မီး(၂)
llllllll
llllllll
အဖွင့်အပိတ်လုပ်လို့မရတဲ့ရှုခင်းက
ပြတင်းပေါက်ပေါင်ပေါ်မှာနားနေတယ်
မသေချာတာကိုသေချာကြောင်းမပြောချင်သလို
ခုတင်ပေါ်မှာ အဖိုအမဓာတ်ကွဲလွဲနေတယ်
လက်ထပ်စာချုပ်ဟာ တချွင်ချွင်မြည်နေတဲ့လက်ထိပ်
အခုသော့ပျောက်လို့...
ဓာတ်ပုံထဲမှာမျက်နှာတွေပြုံးနေတယ်၊ပျော်ခဲ့တယ်
ပါးချင်းအပ်ခဲ့ပေမယ်လို့မျက်လုံးတွေကဝေးနေတယ်
တစ်ခါဆက်ဆံပြီးတစ်ခါလန်ထွက်သွားတဲ့အိမ်ခေါင်မိုးကလေးလို
ကြယ်ရောင်လရောင်ဟာဘောင်ဘင်ခတ်နေတယ်
ခဏ ခဏဆိုမိတဲ့အချစ်သီချင်းကလည်း
စာသားတွေ တဖြည်းဖြည်းနာကျင်လာတယ်
ဘယ်လိုပြောရမလဲဆိုတော့
အရှေ့နဲ့အနောက်၊တောင်နဲ့မြောက်ပေါ့
ဘယ်လိုလွမ်းရမလဲဆိုတော့
တစ်အိမ်တည်းနေ၊တစ်ရေတည်းသောက်ပေါ့
အဲဒီလိုနဲ့အခန်းတံခါးခေါက်သံဟာညဥ့်နက်လာတယ်
အဲဒီလိုပဲဘုရားစင်ပေါ်ကဘုရားပန်းအိုးဟာခြောက်ကပ်လာတယ်
အဲဒီလိုမျိုးအခန်းမီးခလုတ်ဟာဖွင့်မရ၊ပိတ်မရ
စိတ်တူကိုယ်တူဆိုတာအခြားတစ်နေရာမှလာပုံရပါတယ်
ကျွန်တော်မွှေးပြီးသူရှို့ခဲ့တဲ့မီးဟာ
သူမွှေးပြီးကျွန်တော်ရှို့ခဲ့တဲ့မီးလိုပဲ
ခေါင်းအုံးကလေးနှစ်လုံးကိုနာကျင်ကြေကွဲစေပါတယ်
ချစ်ခြင်းမေတ္တာဟာ
စောင်တစ်ထည်တည်းနဲ့ပြီးပြည့်စုံခဲ့တဲ့ဆောင်းရာသီလို
ပြန်ရောက်မလာတော့သလို...
အဖွင့်အပိတ်လုပ်လို့မရတဲ့ရှုခင်းဟာ
ပြတင်းပေါက်ပေါင်ပေါ်မှာ...။
အောင်ကိုကိုလတ်(တမူး)
IDEA မဂ္ဂဇင်း March 2016မှ

No comments:
Post a Comment