူဖြစ်သည်ဟူ၍ လက်ညှိုးထိုးညွှန်ပြမရနိုင်ပါ။ ကိုယ်ကိုယ်တိုင်ပင် ကိုယ့်ရန်သူဖြစ်သွားနိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် လောဘနောက် လိုက်သွားနိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် စွဲလမ်းမှုနောက် လိုက်သွားနိုင်ပါသည်။ ကိုယ်တိုင် ရောင်းချသူ သို့မဟုတ် သုံးစွဲသူ ဖြစ်သွားနိုင်ကြောင်း တွေးထားနိုင်မှသာ မူးယစ်အန္တရာယ်ကို တကယ်သိမြင်ပါလိမ့်မည်။
     တာဝန်ရှိသူများနှင့် တာဝန်မရှိသည့် ပြည်သူများပါ မူးယစ်အန္တရာယ်ကို ကာကွယ်သည်မှာ အများအတွက်သာမက ကိုယ့်အတွက်ပါ ကာကွယ်ရာရောက်ကြောင်း သိထားသင့်ပါ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
      ကျွန်တော်သည် မူးယစ်နွံထဲ ကျွံနေသူများကို နေ့စဉ်မြင်တွေ့နေရပါသည်။ ကျွန်တော်မှ မဟုတ်ပါ၊ ကျွန်တော် နေထိုင်သည့် တမူးမြို့သူမြို့သားအပေါင်းလည်း မြင်တွေ့နေရပါသည်။ လမ်းပေါ်တွင် လေလွင့်လျှောက်သွားနေသော မူးယစ်ဆေးစွဲသူများသည် တမူးမြို့၏ မြင်ကွင်းတစိတ်တပိုင်းပင် ဖြစ်နေပါတော့သည်။ ထာဝရမပျောက်ပျက်တော့မည့်မြင်ကွင်းများ ဖြစ်နေမည်လား မပြောတတ်တော့ပါ။ နှစ်အပိုင်းအခြားအလိုက် မူးယစ်ဆေးစွဲသူများသာ လူပြောင်းသွားသော်လည်း မြင်ကွင်းကတော့ တည်တံ့လျက်ပင်။
       တမူးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်ပါ၏။ နယ်စပ်မြို့ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးကို ထိန်ချုပ်ရန်မှာ ခက်ခဲလှပါသည်။ တဘက်နိုင်ငံ မိုးရေး(Moreh)မြို့တွင် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းချလျက်ရှိပါသည်။ အိန္ဒိယအစိုးရကလည်း မသိကျိုးကျွံပြုထား၏။ သုံးစွဲသူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများကလည်း ဧရာမအခွင့်အရေးကြီးတစ်ခုအလား လွတ်လွတ်လပ်လပ်ပွဲတော်တည်နေလိုက်ကြ၏။
       အသည်းနုသော ကျွန်တော်တို့မြန်မာနိုင်ငံသားများသည် အမေဆူလျှင်လည်း မိုးရေးပြေးသည်။ ချစ်သူက စိတ်ကောက်လျှင်လည်း မိုးရေးပြေးသည်။ မိန်းမနှင့်ရန်ဖြစ်လျှင်လည်း မိုးရေးပြေးသည်။ ပျော်ရွှင်လျှင်လည်း မိုးရေးပြေးသည်။ ဝမ်းနည်းလျှင်လည်း မိုးရေးပြေးသည်။ မိုးရေးရာသီဥတုသည် ကျွန်တော်တို့မြန်မာနိုင်ငံသားများနှင့် အခါရာသီမရွေး လိုက်ဖက်လှပါသည်။
