#လူအဖြစ်မှလျှောကျခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော် တမူးမြို့သို့ စတင်ရောက်ရှိခဲ့စဉ်က တမူးသားတွေအပေါ် အသားယူပြီး ပြောခဲ့ဖူးသည်။ ငါတို့မြို့မှာ ဆေးသမားမရှိဘူးဟု။ ထိုသို့ပြောခဲ့ချိန်က ၂၀၀၆ခုနှစ်ဖြစ်ပါသည်။ တကယ်ပင် ကျွန်တော့်ဇာတိ မတ္တရာမြို့မှာ ဆေးသမားမရှိခဲ့ပါ။ ဆေးသမားကို မြင်ပင်မမြင်ဖူးခဲ့ပါ။ ခပ်ပိန်ပိန် ဆံပင်စုတ်ဖွားရှိသောလူများကို "မင်းကလည်း ဘိန်းစားကျနေတာပဲ"ဟု ပြောသံဆိုသံကြားဖူးခဲ့သော်လည်း ဘိန်းစားကို မျက်မြင်ကိုယ်တွေ့မမြင်ဖူးခဲ့ပါ။
အခုတော့ "ငါတို့မြို့မှာ ဆေးသမားမရှိဘူး"ဟု အာမမခံရဲတော့ပေ။ ကျွန်တော့်ဇာတိ မတ္တရာမြို့တွင်လည်း ဆေးသမားများ ရောက်ရှိပေါက်ဖွားကုန်ကြပါပြီ။ မတ္တရာမှ မဟုတ်တော့ပါ၊ တစ်နိုင်ငံလုံးက မြို့တိုင်းလိုလိုတွင် ဆေးသမားများ အမြစ်တွယ်မျိုးပွားနေကြပါပြီ။ ဆေးသမားမရှိသောမြို့သည်ပင် ခေတ်မမီတော့သလိုလို ဆေးသမားဖက်ရှင်လူတန်းစားကြီးတစ်ရပ် ထွန်းကားနေတော့၏။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိသောသတင်းများသည် ရိုးပင်နေပါပြီ။ သတင်းစာတွင် တစ်ရက်မပြတ်ပါရှိ၏။ နယ်စွန်နယ်ဖျားမှသည် ရန်ကုန်လေဆိပ်ကဲ့သို့ နေရာမျိုးအထိ ဒေသစုံလှ၏။ ဖမ်းဆီးရမိသော သတင်းများသည် လျော့ကျသွားသည်မရှိ။ တိုးတိုးပြီးတွေ့နေရ၏။ မူးယစ်ဆေးဝါးများသည် ဘိုးဘိုးအောင်၏ ဝလုံးများကဲ့သို့ မရေတွက်နိုင်အောင် တိုးပွားလျက်ရှိ၏။ ခုတ်၍မပြတ် သတ်၍မသေသည်မှာ မူးယစ်ဆေးဝါးများဖြစ်နေပါသည်။
တွေးကြည့်လျှင် ကြောက်စရာကောင်းလှပါသည်။ ဝမ်းနည်းစရာလည်း ကောင်း၏။ မူးယစ်သားကောင်များသည် သွေးစုပ်ဖုတ်ကောင်ဇာတ်ကားများထဲက ဇွန်ဘီတွေလို ရုန်းကြွနေကြသည်။ ကိုယ့်အနီးအနားက လူတစ်ယောက်သည် ကိုယ်သတိမထားမိလိုက်ခင် မူးယစ်သားကောင်တစ်ယောက် ဖြစ်သွားနိုင်ပါသည်။ နောက်ထပ်တွေးထားသင့်သည်မှာ ကိုယ်ကိုယ်တိုင်လည်း မူးယစ်သားကောင်တစ်ယောက် ဖြစ်သွားနိုင်ခြင်းပင်။
ပတ်ဝန်းကျင်တွင် သွေးညှီနံ့များရနေ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မူးယစ်ဆေးဝါး သုံးစွဲမှုသည် လူငယ်တွေ ဘီယာဝိုင်းဖွဲ့သောက်သကဲ့သို့၊ ထန်းရေဝိုင်းဖွဲ့သောက်သကဲ့သို့ ယဉ်ပါးလာနေ၏။ တစ်ယောက်နှင့်တစ်ယောက် ဆုံမိကြလျှင် မူးယစ်ဆေးဝါးကို ဘယ်လိုသုံးစွဲဖူးကြောင်း ခပ်ပေါ့ပေါ့ပင်ပြောဆိုနေကြပါသည်။ မူးယစ်ယဉ်ပါးမှုသည် အထွတ်အထိပ်ရောက်နေ၏။
