Sunday, April 9, 2017

လယ်ကွင်းများ

Zawgyi version

လယ်ကွင်းများ
။။။။။။။။။။။။။။။။။။။။။
ရင်ရိုး

သူ့ကျောပြင်ပြောင်ပြောင်ကြီးပေါ်
ငိုက်မြည်းနေတဲ့ စပါးနှံလေးလေးတွေကို ငေးလို့
သူ ပီတိဖြစ်နေ။

တူးဆွကြ၊ ထိုးလှန်ကြ
သူ့အသားဖတ်တွေ တလှပ်လှပ်ကွာကျ
သူ့ချွေးစေးများ တစက်စက်
ပြီးတော့လည်း
နူးနပ်သွားတဲ့ သူ့အသားနုနုလေးတွေပေါ်
ကောက်ပင်လေးတွေ စိုက်ဖို့
သူ ရင်ကော့ပေးလိုက်တာပဲ။

သူဟာ တွံတေးသိန်းတန်ကို ချစ်တယ်
သူဟာ ဟင်္သာတထွန်းရင်ကို နှစ်သက်တယ်
သူဟာ ပျိုးနှုတ်သမားလေးနဲ့ ကောက်စိုက်မလေးကိုလည်း
အောင်သွယ်ပေးတတ်တယ်။

သူဟာ လယ်သမားကြီးကို သပိတ်ပိုက်စေတယ်
သူဟာ လယ်သူမကြီးကို သင်္ကန်းပရိက္ခရာ ရွက်စေတယ်
သူဟာ လယ်စာရင်းငှားရဲ့သားကို ကျောင်းထားပေးတယ်
သူဟာ ကောက်ရိတ်သမရဲ့သမီးကို ပညာသင်ပေးတယ်။

တိုင်းပြည်ရဲ့ အစေခံအဖြစ်
တိုင်းပြည်ရဲ့ နင်းပြားအဖြစ်
တိုင်းပြည်ရဲ့ အသက်ထုပ်ကြီးအဖြစ်
ရိုရိုကျိုးကျိုးထမ်းဆောင်နေတဲ့ ကမ္ဘာမြေရဲ့သားတော်။

အခု သူ့ရင်ဘတ်တစ်ခြမ်း ခုတ်ဖြတ်ခံရ
“မင်းဟာ လယ်ကွင်းမဟုတ်တော့ဘူး”ဆိုတဲ့ စကားကို
သူ သိပ်နာကျင်ရတယ်
သူ သိပ်ဝမ်းနည်းရတယ်
ဒါနဲ့ သူ အော်ဟစ်ပစ်လိုက်တယ်
“ပြည်သူတွေအတွက်မှ အသုံးမ၀င်တော့ဘူးဆိုရင်
ဒီမြေဟာ
မသမာသူတွေအတွက် သင်္ချိုင်းမြေ ဖြစ်ပါစေသား”။    ။

(၂၀၁၄)။

( မတ်လ (၂)ရက်နေ့သို့)။

Unicode version

( မတ်လ (၂)ရက်နေ့သို့)

No comments:

Post a Comment