      စိတ်ထွက်ပေါက်တစ်ခုအတွက် ပြေးရင်း၊ စမ်းသပ်လိုမှုတစ်ခုအတွက် ပြေးရင်း မရပ်မနားပြေးနေရပါတော့သည်။ တမူးမြို့၏ အာရှလမ်းပေါ်တွင် နေပူမရှောင်၊ မိုးရွာမငြင်း ယင်းထနေသော ဆေးသမားများသည် ပြေးလွှားနေကြသည်။ အချို့က ဦးထုပ်ကို ငိုက်နေအောင်ဆောင်းလျက်၊ အချို့က တေးသီချင်းများ ညည်းဆိုလျက်၊ အချို့က အော်ရယ်လျက်၊ အချို့က ဘူးခွံပုလင်းခွံအိတ်ကြီးကို ထမ်းလျက်၊ အချို့က စက္ကူချပ်​ဖာ​များကို မနိုင်မနင်းသယ်ပိုးလျက် မူးယစ်​​ဆေးဝါး၏ ကြိုးဆွဲရာနောက် ဒရွတ်ဆွဲလိုက်နေကြပါသည်။
       နန်းဖာလုံနယ်စပ်ဈေးထဲတွင်လည်း မူးယစ်ဆေးစွဲသူများ ကျက်စားလျက်ရှိ၏။ အစက လူကောင်းသူကောင်း ဖြစ်ခဲ့သူများသည် မူးယစ်ဆေးစွဲပြီးနောက် ပြောင်းလဲကုန်ကြ၏။ အနေအထိုင် သန့်ပြန့်ဝင်းမွတ်ခဲ့သူများလည်း ညစ်ပေမှောင်မိုက်ကုန်ကြသည်။ အိမ်သာဘေးတွင် စွန့်ပစ်ထားသောသစ်သီးပုပ်ကို မရွံမရှာစားသုံးနေပါသည်။ တဘက်နိုင်ငံက ဈေးဝယ်လာသူကသည်းတွေဆီကနေ မရှက်မကြောက်တောင်းရမ်းနေပါသည်။ လူကောင်းသူကောင်းဘဝကနေ သူခိုးဂျပိုးဘဝ၊ သူတောင်းစားဘဝသို့ ပြောင်းလဲသွားကြရပါ၏။
       အချို့သည် ကျွန်တော်တို့်နှင့် ပြောဆိုဆက်ဆံပေါင်းသင်းခဲ့ကြဖူးသူများ ဖြစ်၏။ ဘယ်အချိန်ကစပြီး မူးယစ်ဆေး စွဲသွားသလဲဆိုသည်ကိုတော့ မသိလိုက်တော့ပါ။ မူးယစ်ဆေးစွဲသွားပြီးနောက် အခြားသောလူတယောက် ဖြစ်သွားပါတော့သည်။ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့၍မရနိုင်တော့ပါ။ လူ့အဖွဲ့အစည်း၏ အပြင်ဘက်သို့ ပဲ့ထွက်ကုန်ကြသည်။ သူတို့၏အာရုံသည် မူးယစ်ဆေးသုံးစွဲဖို့လောက်သာ သိတော့၏။ အရှက်အကြောက် မာန်မာနများ အငွေ့ပျံပျောက်ကွယ်သွားပါတော့သည်။
      မူးယစ်ဆေးစွဲခြင်းသည် စာရိတ္တပျက်စီးခြင်း မဟုတ်ပါ။ သို့သော်လည်း စာရိတ္တပျက်စီးဖို့ လမ်းစဖြစ်ပါသည်။ အချို့လည်း တကယ်ပျက်စီးကုန်ပါပြီ။ လူ့အသိုင်းအဝိုင်းကလည်း မယုံကြည်ချင်ကြတော့ပါ။ ကိုယ့်အိမ်နား၊ ကိုယ့်ဆိုင်နား ဆေးသမားတယောက်ကပ်လာလျှင် အလစ်သုတ်မလား၊ လုယက်မလား စိုးရိမ်စိတ်နှင့် စောင့်ကြည့်ကုန်ပါတော့သည်။ ဆေးကျွံနေသူတယောက်ကို ဘယ်သူကမှ အလုပ်မခန့်တော့ပါ။   
       မူးယစ်ဆေးစွဲသော်လည်း မိမိစာရိတ္တကို အခိုင်အမာထိန်းသိမ်းထားသူများလည်း ရှိပါ၏။ သူတပါးပစ္စည်းကို မခိုးမဝှက်ဘဲ ချပ်ဖာကောက်၍ ဘူးခွံပုလင်းခွံကောက်၍ အညစ်အကြေးများကို သန့်ရှင်းရေးလုပ်၍ ရပ်တည်နေကြသူများလည်း ရှိပါသည်။ သို့သော်လည်း ဘယ်သူကမှ တွဲသွားတွဲလာဖက်လှဲတကင်းမလုပ်ကြတော့ပါ။
       ကျွန်တော် ရင်အနာရဆုံး၊ စိတ်အထိခိုက်ရဆုံးမြင်ကွင်းမှာ ကျောင်းဆင်းချိန်တွင် မိမိ၏သားနှင့်သမီးကို ဖခင်ဆေးသမားတယောက်က ကျောင်းပေါက်ဝ၌ လာရောက်ကြိုဆိုနေသောမြင်ကွင်းဖြစ်ပါသည်။ မအပ်စပ်လှသော၊ ယှဉ်တွဲ၍မမြင်သင့်သော မြင်ကွင်းဖြစ်ပါသည်။
