Monday, February 1, 2016

ကိုယ်တွေက တောကျကျမြို့လေးက တောမြို့သားတွေ

 
ကိုယ်တွေက တောကျကျမြို့လေးက တောမြို့သားတွေ
***********************************
အချိန်အခါမဟုတ်ဘဲ ရွာတဲ့မိုးက ရွာတယ်
ခေတ်နဲ့လူက ဘတစ်ပြန်ကျားတစ်ပြန် ရေကုန်ရေခမ်း
လျှပ်စီးနဲ့မိုးကြိုးသံတွေ နွေလယ်ခေါင် ရုတ်တရက်ဖြတ်ပြေးသလို
အလန့်တကြား ငေးနေမိတာ အမော
ကြော်ညာအသစ် ပစ္စည်းအသစ် ဝတ်စားဆင်ယဉ်မှုအသစ်
ဘယ်ဟာက ဘယ်ဟာကို လက်ခမောင်းခတ်လို့
ဘယ်ကိစ္စဖြစ်ဖြစ် နောက်မှသရေကျရတာကိုက အရသာတစ်မျိုး
ကမ္ဘာက ရွာကြီးတစ်ရွာတဲ့လားကွယ်
နွားခြေရာခွက်လေးထဲ အနှံ့မရောက်ဖူးသေးသလို
မစို့မပို့မိုးလေးနဲ့ အသံဝင်ရကျိုးနပ်နေရသူတွေပါ
တောင်ပြေးရမလို မြောက်ပြေးရမလို ဝါးတားတားတွေပါ
ခေတ်ကိုငေးတော့ လူတွေက ကျော်တက်သွားတယ်
လူတွေနောက်လိုက်မိပြန်တော့ ခေတ်နဲ့ဝေးကျန်ခဲ့ပြန်ရော
လူနေမှုစနစ်တွေ ဂိမ်းတွေ ဂလိုဘယ်လ်လိုက်ဇေးရှင်းတွေ
တို့အတွက် ရာသီပေါ်စိန်ခေါ်မှုတွေက သူများတွေရဲ့စွန့်ပစ်ခံ
ခေတ်ရှေ့ကလူနဲ့လူရှေ့ကခေတ်
အားလုံးရဲ့အကြည့်မှာ ကိုယ်တွေက ကျောက်ခေတ်လူသား
သူများပန်ပြီးသားအနွမ်းကိုမှ မွှေးမဝသူတွေပါ
အချိန်တန်တော့လည်း
ကိုသားကြီးရဲ့ 'ပန်းသတင်း'ဘူတာလေးထဲ
ကျဆိမ့်တစ်ခွက် ဆေးလိပ်တစ်ပွဲ
သူပြတဲ့ဇာတ်လမ်း ငြိမ့်ငြိမ့်လေး စီးလိုက်တော့တာပဲ။ ။


လင်းအိမ်ငယ်
၃၀၊၄၊၂၀၁၅

No comments:

Post a Comment