ယဉ်ပါးနေသည်မှာ ပေါများလွန်း၍ဖြစ်ပါသည်။ ယခင်က ရွှေမှော်၊ ကျောက်မှော်၊ ရေနံမှော် စသည့် တရားဥပဒေစိုးမိုးမှုအားနည်းသည့် နေရာများတွင်သာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ မောင်မင်းကြီးသားမူးယစ်ဆေးဝါးများသည် မြို့တိုင်း နယ်တိုင်း အခန့်သားရောက်နေကြပါပြီ။ တွေးကြည့်လျှင် မြို့တိုင်း နယ်တိုင်း တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်သဘောပင်။
မူးယစ်ဆေးဝါးများသည် တန်ခိုးရှိပုံလည်းရပါသည်။ မြေလျှိး၍ မိုးပျံနိုင်သည်သာမက ကိုယ်ပျောက်အတတ်လည်း တတ်ပုံရပါသည်။ မူးယစ်ဆေးဝါး ရောင်းချနေသောအိမ်ကို သာမန်အရပ်သူအရပ်သားများက သိမြင်နေသော်လည်း ဖမ်းဆီးရန်တာဝန်ရှိသူများမှာ မမြင်မတွေ့နိုင်ကြပါ။ မူးယစ်ဆေးဝါးများသည် ဤမျှ ဘုန်းတန်ခိုးကြီးပါပေ၏။
မတော်တဆ ဖမ်းဆီးခံရသည့် မူးယစ်ကုန်သည်အချို့သည်လည်း ထောင်ထဲတွင် ဘဝဆုံးသွားသည်ဟု မကြားမိပေ။ ထောင်သက်မစေ့ခင် ပြန်လွတ်လာသည်သာ များပါသည်။ မူးယစ်မှုကြောင့် ထောင်ကျပြီး ပြန်လွတ်လာလျှင်လည်း ထောင်ထွက်တစ်ယောက်ဟု သိမ်ငယ်နေမည်ဟုများ မထင်လိုက်ပါနှင့်။ သူတို့ကိုယ်သူတို့ လူရည်လည်ထက်မြက်သူများဟု ရင်ကော့နေကြပါသည်။
အဓိကအကြောင်းရင်းမှာ "မကြောက်"ခြင်းပင် ဖြစ်ပါသည်။ ဥပဒေကို မကြောက်ခြင်းနှင့် ငရဲကို မကြောက်ခြင်းဖြစ်ပါသည်။ နောင်သံသရာတွင် ခံစားရမည့်ငရဲကို မကြောက်သည်မှာ နားလည်ပေးနိုင်ပါသေးသည်။ ဥပဒေကို မကြောက်ခြင်းကတော့ ဥပဒေက ကြောက်အောင် ဖြဲခြောက်မထား၍ ဖြစ်ပါသည်။ တာဝန်ရှိသူအချို့အချို့တို့သည် မူးယစ်ကုန်သည်များကို ဥပဒေနှင့်ဖြဲခြောက်ရမည့်အစား ဥပဒေကို မလေးစားအောင် ကိုင်တွယ်ပုံလျော့ရဲလှပါသည်။
မီးခြစ်ဆံဘူးပမာဏလောက် ဖမ်းမိလျှင် လူကို မိသော်လည်း ကွန်တိန်နာအစီးလိုက်မိလျှင်တော့ ပိုင်ရှင်ကို နတ်ဝှက်သွားကြပါသည်။ ကျွန်တော့်မိတ်ဆွေတစ်ဦး ပြောသကဲ့သို့ ပြောရလျှင် ဆင်" ချောင်"၍ ကြွက်"ကျပ်"နေပါသည်။ ဆင်ကြီးတစ်ကောင် တိုးဝင်သွားလျှင် ချောင်ချောင်ချိချိရှိသော်လည်း ကြွက်ကလေးတစ်ကောင် တိုးဝင်သွားလျှင်တော့ ကျဉ်းကျပ်၍နေပါတော့သည်။ ဆင်" ချောင်"၍ ကြွက်"ကျပ် "နေသမျှ မူးယစ်ဆေးဝါးများသည် အမြစ်ပြတ်လိမ့်မည် မဟုတ်ပါ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မူးယစ်ဆေးဝါးဧရိယာအတွင်း နေထိုင်ကြရသူများသည် သတိဝီရိယနှင့် နေကြရပါသည်။ သူများအမှုသည် ကိုယ့်ကို ပတ်သွားနိုင်ပါသည်။ သတိနှင့်မနေထိုင်ပါက ထောင်နန်းစံသွားရပါလိမ့်မည်။