      ထိုသူကိုယ်တိုင်လည်း သားနှင့်သမီးအတွက် စိတ်ကောင်းလိမ့် မည်မဟုတ်ပါ။ မူးယစ်ဆေးဝါး၏ ပြုစားခံရပြီးနောက် မိမိကိုယ်ကိုယ် မတော်လှန်နိုင်သောဘဝသို့ ရောက်ခဲ့ရခြင်းဖြစ်ပါလိမ့်မည်။ အိမ်တအိမ်တွင် မူးယစ်ဆေးစွဲသူတယောက် ဝင်ရောက်လာပါက မိသားစုဘဝ ပျော်ရွှင်ကြည်နူးမှုအလုံးစုံသည် ပျက်သုဉ်းသွားရပါတော့သည်။
        မူးယစ်ဆေးဝါး စွဲသွားလျှင် လူညွန့်တုံးပြီဟု တထစ်ချမပြောလိုသော်လည်း လူသားဖြစ်မှုစံတန်ဖိုးများ လျော့ကျသွားသည်ကတော့ သေချာလှပါသည်။
ရင်ရိုး
စောင့်ကြည့် ဂျာနယ်၊
အတွဲ ၁၃၊ အမှတ် ၂၅၊
15-9-2018
စနေ၊
Tuesday, September 4, 2018
မျက်စိတစ်ဆုံး
(၁)
       သွေးပေါင်ချိန်တိုင်းကိရိယာမှ ဘောလုံးကို ညာလက်ဖြင့် ဖျစ်ညှစ်လိုက်သောအခါ ပြဒါးရည်များ တရိပ်ရိပ်တက်လာကြသည်။ လိုအပ်သည့်အမှတ်အသားရောက်သောအခါ တဖြည်းဖြည်းချင်း ပြန်လျှော့လိုက်သည်။ လူနာ၏လက်မောင်းပေါ်တွင် ဖိကပ်ထားသော နားကြပ်ဆီမှ ထွက်ပေါ်လာမည့် သွေးခုန်နှုန်းကို ဂရုတစိုက် နားထောင်လိုက်သည်။ ဟော....။ သေးသွယ်ရှည်လျားသော နားကြပ်ပြွန်ထဲ တိုးဝင်လာသည့် သွေးခုန်နှုန်းအသံကို ပီသကျယ်လောင်စွာ ကြားလိုက်ရတော့ သူ့နှုတ်ခမ်းများ ညွတ်ကွေးရုံ ပြုံးမိသည်။ လက်မောင်းတွင် ပတ်ထားသော သွေးပေါင်ချိန်တိုင်းကိရိယာကို အသာအယာပြန်ဖြုတ်ပေးရင်း လူနာအဖွားကြီးကို ပြောလိုက်သည်။
        "နူးကျိန်ရေ။ နူးကျိန်မှာ သွေးတိုးရှိနေပြီ"
(၂)
         ဒီဒေသကို ရောက်စမှာတော့ သူ့အတွက် ခက်ခဲလှသည်ဟု ဆိုရမည်။ အဓိကအခက်အခဲက ဘာသာစကား ဖြစ်သည်။ ဒေသခံနေထိုင်သူများက ချင်းတိုင်းရင်းသားတွေမို့ သူတို့ပြောသော ဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည်နိုင်ဖြစ်ရသည်။
        သူက ဂျီပီဆရာဝန်တစ်ဦး ဖြစ်သည်။ ဝန်ထမ်းအလုပ်မဝင်မီ ရသည့်အချိန်ကလေးမှာ ဂျီပီထိုင်ရန် စိတ်ကူးရပြီး ဒီရွာကလေးမှာ ဆေးခန်းဖွင့်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ မြို့ပြနှင့် အနည်းငယ်အလှမ်းကွာသော ကျေးလက်ဒေသမှာ ဆေးခန်းကလေးဖွင့်ပြီး အေးအေးလူလူ စာဖတ်လိုတာလည်း ပါသည်။ ဆေးခန်းမှ ရရှိသော ကိုယ်ပိုင်အတွေ့အကြုံနှင့် ရောယှက်ပေါင်းစပ်လေ့လာပြီး သင်ရိုးညွှန်းတမ်းစာအုပ်များကို ဖတ်ရှုလေ့လာဖို့ သူ စိတ်ကူးရသည်။ သို့မှသာ ဝန်ထမ်းဘဝနှင့် လုပ်သက်ရချိန်တွင် မိမိစိတ်ဝင်စားသော ဘာသာရပ်အလိုက် ဘွဲ့လွန်သင်တန်းများကို ဖြေဆိုအောင်မြင်နိုင်ပေလိမ့်မည်။
