လမ်းကိုလွှဲလိုက်တော့
lllllllllllllllllllllllllllllllllll
lllllllllllllllllllllllllllllllllll
မီးကွင်းထဲကျွမ်းထိုးတဲ့သူကထိုး
ကြိုးတန်းပေါ်လမ်းလျှောက်တဲ့သူကလျှောက်
အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားကြတဲ့ခေတ်ထဲ
သံသယကိုသံသရာထဲရိုက်သွင်းတော့
ဒီမိုကရေစီဟာ လူကြိုက်များတဲ့မျှော်လင့်ချက်ဖြစ်လာတယ်
စားစရာဆန်မရှိ
နေစရာအိမ်မရှိ
ထွန်စရာလယ်မရှိမှတော့
ဆေးရုံမှာခုတင်မဆန့်တာလည်းပေါ့ပေါ့ပါးပါးပေါ့
လွတ်လပ်မှုကို
လက်လွတ်စပယ်ချိတ်ပိတ်ထားတဲ့ဇာတ်တော်ထဲမှာ
အရေပြားကိုအယားပြေကုတ်ကြည့်ပါ
ခန္ဓာကိုယ်ကိုကိုယ်ခန္ဓာလို့နှလုံးသွင်းကြည့်ပါ
ဘောင်းဘီကနေပုဆိုးပြောင်းဝတ်ကြည့်ပါ
အကြွေစေ့မရှိဘဲခေါင်းပန်းလှန်လို့မရသလို
အာဏာမရှိဘဲအာဏာကိုပြောင်းပြန်လှန်လို့လို့ရပါ့မလား
နီရိုးဘုရင်လိုတယောထိုးပြီးပျော်ကြမှတော့
ရောမရောက်ရင်ရောမလိုဆန္ဒပြကြတာပေါ့
လမ်းကိုလွှဲလိုက်တော့ လမ်းလွဲခဲ့ကြတယ်
ပြည်သူပြည်သားသန်းခြောက်ဆယ်...။
အောင်ကိုကိုလတ်(တမူး)
22.1.2014
လရောင်လမ်းချိုး စာပေ၊အနုပညာမဂ္ဂဇင်း Feb 2016
Photo-ကိုရိုးခက်
=============================
မဂ္ဂဇင်းမှာတစ်ကြောင်းကျကျန်ခဲ့တယ်ဗျာ
`အကြွေစေ့မရှိဘဲခေါင်းပန်းလှန်လို့မရသလို
အာဏာမရှိဘဲအာဏာကိုပြောင်းပြန်လှန်လို့ရပါ့မလား´လို့ဖြစ်ရမှာ
`အကြွေစေ့မရှိဘဲအာဏာကိုပြောင်းပြန်လှန်လို့ရပါ့မလား´ဖြစ်နေတယ်ဗျာ...

No comments:
Post a Comment