ကိုယ်နှင့်မဆိုင်ဘဲ၊ ကိုယ် မကျူးလွန်ပါဘဲ ထောင်နန်းစံသွားရသူများ ကြုံတွေ့နေရပါသည်။ ဆိုင်ကယ်လူကြုံ တင်မိ၍ အမှုတွဲခံရသူများ၊ မူးယစ်ဆေးဝါးများ ထည့်ထားသည့်ဆိုင်ကယ်ကို ကိုယ့်အား မလိမ့်တပတ်စီးခိုင်းသဖြင့် အချောင်ခံကြရသူများ ဖြစ်ကြပါသည်။ အန္တရာယ်သည် လက်တစ်ကမ်းမှာပင် ရှိနေပါ၏။
မူးယစ်ဆေးဝါး သုံးစွဲပြီး စိတ်ကြွရူးသွပ်နေသူများ၏ အန္တရာယ်ပြုမှုကိုလည်း ရင်ဆိုင်နေကြရပါသည်။ ခိုးဖို့ လုဖို ဝန်မလေးသည်သာမက သတ်ဖို့ ဖြတ်ဖို့အထိပါ လက်မနှေးဖြစ်နေကြပါသည်။ လူ့အဖွဲ့အစည်းသည် မူးယစ်ဆေးဝါး၏ ခြိမ်းခြောက်ခြင်းကို ခံနေကြရပါသည်။ တစ်မျိုးသားလုံး၏အနာဂတ်သည် စုံးစုံးမြုပ်တော့မည်။ မူးယစ်အန္တရာယ်ကို အချိန်မီတိုက်ဖျက်သင့်သည်ကို မတိုက်ဖျက်ဘဲ ရူးတူးပေါတောလုပ်နေပါက မကြာမီ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပါလိမ့်မည်။
မူးယစ်ရန်သူသည် အဖြူ အမည်း သဲကွဲလှသည်မဟုတ်ပါ။ လူ လူချင်း စစ်တိုက်ကြသကဲ့သို့ သူသည် ငါ့ရန်သူဖြစ်သည်ဟူ၍ လက်ညှိုးထိုးညွှန်ပြမရနိုင်ပါ။ ကိုယ်ကိုယ်တိုင်ပင် ကိုယ့်ရန်သူဖြစ်သွားနိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် လောဘနောက် လိုက်သွားနိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် စွဲလမ်းမှုနောက် လိုက်သွားနိုင်ပါသည်။ ကိုယ်တိုင် ရောင်းချသူ သို့မဟုတ် သုံးစွဲသူ ဖြစ်သွားနိုင်ကြောင်း တွေးထားနိုင်မှသာ မူးယစ်အန္တရာယ်ကို တကယ်သိမြင်ပါလိမ့်မည်။
တာဝန်ရှိသူများနှင့် တာဝန်မရှိသည့် ပြည်သူများပါ မူးယစ်အန္တရာယ်ကို ကာကွယ်သည်မှာ အများအတွက်သာမက ကိုယ့်အတွက်ပါ ကာကွယ်ရာရောက်ကြောင်း သိထားသင့်ပါ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော်သည် မူးယစ်နွံထဲ ကျွံနေသူများကို နေ့စဉ်မြင်တွေ့နေရပါသည်။ ကျွန်တော်မှ မဟုတ်ပါ၊ ကျွန်တော် နေထိုင်သည့် တမူးမြို့သူမြို့သားအပေါင်းလည်း မြင်တွေ့နေရပါသည်။ လမ်းပေါ်တွင် လေလွင့်လျှောက်သွားနေသော မူးယစ်ဆေးစွဲသူများသည် တမူးမြို့၏ မြင်ကွင်းတစိတ်တပိုင်းပင် ဖြစ်နေပါတော့သည်။ ထာဝရမပျောက်ပျက်တော့မည့်မြင်ကွင်းများ ဖြစ်နေမည်လား မပြောတတ်တော့ပါ။ နှစ်အပိုင်းအခြားအလိုက် မူးယစ်ဆေးစွဲသူများသာ လူပြောင်းသွားသော်လည်း မြင်ကွင်းကတော့ တည်တံ့လျက်ပင်။
တမူးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်ပါ၏။ နယ်စပ်မြို့ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးကို ထိန်ချုပ်ရန်မှာ ခက်ခဲလှပါသည်။ တဘက်နိုင်ငံ မိုးရေး(Moreh)မြို့တွင် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းချလျက်ရှိပါသည်။ အိန္ဒိယအစိုးရကလည်း မသိကျိုးကျွံပြုထား၏။ သုံးစွဲသူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများကလည်း ဧရာမအခွင့်အရေးကြီးတစ်ခုအလား လွတ်လွတ်လပ်လပ်ပွဲတော်တည်နေလိုက်ကြ၏။
အသည်းနုသော ကျွန်တော်တို့မြန်မာနိုင်ငံသားများသည် အမေဆူလျှင်လည်း မိုးရေးပြေးသည်။ ချစ်သူက စိတ်ကောက်လျှင်လည်း မိုးရေးပြေးသည်။ မိန်းမနှင့်ရန်ဖြစ်လျှင်လည်း မိုးရေးပြေးသည်။ ပျော်ရွှင်လျှင်လည်း မိုးရေးပြေးသည်။ ဝမ်းနည်းလျှင်လည်း မိုးရေးပြေးသည်။ မိုးရေးရာသီဥတုသည် ကျွန်တော်တို့မြန်မာနိုင်ငံသားများနှင့် အခါရာသီမရွေး လိုက်ဖက်လှပါသည်။
စိတ်ထွက်ပေါက်တစ်ခုအတွက် ပြေးရင်း၊ စမ်းသပ်လိုမှုတစ်ခုအတွက် ပြေးရင်း မရပ်မနားပြေးနေရပါတော့သည်။ တမူးမြို့၏ အာရှလမ်းပေါ်တွင် နေပူမရှောင်၊ မိုးရွာမငြင်း ယင်းထနေသော ဆေးသမားများသည် ပြေးလွှားနေကြသည်။ အချို့က ဦးထုပ်ကို ငိုက်နေအောင်ဆောင်းလျက်၊ အချို့က တေးသီချင်းများ ညည်းဆိုလျက်၊ အချို့က အော်ရယ်လျက်၊ အချို့က ဘူးခွံပုလင်းခွံအိတ်ကြီးကို ထမ်းလျက်၊ အချို့က စက္ကူချပ်ဖာများကို မနိုင်မနင်းသယ်ပိုးလျက် မူးယစ်ဆေးဝါး၏ ကြိုးဆွဲရာနောက် ဒရွတ်ဆွဲလိုက်နေကြပါသည်။
နန်းဖာလုံနယ်စပ်ဈေးထဲတွင်လည်း မူးယစ်ဆေးစွဲသူများ ကျက်စားလျက်ရှိ၏။ အစက လူကောင်းသူကောင်း ဖြစ်ခဲ့သူများသည် မူးယစ်ဆေးစွဲပြီးနောက် ပြောင်းလဲကုန်ကြ၏။ အနေအထိုင် သန့်ပြန့်ဝင်းမွတ်ခဲ့သူများလည်း ညစ်ပေမှောင်မိုက်ကုန်ကြသည်။ အိမ်သာဘေးတွင် စွန့်ပစ်ထားသောသစ်သီးပုပ်ကို မရွံမရှာစားသုံးနေပါသည်။ တဘက်နိုင်ငံက ဈေးဝယ်လာသူကသည်းတွေဆီကနေ မရှက်မကြောက်တောင်းရမ်းနေပါသည်။ လူကောင်းသူကောင်းဘဝကနေ သူခိုးဂျပိုးဘဝ၊ သူတောင်းစားဘဝသို့ ပြောင်းလဲသွားကြရပါ၏။