       "ဆရာ့နာရီ သေနေတာ ကြာပြီလား"
        ရောက်စက အိမ်ရှင်၏သားငယ် ဟောက်ပူပြောသောစကားကို သူ ရုတ်တရက် နားမလည်မိပေ။ အိမ်ရှင်ဦးလေးကြီးက သူ့အတွက် အဖော်လည်းရစေ၊ ဆေးခန်းအတွက်လည်း ကူဖော်လောင်ဖက်ရစေဟူသော သဘောဖြင့် သူ၏သားငယ်ကို ဆေးခန်းတွင် ညအိပ်ညနေ နေထိုင်စေသည်။ ဟောက်ပူက ငါးတန်းအထိ ကျောင်းနေဖူးပြီး သွက်လက်ချက်ချာသော လူငယ်တစ်ဦး ဖြစ်သည်။ ဆေးခန်းပြသူလူနာများနှင့် စကားပြောဆိုဆက်ဆံရာတွင် စကားပြန်တစ်ဦး လိုအပ်သည်ဖြစ်ရာ သူ့အတွက် အဆင်သင့်လှသည် ဆိုရမည်။
       "ဆရာ့နာရီလေ။ သေနေပြီ။ ဆက်မသွားတော့ဘူး"
        ဆေးခန်းအတွင်းရှိ တိုင်ကပ်နာရီကို လက်ညိုးထိုးပြတော့မှ သူ နားလည်တော့သည်။ တိုင်ကပ်နာရီက ဓာတ်ခဲအားကုန်ပြီး ရပ်တန့်နေခြင်းဖြစ်သည်။ နာရီလက်တံအားလုံး မလှုပ်ရှားတော့ဘဲ ရပ်တန့်နေခြင်းကို "နာရီသေသည်"ဟု သုံးနှုန်းလိုက်သဖြင့် သဘောကျပြီး သူ ရုတ်တရက် ပြုံးရယ်မိသည်။
       "ဆရာ အနံ့မကြားဘူးလား"
        "ဘယ်လို"
        "အနံ့မကြားဘူးလား ပြောတာ။ ကျွန်တော်တော့ တကယ်မခံနိုင်တော့ဘူး။ အနံ့ကြားတာနဲ့ ချက်​ချင်း အန်ချင်လာပြီ"
        အဲဒီလိုပြောမှ သူ သဘောပေါက်သည်။ အကောင်ပုပ်နံ့ကို ဆိုလိုခြင်းဖြစ်ကြောင်း သူ နားလည်ရသည်။ ဒီတော့မှ သူလည်း ချင်းကောင်လေးဟောက်ပူကို ပြန်ရှင်းပြရသည်။ "ကြား" ဆိုသည့် စကားလုံးကို "အသံများ"နှင့် တွဲဖက်၍ သုံးစွဲရကြောင်း၊ "အသံကြားသည်"ဟု သုံးနှုန်းမှ မှန်ကန်ကြောင်း ပြောပြရသည်။ သို့ဖြစ်ရာ "အနံ့ကြားသည်"ဟု မသုံးဘဲ "အနံ့ရသည်"ဟုသာ သုံးနှုန်းပြောဆိုရမည်ဖြစ်ကြောင်း ကျကျနန ပြန်ပြောပြရသည်။
         တစ်နေ့။ ကျေးရွာအတွင်း ကျင်းပသော လူငယ်ဘောလုံးပြိုင်ပွဲမှာ ဟောက်ပူတို့အသင်းလည်း ပါသည်။ ဘောလုံးကန်အပြီး ရေတွင်းမှာ ရေချိုးနေသော ဟောက်ပူကို သူ မေးလိုက်သည်။
         "ဟောက်ပူ မင်းတို့ဘောလုံးအသင်း အခြေအနေ ဘယ်လိုလဲ"
         "ဆရာ တကယ်မကြားဘူးလား။ ကျွန်တော်တို့အသင်း ဒီနေ့ညနေက သေသွားပြီ ဆရာ"
         ဟောက်ပူတို့ဘောလုံးအသင်း ဒီညနေပြိုင်ပွဲမှာ တစ်ဖက်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်ကြောင်း သူ သဘောပေါက်နားလည်ကာ ပြုံးမိရလေသည်။
(၃)
       နူးကျိန်၏ နာမည်အရင်းက ဒေါ်မန်ဆွမ်းကျိန် ဖြစ်သည်။ "နူး"ဆိုသည်က ဗမာလို "အမေ"ဟု အဓိပ္ပါယ်​ရပြီး အားလုံးက "အမေကျိန်"ဟူသော အဓိပ္ပါယ်​ဖြင့် တလေးတစား ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။
         နူးကျိန်တို့အိမ်က သူ့ဆေးခန်း၏ အနောက်ဖက် နှစ်အိမ်ကျော်တွင် ရှိသည်။ နူးကျိန်ရော သူ့ခင်ပွန်း ပူမုန်(ပူပေါင်ရှင့်မုန်)တို့မှာ အသက်ခြောက်ဆယ်ကျော် ဇနီးမောင်နှံနှစ်ဦး ဖြစ်သည်။ မှတ်မှတ်ရရ သူ ဆေးခန်းစဖွင့်ပြီး သုံးရက်မြောက်မှာ အဖွားအိုတစ်ဦး မူးလဲသည်ဟုဆိုကာ ဆေးခန်းလာပြကြသည်။
           "ကလုံဗိုင် ဆာမေး"
         အဖွားအို မျက်ရည်စက်လက်နှင့် တတွတ်​တွတ်​ရွတ်နေသော စကား၏ အဓိပ္ပါယ်​ကို ဟောက်ပူအား မေးမြန်းကြည့်ရာ "ခေါင်းတအားမူးတယ်" ဟု သိရလေသည်။ သွေးပေါင်ချိန်ကြည့်လိုက်တော့ အပေါ်သွေး တစ်ရာ့ရှစ်ဆယ်၊ အောက်သွေး တစ်ရာ့သုံးဆယ်။ လေမဖြတ်တာ တော်သေးသည်ဟု ဆိုရမည်။
      "နူးကျိန်ရေ ။ နူးကျိန်မှာ သွေးတိုးရှိနေပြီ"
      လိုအပ်သော သွေးကျဆေးများနှင့် အခြားသောက်ဆေးများကို တွဲစပ်ပေးပြီး ဆေးသောက်ပုံသောက်နည်းကို ဟောက်ပူမှတဆင့် သေသေချာချာ ရှင်းပြရသည်။ သောက်ဆေးကုန်လျှင် ပုံမှန်လာရောက်ပြသဖို့ကိုလည်း မှာကြားရသည်။
          ရက်ချိန်းပြည့်ပြီး မကြာခဏ လာရောက်ပြသသော နူးကျိန်နှင့် မကြာမီ ခင်မင်ရင်းနှီးသွားလေသည်။ နူးကျိန်တွင်သာမက သူ့အမျိုးသား ပူမုန်မှာပါ သွေးတိုးရောဂါ ရှိသည်။ ပူမုန်က ရွာထဲလှည့်ကာ နှိပ်နယ်သည့် အကြောပြင်ဆရာတစ်ဦးဟု နူးကျိန်က ပြောပြသဖြင့် သိရသည်။ "ရောဂါတောင် တစ်ခုထဲ အတူဖြစ်တဲ့ လိုက်ဖက်တဲ့ ဇနီးမောင်နှံ"ဟု သူက စနောက်တော့ နူးကျိန်က သဘောတွေကျပြီး ရယ်သည်။ တွီးပူဆေးရည်အငုံများသဖြင့် အရောင်ရင့်နေသော နူးကျိန်၏ သွားများကို ကျိုးတိုးကျဲတဲ မြင်ရသည်။
        နူးကျိန်က ပိန်ပိန်ပါးပါး ၊ အသားက အညိုလုသည်။ စကားအလွန်ပြောချင်သူဖြစ်ပြီး သဘောကောင်းသည်။ "နူးကျိန်မှာ သားသမီးတွေ မရှိဘူးလား"ဟု သူမေးတော့ သား(၅)ယောက်နှင့် သမီး (၄)ယောက်ရှိကြောင်း၊ အများစုက အိမ်ထောင်ကျပြီး သူတို့မိသားစုတွေနှင့် ရွာထဲတွင် နေထိုင်ကြကြောင်း ၊ အဖိုးကြီး နှိပ်၍ရသည့်ပိုက်ဆံနှင့် မလေးရှားတွင် အလုပ်လုပ်နေသော သားနှစ်ယောက် ပို့ပေးသည့် ပိုက်ဆံတို့ဖြင့် ရပ်တည်နေရကြောင်း ပြောပြသည်။ သားသမီးများအကြောင်း ပြောပြနေခိုက်မှာ နူးကျိန်၏ မျက်ဝန်းအစုံတွင် မျက်ရည်စတချို့ တွဲခိုနေသည်ကို သူ မြင်ရသည်။ နူးကျိန်က အဲ့ဒီလို ထိရှခံစားလွယ်သူလည်း ဖြစ်သည်။