အချို့သည် ကျွန်တော်တို့်နှင့် ပြောဆိုဆက်ဆံပေါင်းသင်းခဲ့ကြဖူးသူများ ဖြစ်၏။ ဘယ်အချိန်ကစပြီး မူးယစ်ဆေး စွဲသွားသလဲဆိုသည်ကိုတော့ မသိလိုက်တော့ပါ။ မူးယစ်ဆေးစွဲသွားပြီးနောက် အခြားသောလူတယောက် ဖြစ်သွားပါတော့သည်။ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့၍မရနိုင်တော့ပါ။ လူ့အဖွဲ့အစည်း၏ အပြင်ဘက်သို့ ပဲ့ထွက်ကုန်ကြသည်။ သူတို့၏အာရုံသည် မူးယစ်ဆေးသုံးစွဲဖို့လောက်သာ သိတော့၏။ အရှက်အကြောက် မာန်မာနများ အငွေ့ပျံပျောက်ကွယ်သွားပါတော့သည်။
မူးယစ်ဆေးစွဲခြင်းသည် စာရိတ္တပျက်စီးခြင်း မဟုတ်ပါ။ သို့သော်လည်း စာရိတ္တပျက်စီးဖို့ လမ်းစဖြစ်ပါသည်။ အချို့လည်း တကယ်ပျက်စီးကုန်ပါပြီ။ လူ့အသိုင်းအဝိုင်းကလည်း မယုံကြည်ချင်ကြတော့ပါ။ ကိုယ့်အိမ်နား၊ ကိုယ့်ဆိုင်နား ဆေးသမားတယောက်ကပ်လာလျှင် အလစ်သုတ်မလား၊ လုယက်မလား စိုးရိမ်စိတ်နှင့် စောင့်ကြည့်ကုန်ပါတော့သည်။ ဆေးကျွံနေသူတယောက်ကို ဘယ်သူကမှ အလုပ်မခန့်တော့ပါ။
မူးယစ်ဆေးစွဲသော်လည်း မိမိစာရိတ္တကို အခိုင်အမာထိန်းသိမ်းထားသူများလည်း ရှိပါ၏။ သူတပါးပစ္စည်းကို မခိုးမဝှက်ဘဲ ချပ်ဖာကောက်၍ ဘူးခွံပုလင်းခွံကောက်၍ အညစ်အကြေးများကို သန့်ရှင်းရေးလုပ်၍ ရပ်တည်နေကြသူများလည်း ရှိပါသည်။ သို့သော်လည်း ဘယ်သူကမှ တွဲသွားတွဲလာဖက်လှဲတကင်းမလုပ်ကြတော့ပါ။
ကျွန်တော် ရင်အနာရဆုံး၊ စိတ်အထိခိုက်ရဆုံးမြင်ကွင်းမှာ ကျောင်းဆင်းချိန်တွင် မိမိ၏သားနှင့်သမီးကို ဖခင်ဆေးသမားတယောက်က ကျောင်းပေါက်ဝ၌ လာရောက်ကြိုဆိုနေသောမြင်ကွင်းဖြစ်ပါသည်။ မအပ်စပ်လှသော၊ ယှဉ်တွဲ၍မမြင်သင့်သော မြင်ကွင်းဖြစ်ပါသည်။
ထိုသူကိုယ်တိုင်လည်း သားနှင့်သမီးအတွက် စိတ်ကောင်းလိမ့် မည်မဟုတ်ပါ။ မူးယစ်ဆေးဝါး၏ ပြုစားခံရပြီးနောက် မိမိကိုယ်ကိုယ် မတော်လှန်နိုင်သောဘဝသို့ ရောက်ခဲ့ရခြင်းဖြစ်ပါလိမ့်မည်။ အိမ်တအိမ်တွင် မူးယစ်ဆေးစွဲသူတယောက် ဝင်ရောက်လာပါက မိသားစုဘဝ ပျော်ရွှင်ကြည်နူးမှုအလုံးစုံသည် ပျက်သုဉ်းသွားရပါတော့သည်။
မူးယစ်ဆေးဝါး စွဲသွားလျှင် လူညွန့်တုံးပြီဟု တထစ်ချမပြောလိုသော်လည်း လူသားဖြစ်မှုစံတန်ဖိုးများ လျော့ကျသွားသည်ကတော့ သေချာလှပါသည်။
ရင်ရိုး
စောင့်ကြည့် ဂျာနယ်၊
အတွဲ ၁၃၊ အမှတ် ၂၅၊
15-9-2018
စနေ၊
No comments:
Post a Comment