     နူးကျိန်တို့က လင်ကိုယ်မယားကိုယ် နှစ်ဦးထဲ နေထိုင်ကြသည်။ ထမင်း၊ ဟင်းကို နူးကျိန်ကိုယ်တိုင် ချက်ပြုတ်သည်ဟု သိရတော့ သူ အံ့သြမိသည်။ သူ ရွာထဲ လမ်းလျှောက်ထွက်တိုင်း မီးဖိုချောင်ထဲ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေတတ်သော နူးကျိန်ကို အမြဲလိုလို လှမ်းမြင်ရတတ်သည်။ အိုကြီးအိုမအရွယ်မို့ ထမင်းချက်ရင်း ထမင်းရည်ပူလောင်မှာကို တွေးပူမိသည်။ တကယ်ဆို နူးကျိန်က မျက်လုံးကောင်းကောင်း မြင်ရသူမဟုတ်။ နူးကျိန်၏ မျက်လုံးနှစ်ဖက်လုံးတွင် ရေတိမ်စွဲနေပြီး ညာဖက်မျက်လုံးက တော်တော်အခြေအနေဆိုးသည်။ အချိန်မီ ခွဲစိတ်မှုမပြုလုပ်လျှင် မျက်လုံးကန်းသွားနိုင်သည်မို့ ကလေးမြို့တက်ပြီး မျက်လုံးခွဲစိတ်ဖို့ နူးကျိန်ကို မကြာခဏ တိုက်တွန်းမိသည်။ သူ ပြောလိုက်တိုင်း နူးကျိန်က မပြောင်းလဲသော အဖြေတစ်ခုကိုသာ ပေးသည်။ "ပိုက်ဆံမရှိသေးပါဘူး ဆရာပါးရယ်" တဲ့။
     "ကျွန်တော်လည်း ပိုက်ဆံစိုက်မယ်လေ။ နူးကျိန်မျက်လုံးက မခွဲစိတ်ရင် ပိုဆိုးတော့မှာ"
     "ဒါနဲ့များ နူးကျိန်ရယ်။ ခွဲလိုက်ပါတော့လား"
      သူက အဲဒီလို ပြောလိုက်တော့ နူးကျိန် သက်ပြင်းချသည်။
     "မဖြစ်သေးဘူး ဆရာပါး။ မလေးရှားက   သားတွေလည်း ငွေမပို့နိုင်တာကြာပြီ။ ပြီးတော့"
     နူးကျိန်၏စကားက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ ဝမ်းနည်းလွယ်သော နူးကျိန်၏ မျက်ဝန်းအစုံမှာ မျက်ရည်စတချို့ ဝေ့သီလာပြန်သည်။ သူ စကားစမိတာ မှားသွားပြီဟု တွေးမိကာ စိတ်မကောင်းဖြစ်ရသည်။ ထိုအခိုက်မှာ နူးကျိန်က စကားဆက်သည်။
     "အိမ်က ကပူးမျက်လုံးတွေမှာလည်း တိမ်ရှိတယ်။ အနူးကမှ နည်းနည်းမြင်ရသေးတယ်။ ကပူးမျက်လုံးတွေက အနူးမျက်လုံးတွေထက် ပိုဆိုးတယ်"
     "ဟောဗျာ"
(၄)
      အသက်​အရွယ်​ကြီးသူမို့ ထင်သည်။ တခါတရံ သူ့ဆေးခန်းသို့ နူးကျိန်၏ သားဖြစ်စေ၊ သမီးဖြစ်စေ ပါလာချိန်တွင် နူးကျိန်က ကလေးတစ်ယောက်လို ဖြစ်သွားတတ်သည်။ သားသမီးများ၏  ဂရုစိုက်ယုယမှုကို ခံယူလို၍လည်း ဖြစ်မည်ထင်သည်။
       "ဆရာပါး  ကဟာနာ(သွားနာတယ်)"
       "အော် နူးကျိန်ရယ်။ သုံးချောင်းထဲ ကျန်နေတဲ့ သွားတွေက နာသေးသလား"
       အရေအတွက်နည်းပါးလှသော သွားများကို ရည်ရွယ်ပြီး စနောက်ပြောဆိုလိုက်တော့ နူးကျိန်က သွားအကျဲသားနှင့် ရယ်သည်။ ဟုတ်သည်။ နူးကျိန်က အံကပ်ပါမှ အသားစားနိုင်သူ ဖြစ်သည်။ သူမ၏ အံကပ်ကို သားကြီးမန်ပူက ပြီးခဲ့သည့်ခရစ္စမတ်ပွဲတော်အချိန်တွင် ပြုလုပ်ပေးခဲ့ကြောင်း မကြာခဏ ကြွားလေ့ရှိသဖြင့် သူ မှတ်မိနေလေသည်။ တခါတလေလည်း ဆေးခန်းပြရင်း နူးကျိန်က သူမ၏ခံစားချက်များကို ရင်ဖွင့်တတ်သေးသည်။
       "အနူးသားသမီးတွေနဲ့ အရင်တုန်းကလို ပြန်နေချင်တယ်။ ဟိုတုန်းက သားသမီးတွေအများကြီးနဲ့ တကယ်ပျော်ဖို့ကောင်းတယ်။ ပွဲတော်ရက်တွေဆိုလည်း လူတွေအများကြီးပဲ။ အခုတော့ အနူးနဲ့ အဇီပါး(ယောင်္ကျား)ပဲရှိတော့ ပျင်းဖို့သိပ်ကောင်းတယ်။ ကပူးက ရွာထဲအနှိပ်သွားရင် အိမ်မှာ အနူးတစ်ယောက်ပဲ ကျန်တယ်။ တခါတလေ တိတ်ဆိတ်လွန်းလို့ ကြောက်တောင် ကြောက်မိတယ်"
     ဆွေးဆွေးမြေ့မြေ့ ပြောနေသော နူးကျိန်ကိုကြည့်ပြီး စိတ်သက်သာရာရစေလိုသောစိတ်ဖြင့် သူက ပြန်ပြောလိုက်သည်။
      "ဒါနဲ့များ နူးကျိန်ရယ်။ ဘာခက်လို့လဲ။ သားသမီးတွေ ထပ်မွေးလိုက်ပေါ့"
     နူးကျိန်က မျက်လုံးပိတ်အောင် ရယ်သည်။ ပြီးမှ "မွေးချင်တာပေါ့ ဆရာပါးရယ်။ ဖြစ်မှမဖြစ်နိုင်တာ" ဟု ဆိုသည်။
     တခါတလေ နူးကျိန်က သားသမီးများ၏ အရေးတယူဂရုစိုက်မှုကို ခံယူလိုသောစိတ်ဖြင့် ဟန်ဆောင်တတ်သေးသည်။ နောက်ဖေးစိုက်ခင်းထဲ ပေါင်းနုတ်ရင်း ရုတ်တရက်ခါးနာသည်ဟုဆိုကာ သမီးငယ်နှင့်အတူ ဆေးခန်းလာပြသည်။ နူးကျိန်က လူနာစမ်းသပ်ကုတင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေသည်။ တင်ပါးကို အကိုက်အခဲပျောက်ဆေး တစ်ချက်ထိုးပေးသော်လည်း အော်နေမြဲပင်။ သူကတော့ နူးကျိန်အကြောင်း ကောင်းကောင်းသိသူ ဖြစ်သည်။ နူးကျိန်နှင့်အတူ လိုက်ပါနေကျ သမီးငယ်ကတော့ အော်ဟစ်ညည်းညူနေသော နူးကျိန်ကိုကြည့်ကာ စိတ်ပူနေဟန်တူသည်။ သူလည်း နူးကျိန်အနားကပ်ပြီး နှစ်ကိုယ်ကြားလေသံဖြင့်-
     "နူးကျိန်နော်။ အခုထိုးဆေးနဲ့ မသက်သာရင် တင်ပါးမှာ ဒီထက်နာတဲ့ဆေးထိုးမှ ပျောက်မှာ။ သောက်ဆေးစားကြည့်ပြီး မသက်သာမှ ပြန်လာခဲ့"
      အဲ့ဒီလိုပြောလိုက်မှ နူးကျိန်က အငိုတိတ်ပြီး "ခါးနာပျောက်သွားပြီ"ဟု ဆိုသည်။ နူးကျိန်က အဲဒီလိုဖြစ်သည်။
(၅)
     ဆေးခန်းလာပြရင်း နူးကျိန်က သတင်းကောင်းကို ပြောပြသည်။ နိုင်ငံခြားမှ သားနှစ်ဦးက ငွေပို့ပေးသဖြင့် သူတို့ လင်မယားနှစ်ဦး မျက်စိခွဲကြတော့မည်ဟု ပြောသည်။ ဆွေလိုမျိုးလို ခင်မင်နေကြသည်မို့ သူလည်း ဝမ်းသာရသည်။
     မကြာမီ နူးကျိန်တို့ဇနီးမောင်နှံနှစ်ဦး သမီးငယ်လင်မယားနှင့်အတူ ကလေးမြို့သို့ မျက်လုံးခွဲစိတ်ရန် ထွက်ခွာသွားကြောင်း ကြားသိရသည်။ အစစအရာရာ အဆင်ပြေကြပါစေဟု သူ ဆုတောင်းမိသည်။ တစ်ပတ်လောက်ကြာတော့ နူးကျိန်တို့ ပြန်ရောက်လာပြီဟု ကြားရသည်။ ပူမုန်၏ မျက်လုံးများကို ခွဲစိတ်ပြီး နူးကျိန်ကတော့ မခွဲဖြစ်ဟု ကြားသိရသည်။ ဘယ်လိုကြောင့် မခွဲဖြစ်မှန်း သူ မတွေးတတ်ပေ။
     တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်ရက်မှာ နူးကျိန် ဆေးခန်းလာပြသည်။ ဆေးခန်းလိုက်ပို့နေကျ သမီးငယ်က နို့စို့ကလေးငယ်ကို ခါးထစ်ချီပွေ့ရင်း လိုက်ပို့သည်။ နူးကျိန်မျက်နှာ သိပ်မကောင်းလှတာ သူ သတိထားမိသည်။ အရင်တုန်းကလို စကားများစွာမပြောဘဲ နှုတ်ဆိတ်နေသည်ကပင် ထူးခြားနေသည်။
     "သွေးပေါင်ချိန်ကတော့ ပုံမှန်ပါပဲ နူးကျိန်။ သွေးကျဆေးလည်း ကုန်နေပြီဆိုတော့ ကျွန်တော် ဆယ်ရက်စာ ထပ်ပေးလိုက်ပါမယ်။ ဆေးကုန်တဲ့အခါ ပြန်လာပြပါဦး"
      နူးကျိန်က ခေါင်းညိတ်ပြသည်။
      "ဒါနဲ့ နူးကျိန်က ဘာလို့ မခွဲဖြစ်တာလဲဗျ"
     နူးကျိန်က နှုတ်ဆိတ်နေချိန်မှာ သူ့သမီးငယ်က ဝင်ဖြေသည်။
     "အနူးက ခွဲစိတ်ဖို့ စစ်ဆေးနေတုန်း မူးလဲတယ်လေ။ အဲ့ဒါနဲ့ ဆရာဝန်က ခွဲလို့မဖြစ်ဘူး ပြောတယ်"
     သူ့တပည့်ကျော်ဟောက်ပူက နူးကျိန်အတွက် ဆေးဘီရိုထဲမှ ဆေးများကို ရှာဖွေထုတ်ယူနေသည်။ ထိုစဉ် နူးကျိန်သမီးငယ်က "ဆရာပါးရေ။ ဆေးတွေကို အနူးကိုပဲ ပေးလိုက်ပါ။ အိမ်မှာ ထမင်းအိုးကြီး မေ့ပြီး ပစ်ထားခဲ့မိတယ်။ အမြန်ပြေးလိုက်အုံးမယ်။ ပိုက်ဆံကို ကျွန်မ ပြန်လာပေးပါမယ်"ဟု ပြောကာ ဆေးခန်းအတွင်းမှ ခပ်သုတ်သုတ် ထွက်သွားလေသည်။
     ကုတင်​​ပေါ် အိပ်နေဆဲ နူးကျိန်ကို သူ အမှတ်​မထင်​ကြည့်လိုက်မိသည်။ နူးကျိန်၏ မျက်လုံးတွေထဲမှာ တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူ ကောင်းကောင်းသိနေသည်။
     "နူးကျိန် တကယ်မူးလဲတာရော ဟုတ်ရဲ့လား"
     နူးကျိန်က ပြုံးသည်။ အဓိပ္ပါယ်​များစွာ ပါဝင်နေသော အပြုံးဖြစ်သည်။
     "ဆရာပါးကတော့ သိမှာပါ။ ဟိုမှာကလည်း အစစအရာရာ ဝယ်စားရတယ်။ ပြီးတော့ သွေးတွေစစ်ရတာလည်း အများကြီးပဲ။ အဲဒါနဲ့ ခွဲစိတ်ဖို့ကျတော့ တစ်ယောက်စာပဲ လောက်တော့တယ်"
     "အဲဒါနဲ့ မူးလဲလိုက်ရောလား"
     နူးကျိန်က ပြုံးပြန်သည်။
     "ဆရာပါးရယ်။ အဖိုးကြီးမျက်လုံးတွေ ကောင်းကောင်းပြန်မြင်ရရင် ပြီးတာပဲ။ သူက ရွာထဲလှည့်ပြီး နှိပ်ရတာဆိုတော့ မမြင်လို့ မဖြစ်ဘူး။ အနူးမျက်လုံးတွေ ကောင်းကောင်းမြင်ရလို့ ဘာထူးမှာလဲ။ အဖိုးကြီးမျက်လုံးတွေ ပြန်မြင်ရတာဟာ အနူးမျက်လုံးတွေ ပြန်မြင်ရတာနဲ့ အတူတူပဲလေ"
     နူးကျိန်၏စကားကို ကြားလိုက်ရတော့ သူ အံ့သြမင်သက်မိသည်။ ခဏနေတော့ နူးကျိန်၏ သမီးငယ် ပြန်ရောက်လာပြီး ကျသင့်ငွေကိုရှင်းကာ နှစ်ဦးသားပြန်သွားကြသည်။
ရဲရင့်လုံ (ဆေး-မန်း)
FACES မုခ မဂ္ဂဇင်း
ဒီဇင်​ဘာ  ၂၀၁၆